သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး မန္တလေးလူထု ဆန္ဒပြ


လူသေဆုံးမှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ် အဓိကရုဏ်းအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့မှာ ရဟန်းရှင်လူပြည်သူတွေ ဒီကနေ့ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ ကုလသမဂ္ဂ အရာရှိကြီးတွေ မြန်မာနိုင်ငံကို လာရောက်စဉ် ရိုဟင်ဂျာ မူစလင်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်တွေ အတိုင်း အကောင်အထည်ဖော် ဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ အင်အား ၁၀၀ လောက်သာ ဆန္ဒပြဖို့ အာဏာပိုင်တွေက ခွင့်ပြုထားပေမဲ့ သံဃာတွေရော လူတွေပါ ထောင်နဲ့ချီ ပါဝင်လာတာကြောင့် လုံခြုံရေးကိုလည်း အပြည့်ယူခဲ့ရတဲ့ မန္တလေးမြို့က ဆန္ဒပြပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

မန္တလေးမြို့က သံဃာတော်တွေ ဦးဆောင်ပြီး ထောင်နဲ့ချီတဲ့ မြို့ခံလူထုကနေ အဖြူရောင် တီရှပ်တွေကို ဝပ်ဆင်ထားပြီးတော့ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဆန္ဒပြခဲ့ကြတာပါ။ မကြာသေးခင် လအတွင်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်-မူစလင် အဓိကရုဏ်း အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာကြောင့် စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က သူ့ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆိုခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ ဦးဆောင် သံဃာတော်တပါးက ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ကနေ ပြောဆိုခဲ့တဲ့ ရိုဟင်ဂျာမူစလင်တွေဟာ မြန်မာတိုင်းရင်းသားတွေ မဟုတ်ကြောင်း၊ သူတို့ကို ဒုက္ခသည်တွေအဖြစ် လက်ခံပြီး တတိယနိုင်ငံတွေဆီ သွားရောက်နိုင်ဖို့ရာ အတွက် မြန်မာနိုင်ငံအနေနဲ့ အကူအညီပေးနိုင် ဆိုတဲ့ အချက်တွေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ ၃ ရက်ကြာပြုလုပ်မယ့် ဒီဆန္ဒပြပွဲမှာ သက်ဆိုင်ရာအာဏာပိုင် တွေက အင်အား ၁၀၀ သာ ပါဝင်ဖို့ ခွင့်ပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ သံဃာတော်တွေရော၊ လူတွေပါ တော်တော်များများ ပါဝင်လာခဲ့တာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ သတင်းထောက်တဦးက ပြောပြပါတယ်။

“သူတို့ တပ်တဲ့ခေါင်းစဉ်ကတော့ သမ္မတကို ထောက်ခံတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားတယ်။ လူတွေကတော့ တီရှပ်ပေါ့နော်၊ ရှေ့မျက်နှာစာမှာ ဦးသိန်းစိန်ကို ထောက်ခံတယ် ဆိုတဲ့ဟာ ရေးထားတယ်။ နောက်ပြီးတော့ ကုလ သံတမန် ကင်တားနားကို ကန့်ကွက်တယ် ဆိုပြီး သူ့ကို ကြက်ခြေခတ် လုပ်ထားတဲ့ပုံနဲ့ လူတွေက ဝတ်တယ်။ တထည်ကို တစ်ထောင်နှုန်း ဆိုလားပဲ ရောင်းတယ်။ ရောင်းပြီးတော့ သူတို့ ရန်ပုံငွေ ရှာတယ်ပေါ့။ နောက်ပြီးရင် ပါဝင်တဲ့သူတွေကတော့ သမ္မတကြီးကို ထောက်ခံပါတယ် တို့၊ သမ္မတကြီး ကျန်းမာပါစေ ဆိုတဲ့ စာသားတွေ အော်ကြတယ်ဗျ။ ကင်တားနား ကိုတော့ မထောက်ခံဘူး၊ ကန့်ကွက်တယ် ဆိုတာမျိုးတော့ မအော်ဘူး၊ ဒါပေမဲ့ ရခိုင်ပြည်က ဒို့ပြည်၊ ရခိုင်ကို မသိမ်းကြနဲ့ ဘာညာတော့ အော်ကြတယ်ဗျ။ ကင်တားနားကို သီးသန့် အော်တာမျိုးတော့ ကျနော် မကြားမိဘူးဗျ။”

မထင်မှတ်ဘဲ အင်အားများလာတာကြောင့် ယူနီဖောင်းနဲ့ရော အရပ်ဝတ်တွေနဲ့ပါ လုံခြုံရေးကို အပြည့်ယူထားတာ တွေ့ရပြီး ဆန္ဒပြပွဲကတော့ အဟန့်အတားမရှိ အေးအေးဆေးဆေးနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပြပါတယ်။ အခုလို ဆန္ဒပြဖို့အတွက် လူထုကို စည်းရုံးလှုံ့ဆော် ခဲ့တာနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ အရှင်ဝီရသူ က မိန့်ကြားပါတယ်။

