သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမင်္ဂလာဈေး မီးအကြီးအကျယ်လောင်


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ထဲမှာရှိတဲ့ ၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်၊ မင်္ဂလာဈေးမှာ မနေ့က ညနေ ငါးနာရီခွဲကျော်ကျော်က မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ အတိအကျ မသိရသေးပါဘူး။

မီးစလောင်ရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလပိုင်းတွေအတွင်း မြန်မာနိုင်ငံတဝှမ်းမှာ မီးလောင်ကျွမ်းမှုတွေ မကြာခဏဖြစ်ပွားနေပြီး စိုးရိမ်နေကြတဲ့ကြားမှာ မန္တလေးမင်္ဂလာဈေး မီးလောင်ကျွမ်းမှု ထပ်မံ ဖြစ်ပွားခဲ့တာပါ။ ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

အခု အသံမလွှင့်ခင် နာရီပိုင်းက ဆက်သွယ်မေးမြန်းချက်အရ ချမ်းအေးသာစံမြို့နယ်က မီးသတ်ကားတွေ မီးလောင်တဲ့နေရာမှာ ရှိနေပြီး မီးကြွင်းမီးကျန်တွေ ငြိမ်းသတ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကြောင့် လူအသေအပျောက် မရှိတဲ့အကြောင်းနဲ့ ပျက်စီးဆုံးရှုံးတဲ့ ပမာဏကိုတော့ မခန့်မှန်းနိုင်သေးတဲ့အကြောင်း ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးသူ မန္တလေးသားတွေအဖို့ ဗုဒ္ဓဟူးနေ့ မနက်မှာ အရင်က သူတို့ပုံမှန်မြင်နေကြ မြင်ကွင်းတခုကတော့ ပြောင်းလဲသွားခဲ့ပါပြီ။ ညက ၉ နာရီကျော်ကျော် မီးညွန့်ကျိုးစအချိန် မြို့ခံတယောက်ကို ဗွီအိုအေက မေးကြည့်ပါတယ်။

“မီးသတ်ကားတွေက များတယ်၊ နိုင်တယ်၊ ဒါပေမဲ့ ရေပြဿနာနဲ့ ကြာသွားတာ၊ မြောင်းထဲက ရေတွေ ကိုတောင် စုတ်ပြီး ပက်ရတာ”

မီးခိုးငွေ့တွေကြား ဈေးအပေါ်ထပ်မှာ ပိတ်မိနေတဲ့ လူတချို့ကို မီးသတ်က ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မီးလောင်တဲ့နေရာကို စောစောပိုင်း ရောက်သွားတဲ့ ကိုညီကျော်ကတော့ မီးငြိမ်းသတ်နေတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ကျနော်ရောက်သွားတဲ့အချိန်မှာတော့ ဘယ်မီးသတ်ကားမှ ရောက်မလာသေးဘူး၊ ဈေးက ၃ ထပ်ရှိပါတယ်။ အပေါ်ဆုံးထပ်မှာ လူတွေ ရှိနေပြီး အလယ်ထပ်မှာ ဈေးအရောင်းပြခန်းတွေ၊ ရုံးခန်းတချို့နဲ့ စာအုပ်ဆိုင်တချို့ ရှိပါတယ်။ မီးခိုးတွေက လုံးပြီးတော့ အပေါ်ထပ်တွေကို တက်သွားပါတယ်။ တက်သွားတဲ့အခါ ကားအတက်အဆင်း လမ်း အပါအဝင် တချို့ရုတ်တရက် ဝင်လို့ ထွက်မရတဲ့ အခြေအနေ ကြုံခဲ့တဲ့အတွက် အရမ်းကို စိုးရိမ်စရာပါ။”

ကယ်ဆယ်ရေးမှာလည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်တာကို လက်ခံပြီး ဝိုင်းဝန်းလုပ်ခဲ့ပေမဲ့ အပျက်အစီးတွေတော့ များမယ့်အကြောင်း ကိုညီကျော်က ဆက်ပြောပါတယ်။

