သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား Cyber အတိုက်ခံရသလား


တောင်ကိုရီးယားနိုင်ငံက အသံလွှင့်ဌာနတွေနဲ့ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေရဲ့ ကွန်ပြူတာ ကွန်ရက်စနစ်တွေမှာ ကျယ်ပြန့်တဲ့ ဆိုင်ဘာတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောကြားလိုက်ပြီးတဲ့နောက် တောင်ကိုရီးယား စစ်တပ်က အသင့် အနေအထားကို မြှင့်တင်လိုက်ပါတယ်။

ဒီကိစ္စမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ပယ်ချလို့မရဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား အပေါ်မှာ ဆိုင်ဘာ တိုက်ခိုက်မှု လုပ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိထားပါတယ်။

ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုဟာ နိုင်ငံ့ပြင်ပကနေ လာတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ တောင်ကိုရီးယား အင်တာနက်နဲ့ လုံခြုံရေးအေဂျင်စီက ပြောပါတယ်။ ကွန်ပြူတာစနစ် ချို့ယွင်းမှုဟာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်း ကတည်းကစတင် ဖြစ်ပွားခဲ့တာ
ဖြစ်ပြီး KBS, MBC နဲ့ YTN အသံလွှင့်ဌာန သုံးခုထက် မနည်းရဲ့ ကွန်ပြူတာတွေဟာ ရပ်တန့်သွားခဲ့တာပါ။

အလိုအလျောက် ငွေထုတ်စက် ATM တချို့အပါအဝင် Shinhan ဘဏ်နဲ့ Nonghyup ဘဏ်တို့ရဲ့ ကွန်ပြူတာစနစ်တွေ ချို့ယွင်းသွားခဲ့ပါတယ်။ အစုရှယ်ယာ ဈေးကွက်ကို မထိခိုက်ပေမဲ့ တိုက်ခိုက်ခံရတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် တောင်ကိုရီးယား အစုရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားခဲ့ပါတယ်။ ဒီကိစ္စအပေါ် အစိုးရက သေသေချာချာ စုံစမ်းစစ်ဆေးနေပြီး တုံ့ပြန်လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ က ပြောပါတယ်။
XS
SM
MD
LG