သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရဲ မြန်မာ ၅၀၀ ခန့်ကို ဖမ်းဆီး


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးဝန်းကျင် မြန်မာအများစုနေထိုင်တဲ့ ရပ်ကွက်တွေမှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီကနေ့မှာတော့ မြန်မာနိုင်ငံသား ၅၀၀ လောက်ကို ရဲက ဝင်ရောက် ဖမ်းဆီးသွားပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေဟာ အခု ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရဆဲ ဖြစ်သလို အကြမ်းဖက်မှု ဖြစ်ပွားတဲ့ရပ်ကွက်တွေက မြန်မာတွေဟာလည်း ကိုယ့်အိမ်ကိုယ် မပြန်ရဲကြပဲ ဖြစ်နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင်က မြန်မာအများစုအလုပ်လုပ်တဲ့ ဈေးတွေမှာ မလေးရှားရဲတွေက ဒီကနေ့ တွေ့သမျှ မြန်မာတွေကို လိုက်လံ ဖမ်းဆီးခဲ့တာလို့ ကပ်ပုံး (၇) ရက်သားသမီး နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ကိုဆန်းဝင်းက ပြောပါတယ်။

“ဒီနေ့မနက် ၁၁ နာရီလောက်မှာ မြို့လယ်ခေါင်ကို ရဲကားကြီးတွေ ရောက်ချလာတယ်။ မြန်မာဆိုင်ကို အတင်းတက်ဖမ်းတယ်။ စားသောက်တဲ့သူတွေကိုရော၊ ပါမစ်ရှိရှိ - မရှိရှိ၊ အကုန်အဖမ်းခံရတယ်။ အားလုံးပေါင်း လူ ၅၀၀ လောက်ရှိတယ် အဖမ်းခံထားရတာ။ အဓိကတာဝန်ယူ ချုပ်ထားတာ ဂျင်ဇန်းရဲစခန်းပါ။ တွေ့သမျှလူ အကုန်လျှောက်ဖမ်းနေတာ။ ဘာမှမေးမြန်းမှုလဲ မရှိဘဲနဲ့။”

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီဒေသမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားအချင်းချင်း ရိုက်နှက် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် မလေးရှားရဲက အခုလို လိုက်လံ ဖမ်းဆီးမှုတွေ ပြုလုပ်လာတာပါ။

အဲဒီ ဖမ်းထားတဲ့သူတွေထဲက တရားဝင်နေထိုင်ခွင့် အထောက်အထားရှိသူတွေကို ရဲက နောက်ပိုင်းမှာ ပြန်လွတ်ပေးလိုက်တာကြောင့် ဒီလူတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးသဘော သက်ရောက်နေတဲ့အကြောင်း ကွာလာလမ်ပူမြို့က မြန်မာ - မူဆလင် နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ကိုအောင်မြင့်က ပြောပါတယ်။

“ဗမာပြည်သားမှန်ရင် အကုန်လုံးကို ဖမ်းတယ်။ ဘယ်လူမျိုး၊ ဘာသာ မခွဲခြားဘူး။ အားလုံးကို ဖမ်းပြီးတော့ ခေါ်သွားတယ်။ စာရွက်စာတမ်း အထောက်အထားရှိတဲ့သူတွေကိုတော့ နိုင်ငံတော် ဥပဒေအရ အကုန်လုံးကို ပြန်လွှတ်ပေးတယ် အကို။ သတင်းတွေနဲ့ပတ်သက်ပြီးတော့တော့ သူတို့က အကုန်လုံးကို ထိရောက်စွာ အရေးယူမယ်။ အကုန်လုံးကို လိုက်ဖမ်းတယ်။ အစိုးရက တရားဝင်ကြေညာတာ။”

အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသူတွေထဲက တချို့ကတော့ အခုချိန်ထိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရဆဲဖြစ်ပြီး တချို့လည်း သွားစရာ နေစရာ မရှိတဲ့ အခက်အခဲမျိုးနဲ့ ရင်ဆိုင်နေကြရတာပါ။

မေလ ၃၁ ရက်နေ့မှာ လူတစုက ဓါးနဲ့ ဝိုင်းခုတ်တာ ခံခဲ့ရပြီး ဆေးရုံးမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုကိုမောင်ဆိုသူကတော့ သူ့အတွေ့အကြုံကို အခုလို ရှင်းပြပါတယ်။

