သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအဖွဲ့နဲ့ မလေး အလုပ်သမားရေး လှုပ်ရှားသူတွေ တွေ့ဆုံ


မလေးရှား
မလေးရှား
မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေ နေရပ်ရင်းကို အမြန်ဆုံးပြန်နိုင်ကြဖို့ နဲ့ မပြန်သေးဘဲ ကျန်ရှိနေသေးတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေး ကာကွယ်စောင့်ရှောက်ပေးဖို့ မလေးရှားနိုင်ငံက မြန်မာ့အလုပ်သမားရေး ကူညီ လှုပ်ရှားပေးနေသူတွေက မြန်မာနိုင်ငံက အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ သံရုံး တာဝန်ရှိသူတွေ ကို တောင်းဆိုလိုက်ပါတယ်။ ကောလဟာလသတင်းအချို့ ရှိနေသေးတာကလွဲရင် မလေးရှားနိုင်ငံတွင်း လက်ရှိလုံခြုံရေးအခြေအနေက တည်ငြိမ်သွားပြီလို့ ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပေးပါမယ်။

လုံခြုံရေးအခြေအနေ စိုးရိမ်နေရတဲ့ အနေအထားမှာရှိနေတဲ့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး အလုပ်သမားတွေကို အကူအညီပေးနေတဲ့ လူမှုအသင်းအဖွဲ့၊ အလုပ်သမားရေး လှုပ်ရှားသူတွေ၊နဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအပါအဝင် မလေးရှားနိုင်ငံက အလုပ်သမားတွေအရေး စုံစမ်းဖို့ ရောက်လာတဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယအလုပ်သမားဝန်ကြီး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ကြတဲ့ အချိန်မှာ အလုပ်သမားတွေကို ကူညီစောင့်ရှောက်ဖို့ တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံကြတဲ့အချိန်မှာ နိုင်ငံကူးလက်မှတ် လက်ဝယ်ရှိသူရော၊ မရှိတဲ့သူပါ အပါအဝင် နေရပ်ရင်းပြန်လိုသူ မြန်မာနိုင်ငံသားတွေအတွက် တရားဝင်ပြန်ကြနိုင်ဖို့ အရေး အကူအညီပေးဖို့ အလုပ်သမားရေး ကူညီစောင့်ရှောက်ပေးနေသူတွေက တောင်းဆိုခဲ့ကြတယ်လို့ ကပုန်း မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးဣိန္ဓက ကမိန့်ပါတယ်။

“ဘုန်းဘုန်းတို့ ဆွေးနွေးဖြစ်တာကတော့ အခုလောလောဆယ် ဒီမှာရောက်နေတဲ့ မြန်မာ ကလေးတွေက မြန်မာပြည်ကို ပြန်ချင်ကြတယ်လေ။ တချို့ကလေးတွေပေါ့။ ကလေးတွေက ပတ်စပို့မရှိကြဘူးဆိုတော့ ဒီပတ်စပို့မရှိတဲ့ကလေးတွေရော၊ ပတ်စပို့ရှိတဲ့ ကလေးတွေရော မြန်မာပြည် မြန်မြန်ပြန်ကြရဖို့ သံအမတ်ကြီးနဲ့တကွ ဒီကိုလာတဲ့ ဝန်ကြီးတွေ အမြန်ဆုံးအကူအညီတွေပေးနိုင်ဖို့၊ ဦးဇင်းက ဆွေးနွေးတယ်။ ပြီးတော့ ဒီမှာ အကြောင်းကြောင်းကြောင့် မပြန်ဖြစ်သေးတဲ့ကလေးတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံသထက် လုံခြုံအောင် ကာကွယ်ပေးနိုင်ဖို့ ဦးဇင်းက တိုက်တွန်းခဲ့တယ်လေ။ သူတို့ကလည်း အရေးတယူနားထောင်ပြီးတော့ အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်မယ်၊ ဒီနေ့သူတို့ မလေးရှားဘက်က အစိုးရနဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါ့၊ တွေ့ဆုံမယ်လို့ပြောပါတယ်။ ဦးဇင်းတို့ တင်ပြမယ့် ကိစ္စတွေကို တောင်းဆိုမယ်လို့ပြောပါတယ်။”

အခုလက်ရှိ မလေးရှားနိုင်ငံ မြန်မာသံရုံးအနေနဲ့ အလုပ်သမားရုံးတွေကနေ တဆင့်ရော၊ ကိုယ်တိုင်လာပြီး ဆက်သွယ်တဲ့ မြန်မာအလုပ်သမားတွေ အတွက် နေရပ်ရင်းပြန်ဖို့အရေး စတင်ဆောင်ရွက်ပေးနေပြီဖြစ် ပါတယ်။ နိုင်ငံကူးလက်မှတ်တရားဝင်လက်ဝယ်မရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် လေယာဉ်လက်မှတ်စီစဉ်နိုင်ဖို့ မြန်မာနိုင်ငံသား အသိအမှတ်ပြု လက်မှတ်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ စတင်ထုတ်ပေးနေပြီ လို့လည်း ကပုန်း မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်က မိန့်ပါတယ်။

