သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်-မန္တလေးလမ်း ဆိုးရွားစွာ ပိတ်ဆို့နေ


တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းဖြစ်တဲ့ မူဆယ် အဝေးပြေး ကားလမ်းကြီး ပိတ်ဆို့နေတာ သီတင်းရက် သတ္တပတ် တစ်ပတ်ကျော်ကြာ သွားပြီဖြစ်လို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေ အတော်လေးကို အခက်တွေ့နေကြရပါတယ်။ ကုန်တင်ကားထောင်ချီ နေ့စဉ်သွားလာနေရတဲ့ မူဆယ်- မန္တလေး ကုန်သွယ်လမ်းမကြီးထက်မှာ မကြာခဏကြုံတွေ့နေရတဲ့ လမ်းကြောင်း ဆိုးဆိုးဝါးဝါး ပိတ်ဆို့နေမှု အခက်အခဲတွေကို ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အမြန်ဆုံးပြေလည်အောင် စနစ်တကျဖြေရှင်းပေးဖို့ကိုလည်း ဒေသခံတွေက လိုလားနေကြတာပါ။ အသေးစိတ် မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်အနီးက နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ ဖောက်လုပ်ထားတဲ့ အဓိက မြန်မာနိုင်ငံတွင်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကြီး တခုဖြစ်တဲ့ မူဆယ်-မန္တလေး လမ်းမကြီးထက်မှာတော့ မကြာခဏဆိုသလို ယာဉ်ကြောပိတ်ဆို့မှုတွေ က နာရီနဲ့ချီ ၊ ရက်ပေါင်းများစွာနဲ့ချီပြီး လမ်းပိတ်ဆို့မှုတွေဖြစ်နေတာပါ။ လမ်းကြော ပိတ်ဆို့မှုရဲ့ အဓိကပြဿနာကတော့ လမ်း အကျယ်အဝန်း ကျဉ်းမြောင်းလွန်းတာ၊ အကွေ့အကောက် များတဲ့ တောင်ပေါ်လမ်း အတက်အဆင်းလမ်းတွေ ကုန်တင် ကားကြီးတွေပေါ်မှာ ဝန်နဲ့မမျှ တင်ဆောင်ပြီး သွားလာနေတာကနေ ယာဉ်မတော်တဆ မှုတွေဖြစ်ပွားရာက ထောင်ချီတဲ့ ယာဉ်တန်းကြီး ပိတ်ဆို့မှုဖြစ်ပြီး အလွယ်တကူ ယာဉ်ကြော ရှင်းလင်းရေး မလုပ်နိုင်ခဲ့ တာကြောင့်ဖြစ်တယ် လို့ ဒေသခံတွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း မူဆယ်လမ်းမကြီး ပိတ်ဆို့ခဲ့ပြီးတဲ့နောက် အခုတခါ၂၀၁၆ နှစ်ဆန်း ဇန်နဝါရီလ ၁၁ရက်နေ့ကစလို့ မူဆယ်လမ်းမကြီးထက်မှာ တွဲကားလို့ခေါ်တဲ့ ကုန်တင်ကားကြီး တိမ်းမှောက်ရာကနေ လမ်းပိတ်ဆို့မှုဖြစ်ခဲ့တာပါ။ အခု ဒီကနေ့အထိ ဆို သီတင်းတပတ်ကြာမြင့်လာပြီဖြစ်ပေမဲ့လို့ အခုချိန်အထိ ကားလမ်းကြောင်း ရှင်းလင်းနိုင်ခြင်း မရှိသေးဘူးလို့ ယာဉ်ကြော ပိတ်ဆို့ရာနေရာ အထိ သွားရောက်လေ့လာခဲ့တဲ့ အလွတ်သတင်းထောက်ကိုဇော်မိုးထက်က အခြေအနေကို အခုလိုရှင်းပြပါတယ်။

“ကျနော်တို့မနေ့ကတုန်းက ဆိုင်ကယ်နဲ့ တော်တော့်ကို တော့်တော့်ကို ကားပိတ်တဲ့ အထိပေါ့နော်၊ နမ့်ဖက်ကာနားက နမ့်ကွတ်နားက ရူခင်းသာဆိုတဲ့နေရာကို မနည်းကို သွားရပါတယ် အမရေ။နမ့်ဖက်ကာနားကနေ ဒီ ပိတ်ခဲ့တဲ့ ကားတန်းကြီးက လားရိူးဒီဖက် လွိုင်ဆယ်ဆစ် အကျော်ပေါ့နော်၊ အဲဒီအထိပိတ်ခဲ့တဲ့ ကားတန်းကြီးက မိုင် ၅၀ ကျော်လောက်အထိ ရှိတဲ့ကားတမ်းကြီးက။ ဘယ်မှာ ဆက်ပြီးပြန်ပိတ်နေ သလဲ ဆိုတော့ ဒီ မေမြို့ နဲ့ နောင်ချိုကြားပေါ့နော် ၊ မေမြို့ နဲ့ နောင်ချိုကြားမှာ ဒီမနက်ဆက်ပြီးပိတ်နေတယ်။ အခုအချိန်အထိလည်း ပိတ်နေတုန်းပဲ။”

အခုလို မူဆယ်ကားလမ်းမကြီး ယာဉ်ကြော ပိတ်ဆို့နေတဲ့အတွက် မူဆယ်ဒေသခံတွေမှာလည်း မူဆယ်-မန္တလေး အသွားအလာအတွက် လမ်းပမ်း ဆက်သွယ်ရေး အခက်အခဲတွေနဲ့ ကြုံနေရပြီး သက်ဆိုင်ရာ အစိုးရ၊ နယ်မြေ လမ်းပမ်း ဆက်သွယ်ရေး တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံး အလေးအနက်ထား ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးစိုင်းအောင်ဝင်းကပြောပါတယ်။