“၃ - ၄ ယောက်တက်လာတယ်။ နောက်တခါ ၄ - ၅ ယောက် ထပ်တက်လာတယ်။ ကျနော့်ကို သူတို့ လာပြီးတော့ သူတို့ တခါတည်း ခေါ်ချသွားတယ်။ ပြန်လွှတ်တော့ဘူး။ အောက်ကို ဆွဲချသွားတော့ မင်းက ဘာလဲလို့ မေးတယ်။ ဗုဒ္ဓဘာသာလို့။ ဗုဒ္ဓဘာသာဆိုရင် အသေသတ်မယ်တဲ့။ ကျနော် ကရင်ပါ။ ခရစ်ယာန်ပါလို့ ပြောတော့ ခရစ်ယာန်လည်း သတ်မယ်။ ဗုဒ္ဓဘာသာလည်း သတ်မယ် အကုန်လုံးကို သတ်မယ်တဲ့။ ကျနော့် လက်နှစ်ဘက်၊ ပါးတခြမ်းပေါ့ နားရွက်တဘက်ကတော့ သွားလိုက်တယ်ပေါ့။ နားရွက်တဘက် ပါသွားတာပေါ့။ နားရွက်တဘက် လုံးဝကို ပျက်စီးသွားတယ်။ ဒီကောင်တွေက ဘင်္ဂါလီ မူဆလင် ၈ ယောက်လောက်ပါတယ်။ ရခိုင် မူဆလင်က ၂ ကောင်လောက်ပါတယ်။ သံရုံးကလည်း ဘာမှ မလုပ်ပေးဘူး။ အခုကျတော့ နာရေးကူညီမှု အသင်းကလည်း ကျနော့်ကို လာလာပြီး ပြောနေတဲ့အခါကျတော့ ကျနော်ကလည်း ဒီမှာ နေလို့မရတော့ဘူး။ နောက်ဆုံးကျ ဘုန်းကြီးကျောင်းကိုပဲ ပြေးရတော့တာပေါ့။ ဘုန်းကြီးကျောင်းကို အကူအညီတောင်းပြီးလို့ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျနော် သံရုံးကို သွားကြည့်မယ်။ မနက်ဖြန် သွားရင်လည်း သွားကြည့်မယ်။”

ခိုကိုးရာမဲ့နေတဲ့ မြန်မာနိုင်ငံ အတော်များများဟာ ကပ်ပုံး ဘုန်းတော်ကြီးကျောင်းမှာ ဆက်လက် ခိုလှုံနေကြဆဲပဲလို့ ကပ်ပုံးကျောင်းထိုင်ဆရာတော် ဦးဣိန္ဒကက ဗွီအိုအေကို ရှင်းပြပါတယ်။

“ကျောင်းထဲမှာ အရင်တုန်းက အတိုင်းပဲ ၂၀ နဲ့ ၃၀ ကြားမှာ များတယ်။ ဘုန်းကြီးကျောင်းဆိုတော့ မိန်းကလေးတွေ လက်မခံတော့ မိန်းကလေးတွေကိုတော့ နီးစပ်ရာ အိမ်ကို ပို့ထားတယ်ပေါ့နော်။ စားချိန်ကျရင်တော့ ဒီကျောင်းကို လာလာစားကြတယ်။ ဦးဇင်းကိုတော့ သူတို့ အကြံပေးထားတာက တချို့လည်း ပြန်ကြမယ်။ တချို့လည်းပဲ အရင် အေးဂျင့်ပေါ့လေ အလုပ်အပ်ထားတဲ့ အေးဂျင့်တွေနဲ့ တခြားနေရာကို ပြောင်းပြီး အလုပ်လုပ်မယ်ပြောတယ်။ အရင်နေရာတော့ အလုပ်မလုပ်ရဲတော့ဘူးပေါ့။ မပြန်ရဲတော့ဘူးပေါ့။ အရင်နေရာက ပြဿနာရှိတဲ့ နေရာမို့လို့။ မူဆလင်တွေ များတဲ့အခါကျတော့လေ။ မြန်မာမူဆလင်တွေ။”

အခုဖြစ်ပျက်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေအပေါ် တစုံတရာ လုပ်ဆောင်ပေးနေခြင်း ရှိမရှိဆိုတာကို သိနိုင်ဖို့ သံရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကနေ့တော့ မလေးရှားရဲက မြန်မာနိုင်ငံသားတွေကို လိုက်လံ ဖမ်းဆီးတာကလွဲလို့ အကြမ်းဖက် တိုက်ခိုက်မှုတွေမရှိဘူးလို့ ဒီကိစ္စတွေကို အနီးကပ် စောင့်ကြည့်နေသူတွေက ပြောပါတယ်။

အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း ရှိမရှိဆိုတာကိုတော့ မလေးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဒီအကြမ်းဖက်မှုတွေ ဘယ်လို စတင်ခဲ့တယ်ဆိုတာကိုလည်း အခုချိန်ထိ အတိအကျ ပြောနိုင်သူ မရှိသေးပါဘူး။
XS
SM
MD
LG