သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုမှုနဲ့ ဆက်နွယ်သံသယရှိသူ ရဲ ၁၂ ဦး မလေးရှားထိန်းသိမ်း


လူကုန်ကူးမှုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ သံသယနဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ နေရာ ၁၄၀ လောက်ရှိရာ လူမှောင်ခိုကူး စခန်းတွေနဲ့ ပတ်သတ်မှု ရှိတယ်ဆိုပြီး မလေးရှား ရဲတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းခဲ့တာပါ။

ထိုင်းနဲ့ မလေးရှားနယ်စပ် မိုင် ၃၀ တလျှောက် နေရာ ၆ နေရာက လူမှောင်ခိုကူးစခန်း ၃၀ နီးပါးလောက်ကို မလေးရှား အာဏာပိုင်တွေက ရှာတွေ့ခဲ့ပြီးနောက် အဲဒီရုပ်အလောင်းတွေကို သေမှုသေခင်းဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေက တူးဖော်စစ်ဆေးအပြီး နောက်တနေ့မှာ မလေးရှား ဒုတိယ ပြည်ထဲရေးဝန်ကြီး Wan Junaidi Tuanku Jaafar က အခုလို ပြောလိုက်တာပါ။

အခုချိန်ထိ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ နေရာပေါင်း ၁၄၀ လောက်ကို ရှာတွေ့ထားပြီး အဲဒီမှာ ဘယ်လောက်များများ ရှိနေတယ်၊ သူတို့တွေ ဘယ်သူတွေဖြစ်တယ် ဆိုတာကိုတော့ မသိသေးဘူးလို့လည်း သူကဆိုပါတယ်။

အခု ဒီနယ်စပ်တလွှားက ရုပ်အလောင်းတွေ ရှာတွေ့ခဲ့တဲ့ နေရာတွေဟာ တောတောင်ထူထပ်ပြီး သွားလာရ ခက်ခဲတာကြောင့် လွယ်လွယ်ကူကူ ဝင်ရောက်လို့ရတဲ့ ထိုင်းနိုင်ငံဘက်ကနေ အဲဒီနေရာတွေကို သွားဖို့ မလေးရှား အာဏာပိုင်တွေက ထိုင်းအစိုးရစီကနေ ခွင့်ပြုချက်လတောင်းခံထားပါတယ်။ ထိုင်းနိုင်ငံကတော့ မလေးရှားရဲ့ တောင်းဆိုချက်အပေါ် စဉ်းစားသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး စတင်ပြီးနောက် မလေးရှားနိုင်ငံက အလားတူ အစီအစဉ်တွေကို မေလ ၁၁ ရက်နေ့မှာ စတင်လုပ်ဆောင်လာရာကနေ ဒီစခန်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။

မလေးရှားဟာ အခုလို စခန်းတွေရှိတယ် ဆိုတာကို လပေါင်း အတော်ကြာကတည်းက သိထားပြီးသား ဖြစ်တယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ပြောဆိုချက်ကိုလည်း Mr. Wan Junaidi က ငြင်းဆိုသွားပါတယ်။ အခုရက်ပိုင်းတွေအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွှေ့ပြောင်းဝင်ရောက်သူ လှေစီးဒုက္ခသည် အများအပြားကိုတော့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက ယာယီခိုလှုံနေထိုင်ခွင့် ပေးထားပါတယ်။

XS
SM
MD
LG