“ သံရုံးမှာက ပတ်စပို့မရှိတဲ့ကလေးတွေအတွက်၊ မြန်မာနိုင်ငံသား အသိအမှတ်ပြု၊ စာရွက်တစ်စောင်ထုတ် ပေးနေတယ်ပေါ့။ အဲ့ဒီ့ဟာကို အခြေခံပြီးတော့ ထွက်ခွာခွင့်၊ အင်မီဂရေးရှင်းကို စာရွက်တစ်ရွက် ထပ်တောင်းရတယ်။ တောင်းပြီးရင်တော့ သူတို့ မြန်မာပြည်ပြန်ရပြီ။ အဲ့ဒီ့လိုတောင်းတဲ့အထဲမှာ မလေးရှားအင်မီဂရေးရှင်း လုပ်တဲ့အခါ၊ တချို့ နှစ်လ၊ သုံးလ ကြာတယ်လို့ ပြောတယ်။ ဦးဇင်းတို့က အဲ့တာတွေကို မြန်နိုင်သမျမြန်မြန် ပြန်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့ သံအမတ်ကြီးအနေနဲ့ရော၊ မြန်မာနိုင်ငံကလာတဲ့လူတွေရော၊ တောင်းဆိုပေးပါလို့ ဦးဇင်းအနေနဲ့ တောင်းဆိုလိုက်တယ်ပေါ့လေ။”

အခုဆိုရင် မလေးရှားနိုင်ငံက မြန်မာ အလုပ်သမားရေး လေ့လာ စုံစမ်းဖို့ ရောက်လာတဲ့ မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ အပါအဝင် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် အပါအဝင် မြန်မာနိုင်ငံ ဘက်က အဆင့်မြင့်အရာရှိကြီးတွေနဲ့ မလေးရှားနိုင်ငံ က ပြည်ထဲရေး ဒုတိယဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ မလေးရှားနိုင်ငံ က မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကို ဆွေးနွေးနေကြပြီဖြစ် တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေ လာမယ့် တနင်္လာနေ့က စပြီး နေရပ်ရင်းပြန်နိုင်ကြဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေ ကြပြီဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လာရောက်လုပ်ကိုင်နေရပြီး အသက်အန္တရယ် လုံခြုံရေးစိုးရိမ်လို့ မိမိတို့ရဲ့ မိခင်နိုင်ငံ နေရပ်ရင်းပြန် သွားကြမယ့် မြန်မာအလုပ်သမားတွေအတွက် မြန်မာနိုင်ငံထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးကူညီပေးဖို့ မလေးရှားနိုင်ငံက အလုပ်သမားရေးလူပ်ရှားသူတွေက မေတ္တာရပ်ခံတောင်းဆိုခဲ့ကြတယ်လို့ ဆရာတော်ကမိန့်ပါတယ်။

“မြန်မာပြည်ဘက်ကလည်း ဒီကပြန်တဲ့ကလေးတွေကို အလုပ်တွေပေးနိုင်အောင်၊ အစိုးရအနေနဲ့ တဖက်တလမ်း က ဆောင်ရွက် ကူညီသင့်တယ်လို့ ထင်တယ်။ ဒီလိုအလုပ်တွေရလာပြီမယ်ဆိုရင် ဒီက ကလေးတွေလည်း မြန်မာပြည်ပြန်ချင်စိတ်ပေါက်လာပြီးတော့ ပြန်သွားကြပြီးတော့ ဘေးကင်းရန်ကင်းနဲ့ ကိုယ့်မိသားစု သိုက်သိုက်ဝန်းဝန်း စုံစုံညီညီ ပြန်တွေ့နိုင်လိမ့်မယ်လို့မျော်လင့်တယ်။ ဒီလိုပြန်တွေ့နိုင်ဖို့အတွက် အစိုးရက အလုပ်တွေဖန်တီးပေးနိုင်အောင် ကြိုးစားသင့်တယ် ကြိုးစားပေးပါလို့ ဦးဇင်းအနေနဲ့ ပြောချင်တယ်။"

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့ အနီးက မြန်မာအလုပ်သမား အများစုနေထိုင်တဲ့ ရပ်ကွက်နားမှာ မြန်မာအလုပ်သမားအချို့ အကြမ်းဖက် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရပြီး လူသုံးဦးထက် မနည်း သေဆုံးခဲ့ ရပြီးတဲ့နောက် မြန်မာအလုပ်သမားတွေရဲ့ အသက်အန္တရယ် စိုးရိမ်နေရတဲ့ အနေအထားမှာရှိတဲ့အတွက် အခင်းဖြစ်ပွားနေတဲ့နေရာနဲ့ မနီးမဝေးမှာရှိတဲ့ ကပ်ပုန်းဘုန်းကြီးကျောင်းမှာ မြန်မာအလုပ်သမားတချို့ သွားရောက် ခိုလူံနေကြတာဖြစ်ပါတယ်။ ဆေးရုံတက်ရောက်ကုသမှု ခံယူနေဆဲ အလုပ်သမားအချို့ ရှိနေသေးပေမဲ့ လက်ရှိ ကွာလာလမ်ပူမြို့နား မှာတော့ ကောလဟာလသတင်းတချို့ ရှိနေတာလွဲရင် အခြေအနေတွေဟာ တည်ငြိမ်နေစပြုနေပြီလို့လည်း အလုပ်သမားရေးစောင့်ရှောက်သူတွေက ဆိုပါတယ်။
XS
SM
MD
LG