မင်္ဂလာဈေးဟာ ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်မှာရှိပြီး ရတနာပုံခေတ် မူလေဈေးကြီး ၂၈ ဈေးမှာ ပါဝင်တဲ့အကြောင်း စာရေးဆရာ ဆူးငှက်က လူမှုကွန်ယက်မှာ သမိုင်းကြောင်းတချို့ကို တင်ထားပါတယ်။ မူလက မင်္ဂလာတံတား၊ ပြည်တော်သာ တိုက်တန်းဝင်းနေရာမှာ ရှိခဲ့ပြီး လက်ရှိ ဆင်တော်သည်များဝင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဈေးဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလက စည်ပင်အစီအစဉ်နဲ့ ဈေးသစ်ဖွင့်ခဲ့တဲ့အကြောင်း ရေးသားထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ၂၀၁၆ ခုနှစ် နှစ်ဆန်းမှာ မီးလောင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ရာသီဥတုကလည်း ခါတိုင်းနှစ်တွေထက် ပိုပြီး ပူပြင်းတဲ့အတွက် ဒီနှစ် မီးကြောင့် ဆုံးရှုံးတဲ့ ပမာဏဟာ မနှစ်က တနှစ်ပတ်လုံး ဆုံးရှုံးမှုထက် ပိုများတဲ့အကြောင်း မီးသတ်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာ ဧရာဝတီတိုင်း လပွတ္တာမြို့၊ ရှမ်းပြည်မြောက်တိုင်း နမ့်ဆန်မြိုက၊ တနင်္သာရီတိုင်း ပုလောမြို့ ကျိုက်ကာရွာ မီးလောင်လောင်မှုတွေအပြင်၊ နောက် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဈေး၊ ဇန်နဝါရီလအတွင်း ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး မီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။

မီးကြောင့် အိမ်ခြေရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့သလို ရန်ကုန် မင်္ဂလာဈေးမီးလောင်မှုမှာ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခု မန္တလေး မင်္ဂလာဈေး မီးလောင်မှုနဲ့ ပတ်သက်လို့ ဘယ်လောက် ပျက်စီးဆုံးရှုံးတယ်ဆိုတာ အတိအကျ မသိရေသေးပါဘး။ ဈေးတွေ မီးလောင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မန္တလေးမြို့ခံ တဦးဖြစ်တဲ့ ကိုမောင်မောင်ဦးက အခုလို သုံးသပ်ပါတယ်။

“ဆောက်သမျှ အထပ်မြင့်တွေ အထပ်နိမ့်တွေ၊ ဈေးအားလုံးမှာ မီးသတ်စနစ်တွေ မပါဘူး၊ မီးသတ်စနစ်တွေ မပါဘူး။ မီးသတ်ဆေးဗူးလောက်ပဲ အားကိုးတော့ တကယ်လောင်ပြီဆို အဲဒီ မီးသတ်ဆေးဗူးက ပစ်ပြီး ပြေးရတာ။ မကပ်နိုင်ဘူး။ နောက် အပေါ်ထပ်တွေမှာ ပါဝါမလိုဘဲ ဖိအားနဲ့ တွန်းပက်လို့ ရနိုင်တဲ့ ရေပိုက်စနစ်တွေ မပါတော့ အပြင်ကနေပဲ တွန်းပက်နေရတယ်။ အတွင်းထဲမှာ လောင်စာကုန်မှပဲ မီးတွေ ညိမ်းကြရတာပါ။”

မီးလောင်တဲ့အချိန် မီးသတ်ယာဉ်တွေနဲ့ ကူညီကယ်ဆယ်ရေးယာဉ်တွေ လုံခြုံရေးယာဉ်တွေ ဝင်ရောက်နိုင်ဖို့နဲ့ ရေသယ်ယူရေးနဲ့ သွားလာရေး အခက်အခဲတွေနဲ့ ကြုံခဲ့ရတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ မလိုအပ်ဘဲ များရတာဆိုပြီး မီးဘေးကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။

မီးဘေး၊ သဘာဝဘေး ကြုံလာရတဲ့အချိန် အခက်အခဲမရှိဘဲ စနစ်တကျ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်အောင် ပြင်ဆင်ထားသင့်တယ်ဆိုပြီး ထောက်ပြကြတာပါ။ အခု မန္တလေး မင်္ဂလာဈေး မီးလောင်မှုနဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှု ပမာဏကို အတိအကျ မသိရသေးပေမဲ့ လူအသေအပျောက်တော့ မရှိဘူးဆိုပြီး ချမ်းအေးသာစံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တယောက်က ဗွီအိုအေကို ပြောပါတယ်။ မန္တလေးမြို့ခံတယောက်ကတော့ မီးလောင်မှုဖြစ်ပွားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး မော်တော်ဆိုင်ကယ် စီးလာတဲ့ လူတဦး သေဆုံးသွားခဲ့တဲ့အကြောင်း Facebook လူမှုကွန်ယက်မှာ ဓာတ်ပုံနဲ့ တကွ တင်ထားပါတယ်။

XS
SM
MD
LG