“လွန်ခဲ့တဲ့ တပတ်ကျော်ကတည်းက ဉ္ပဇ္ဇင်း တို့က မစ္စတာ ကင်တားနားကို ကြက်ခြေခတ်ပုံနဲ့ သမ္မတကြီးကို အမှန်ခြစ်တဲ့ပုံကို တီရှပ်လေးတွေ ထုတ်ပြီးတော့ ရောင်းတယ်လေ။ တထည်ကို ၁,၅၀၀ နဲ့ပေါ့။ အဲဒါလေးတွေက နေ့စဉ်နဲ့အမျှ တနေ့ကို အထည် ၂၀၀ ရောင်းရတယ်၊ ၃၀၀ ရောင်းရတယ်။ ၃၅၀ ရောင်းရတယ်။ နောက်ပိုင်းရက်တွေ ၇၀၀ ရောင်းရတယ်။ ဒီနေ့ဆိုရင် အကုန်လုံး ကုန်သွားတယ်။ ပြတ်သွားတယ်ပေါ့နော်။ အဲဒီလို တီရှပ်လေးတွေနဲ့လည်း လှုံ့ဆော်ထားတယ်။ ပြီးတော့ အင်တာနက်ကလည်း အမြဲတမ်း ကြေညာတယ်။ ပြီးတော့ ကျောင်းတိုက်တွေကိုလည်း လိုက်ပြီးတော့ ကပ်တယ်လေ။ အဲဒီတော့ သမ္မတကြီးကို ထောက်ခံတဲ့သူ မည်သူမဆို တက်ရောက်နိုင်တယ်။ ပါဝင် လမ်းလျှောက်နိုင်တယ် ဆိုပြီးတော့ စာတွေလည်း ဖြန့်ဝေထားပါတယ်။ ထင်ထားတာတော့ ၁၀၀ ပေါ့။ ဒါပေမဲ့ နောက်ကနေ အင်အားဖြည့်ပြီးတော့ လိုက်လာတာတွေကျတော့ ဉ္ပဇ္ဇင်းတို့နဲ့ မဆိုင်ဘူးပေါ့။ ဉ္ပဇ္ဇင်းတို့ ဆန္ဒပြတာကတော့ စည်းကမ်းအတိုင်း ကြိုးဝိုင်းထဲမှာရှိတဲ့ ၁၀၀ ပေါ့။ ကြိုးဝိုင်းရဲ့ အပြင်ဘက်မှာရှိတဲ့ လူတွေ ပြုမူဆောင်ရွက်တာ မှန်သမျှကတော့ သူတို့နိုင်ငံရေးပိုင်းဆိုင်ရာ တာဝန်ရှိတာပေါ့နော်။”

ဒီဆန္ဒပြပွဲမှာ မန္တလေးမြို့က နံမည်ကြီး ကျောင်းတိုက်တွေဖြစ်တဲ့ မစိုးရိမ်တိုက်သစ်၊ မစိုးရိမ်တိုက်ဟောင်း၊ မြတောင်တိုက် တို့အပါအဝင် မြို့နယ် ၄ မြို့နယ်မှာရှိတဲ့ ကျောင်းတိုက်က သံဃာတော်တွေ ထောင်နဲ့ချီ ပါဝင်ခဲ့ကြတာပါ။ ဒါပေမဲ့ ဆန္ဒပြပွဲမတိုင်ခင်ကတော့ သံဃာ့ မဟာနာယက အဖွဲ့ကနေ ဒီဆန္ဒပြပွဲမှာ သံဃာတော်တွေ ပါဝင်ပတ်သက်ခွင့် မရှိတဲ့အကြောင်း ကျောင်းတိုက်တွေကို စာထုတ်ပြန် သတိပေးခဲ့ တယ်လို့ အရှင် ဝီရသူ (မစိုးရိမ်) က ဆက်မိန့်ပါတယ်။

“သံဃာတွေကို သံဃာ့နာယက က ကျောင်းတိုင်းကို စာထည့်ပြီးတော့ ပေးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှု မရှိစေချင်ဘူးဆိုတာ။ အဲဒါ ခရိုင် သာသနာရေးရုံးကလည်း ဉ္ပဇ္ဇင်းကို ကိုယ်တိုင်လာပြီး သွားခါနီးမှာ လာတားပါတယ်။ ဉ္ပဇ္ဇင်းက လုံးဝကို လက်မခံနိုင်တာပါ။ ဒါကြောင့်မိုလို့ မတရားတဲ့အမိန့်ဆိုရင် တော်လှန်ဖို့ ဝန်မလေးဘူး။ ကျုပ်ကို မတားနဲ့ ဆိုပြီး သံဃာတွေ ငြိမ်းချမ်းစွာ လိုက်လံ ကူညီ ပါဝင် စောင့်ရှောက်ဖို့ ဉ္ပဇ္ဇင်းတို့ တာဝန်ယူပြီး လုပ်လိုက်တာပါ။”

သမ္မတဦးသိန်းစိန်အစိုးရကတော့ ပြီးခဲ့တဲ့လထဲမှာပဲ ဒီရခိုင်ပြည်နယ် အဓိကရုဏ်းနဲ့ပတ်သက်တဲ့ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ လအတန်ကြာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ရခိုင်တိုင်းရင်းသား ၃၁ ယောက်၊ မူစလင် ၄၆ ယောက် အပါအဝင် လူ ၇၇ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ နီးပါးနဲ့ အိမ်ခြေ ၄,၈၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရတဲ့အတွက် ဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော်ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG