သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ အိန္ဒိယ လေယာဉ်တွေ မြန်မာ့ လေပိုင်နက်ထဲ မလေးရှားလေယာဉ် ရှာဖွေ


This screengrab from flightradar24.com shows the last reported position of Malaysian Airlines flight MH370 မလေးရှားလေကြောင်းလိုင်း ပျံသန်းရာလမ်းကြောင်းနဲ့ ရေဒါက ပျောက်သွားတဲ့ နောက်ဆုံးနေရာ။
This screengrab from flightradar24.com shows the last reported position of Malaysian Airlines flight MH370 မလေးရှားလေကြောင်းလိုင်း ပျံသန်းရာလမ်းကြောင်းနဲ့ ရေဒါက ပျောက်သွားတဲ့ နောက်ဆုံးနေရာ။
မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းစဉ် လမ်းခုလတ်မှာ ပျောက်ဆုံးသွားတဲ့ မလေးရှားခရီးသည်တင် လေယာဉ် ကို မြန်မာနိုင်ငံ လေပိုင်နက်ထဲထိပါ ဝင်ရောက်ရှာဖွေမှုတွေ နိုင်ငံတကာက စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ပျောက်ဆုံးနေတာ သီတင်း ၁ ပတ် ကျော်သွားပြီဖြစ်တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာထဲအထိ တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနဲ့ အမေရိကန် လေယာဉ်တွေကနေ မြန်မာလေပိုင်နက်ထဲ ဝင်ရောက်ရှာဖွေမှုတွေကို စနေနေ့က စတင်ခဲ့တာဖြစ်တယ်လို့ မြန်မာလေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ပြောဆိုပါ တယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ Boeing 777 လေယာဉ်ဟာ ကွာလာလမ်ပူ လေဆိပ်ကနေ ထွက်ခွာပြီး ၁ နာရီအကြာမှာ - မတ်လ ၈ ရက် စနေနေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် သီတင်း ၁ ပတ်ကျော်ရှိသွားပြီ ဖြစ်တဲ့ ဒီလေယာဉ်ကို နိုင်ငံပေါင်း ၂၅ နိုင်ငံက ဝိုင်းဝန်းရှာဖွေပေးနေတာမှာ မြန်မာနိုင်ငံကလည်း ပူးပေါင်း ဆောင်ရွက် တဲ့အနေနဲ့ မြန်မာလေပိုင်နက်၊ ရေပိုင်နက်တွေထဲမှာ ဝင်ရောက်ရှာဖွေခွင့် ပြုခဲ့ပါတယ်။ စနေနေ့ကတော့ ဘင်္ဂလား ပင်လယ်အော်မှာရှိတဲ့ မြန်မာလေပိုင်နက်ထဲကို အိန္ဒိယလေယာဉ်က စတင် ရှာဖွေမှုတွေ လုပ်ခဲ့ပြီး၊ ဒီကနေ့မှာတော့ အမေရိကန်လေယာဉ်က ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါတယ်။

“အိန္ဒိယ Air force က မနေ့တုန်းက မြန်မာလေပိုင်နက်ထဲမှာပေါ့နော်၊ ဘင်္ဂလားပင်လယ်အော်မှာ မနက် ၉ နာရီ၊ ၂၅ လောက်ကနေ ညနေ ၄ နာရီလောက်အထိ ရှာတယ်။ ဒီနေ့လည်း အမေရိကန်၊ ကွာလာလမ်ပူဆူပိုင်း ကနေတက်ပြီးတော့ P-8 ပေါ့နော်- အဲဒီလေယာဉ်ပျံကလည်း မြန်မာ့ လေပိုင်နက် ဘင်္ဂလားပင်လယ်အော်တဝိုက်မှာပေါ့နော်၊ ဝင်ရောက်ရှာဖွေတာရှိပါတယ်။ မနေ့ကမှစတာဗျ၊ ကျနော်တို့က ၇ ရက်ဆိုတော့ ၁၈ ရက်နေ့အထိ ခွင့်ပြုထားတယ်။ သူတို့တောင်းခံလာရင်လည်း ကျနော်တို့က ဆက်ပေးမှာပါဗျ။”