“၃၊ ၄ ရက်လောက် ပိတ်နေတာ။ ဆက်တိုက် ဆက်တိုက် ပိတ်လာတာ။ မနေ့ကလည်း ထပ် ပိတ်နေသေးတယ် အဲ့ဒီ့လမ်းက ။တချို့ကလည်း သင်တန်းသွားတက်မယ်ဆိုပြီး အဲဒီဆရာမတွေက မန္တလေးမှာ သင်တန်း လွတ်သွားတာ။ ကျနော်က ထင်ထားတာကတော့ အဲဒီတွဲကားတွေ မပြေးရင်တော့ အကောင်းဆုံးပေါ့။ အဲဒီတွဲကားက ကားရှည်တော့ ကျနော်တို့ တောင်ပေါ်လမ်းနဲ့ မတည့်ဘူးဗျ။ ဒီတွဲကားတွေ ပြေးနေတယ် ဆိုတဲ့ဟာက လမ်းပိတ်နေတယ်ဆိုတဲ့ အကြောင်း နဲနဲ ကူပြီးတော့ တင်ပေးပါ။ အစည်းအဝေးတက်မယ်ဆိုရင်လည်း ကျနော်တို့အစိုးရကို ပြန်တင်ပြဖို့ အစီအစဉ်ရှိတယ်။ တင်ပြရမယ်ဆိုရင်တော့ အဲဒီတွဲကားတွေ အသွားအလာရပ်ဆိုင်းဖို့ ၊ အဲဒီဟာပိတ်ပင်ပေးဖို့ အဲဒါဦးစားပေးပြီးတော့ တင်ပြမှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တောင်ပေါ်လမ်း က အဲဒီတွဲကားတွေနဲ့ မသင့်လျော်ဘူး။ ဒီတွဲကားတွေကြောင့်သာ ပြည်သူလူထုက ဒုက္ခရောက်နေတာ။”

ဒီလိုဆိုးဆိုးရွားရွား လမ်းပိတ်ဆို့မှုတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့က လမ်းပမ်း ဆက်သွယ်ရေး တာဝန်ယူထားတဲ့ ကုမဏီက တာဝန်ရှိပြီးတော့ ကုန်တင်ကားတွေအပေါ် လမ်းစည်းကမ်းယာဉ်စည်းကမ်းနဲ့အညီ မောင်းနှင်ကြဖို့နဲ့ ကုန်တင်ကုန်ချ ဝန်သယ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ စနစ်တကျ ထားရှိဖို့လိုအပ်တယ်လို့လည်း အလွတ်သတင်းထောက် ကိုဇော်မိုးထက်က ရှု့မြင်ပါတယ်။

“လားရိူးနဲ့ မူဆယ်ကြားမှာ မကြာခန ဆိုသလိုပေါ့နော်၊ ခနခနဖြစ်နေတယ်ပေါ့နော်။ ဒီလောက် ကျဉ်းမြောင်းတဲ့ တောင်ပေါ်လမ်းတွေမှာ အရမ်းရှည်လျားတဲ့ ကားကြီးတွေ ခွင့်ပြုထားတယ်။ နောက်ပြီးတော့ Asia World ကလမ်းတွေကို ပိုက်ဆံတွေကောက်စားပြီးတော့ ဘာမှ တိုးချဲ့ခြင်း မရှိဘူး၊ နောက် တတိယ တချက်ကတော့ ယာဉ်မောင်းတွေကို စိစစ် ရွေးချယ်ခြင်း မရှိပဲနဲ့ဒီလောက်ကြီးတဲ့ ကားကြီးတွေ ၊ ဒီလောက်သေးငယ်တဲ့ ကလေးတွေ အသက် ၂၀ ကျော် အရွယ်တွေ မောင်းခွင့်ပြုထားတယ်ဆိုတာက အလွန်ကို မှားယွင်းတဲ့ကိစ္စလို့ ကျနော်တော့ သုံးသပ်မိတယ် ။”

အခုဆိုရင်တော့ မူဆယ်လမ်းမကြီးတလျောက်တောင်ပေါ်လမ်းမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေကို မူဆယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တွေဘက်က သွားရောက် ရှင်းလင်းပေးနေတာရှိပေမဲ့လို့ အခုအချိန်အထိတော့ လုံးဝ လမ်းကြောင်းရှင်း သွားတာမျိုးမရှိဘူးလို့ သိရပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ မူဆယ်-မန္တလေးအဝေးပြေးကားလမ်းမပေါ် နေ့စဉ် ထောင်ချီပြေးဆွဲနေတဲ့ ဝန်တင်၊ ကုန်တင်ကားတွေ အဆင်ပြေချောမွေ့စွာ ပို့ကုန် သွင်းကုန် စတဲ့ ကုန်ပစ္စည်းတွေကို အချိန်နဲ့တပြေးညီ ပို့ဆောင်နိုင်ရေး ယာဉ်ကြောပိတ်ဆို့မှုတွေကို ရှင်းလင်းနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အပြေလည် ဆုံးဖြေရှင်းပေးနိုင် ဖို့ ကုန်သည်တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ယာဉ်လုပ်ငန်းရှင်တွေ ၊ ယာဉ်မောင်းတွေဘက်က လိုလားနေကြသလို နေ့စဉ် အဆင်ပြေချောမွေ့စွာ ဒေသတွင်း ပုံမှန် ခရီးသွားလာနိုင်ရေး အတွက်ကို လည်း ဒေသခံပြည်သူလူထုကလည်း ဆန္ဒရှိနေကြတာပါ။

XS
SM
MD
LG