ရှာဖွေနေတဲ့ နယ်မြေဧရိယာနဲ့ပတ်သက်လို့လည်း -

“ဘင်္ဂလားပင်လယ်အော် ရေပြင်ထဲမှာပဲ လေးနေရာပေးထားတယ်။ ကိုကိုးကျွန်းပတ်ဝန်းကျင်နဲ့၊ အိန္ဒိယဆိုလည်း နီကိုဘာကျွန်းပေါ့၊ ကျနော်တို့ဆိုလည်း ကိုကိုးကျွန်းပေါ့။ အဲဒီပတ်ဝန်းကျင်တဝိုက်ပဲ သူတို့ရှာပါတယ်။ မုတ္တမပင်လယ်ကွေ့နဲ့ ဘင်္ဂလားပင်လယ်အော်ဆိုတာ ဆက်စပ်နေတာကိုး၊ မုတ္တမကွေ့ ဆိုတာက ကိုကိုးကျွန်းဒိဘက်အောက်ပိုင်း မော်လမြိုင်ဘက်ကိုပေါ့နော်၊ သူတို့ကို Coordinate ပေးထားတာတော့ အဲဒီဘက်အထိပေးထားတယ်။ သူတို့ရှာတာတော့ အဲဒိအထိ မရောက်သေးပါဘူး။ ကျနော်တို့ ခွင့်ပြုထားတဲ့ ဧရိယာလေးပွိုင့်ရှိတယ်။ အဲဒီအတွင်းမှာ ခွင့်ပြထားတယ်။ တကယ်တန်းရှာတော့လည်း မနေ့က ဘာမှ ထူးထူးခြားခြားမတွေ့ပါဘူး။”

မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့် ဖွဲ့စည်းထားတဲ့ ရှာဖွေကယ်ဆယ်ရေးကော်မတီက အခုကိစ္စမှာ နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပြီး၊ လောလောဆယ် အခြေအနေထိတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သံသယရှိစရာ မတွေ့ရ သေးဘဲ တကယ်လို့ မြန်မာပိုင်နက်တွင်းမှာ တခုခုဖြစ်ခဲ့မယ်ဆိုရင်လည်း ကော်မတီအနေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှု တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးတင်နိုင်ထွန်း က ပြောခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံကနေ လေယာဉ်ဖြတ်သန်းသွားနိုင်ခြေရှိတဲ့ လမ်းကြောင်းတလျှောက်က နိုင်ငံတွေကို လေယာဉ်နဲ့ပတ်သက်တဲ့ သဲလွန်စတွေ ရနိုင်ဖို့ အတွက် ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ၊ ရေဒါကနေ ဖမ်းမိတဲ့ အချက်အလက်တွေကို ပေးဖို့ တောင်းခံထားတာပါ။ မြန်မာနိုင်ငံကိုတော့ အဲ့ဒီလို တောင်းခံလာတာမရှိသေးဘူးလို့ ဦးတင်နိုင်ထွန်း က ဆက်ပြောပါတယ်။

“တကယ်လို့ အကူအညီတောင်းတယ်ဆိုရင်လေ နိုင်ငံခြားရေး to နိုင်ငံခြားရေးပဲ၊ MOFA to MOFA ပဲ ဆက်သွယ်မှာပါဗျ၊ အခုအချိန်အထိတော့ MOFA (Ministry of Foreign Affairs) ကလည်း ကျနော်တို့ကို ဘာအကြောင်းမှ မပြောသေးဘူးခင်ဗျ။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့က အရပ်ဘက်ဝန်ထမ်းဆိုတော့ ကျနော်တို့ဆီမှာရှိတဲ့ ရေဒါတွေရဲ့ capability က Secondary ရေဒါပဲရှိတယ်။ သူက transponder ကို off လုပ်လိုက်တယ်လို့ ပြောတာကိုး၊ မလေးရှား MH370 ကလေ၊ Transponder မရတော့ဘူးဆိုရင် ကျနော်တို့ရဲ့ ရေဒါကတော့ ဖမ်းနိုင်တဲ့ capability မရှိဘူး။ သို့ပေမယ့်လည်း ကျနော်တို့ဆီမှာတော့ Military air force တို့၊ ဘာတို့မှာတော့ Primary radar တွေလေ၊ အဲဒီရေဒါတွေကတော့ မိတယ်၊ မမိဘူးဆိုတာ သူတို့ အကူအညီတောင်းခံလာတယ်၊ မလာဘူးဆိုတာလည်း ကျနော်တော့ မသိဘူးခင်ဗျ။”

မြန်မာလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ဖြစ်ပါတယ်။ အခုလို မြန်မာလေပိုင်နက်ထဲ နိုင်ငံတကာက ရှာဖွေရေးအစီအစဉ်တွေ စတင်လုပ်ဆောင်နေသလို၊ တရုတ်နိုင်ငံကလာတဲ့ သတင်းကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာလည်း မြန်မာရေတပ် သင်္ဘော ၃ စင်းဟာ နိုင်ငံတကာ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်ရှင်။
XS
SM
MD
LG