သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးဆူပူမှု အာဏာပိုင်တွေရှင်းလင်း


မန္တလေးမြို့က ဆူပူမှု ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲအရာရှိ ဇော်မင်းဦး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မန္တလေးမြို့က ဆူပူမှု ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲအရာရှိ ဇော်မင်းဦး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

မနေ့ညက ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ကြားဝင်ထိန်းသိမ်းခဲ့ပြီးနောက် ဒီကနေ့မှာတော့ အခြေအနေတွေ ပြန်လည် တည်ငြိမ်စပြုလာနေပြီလို့ ဒေသခံအာဏာပိုင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း မန္တလေးမြို့တွင်းက အဓိကလမ်းတချို့နဲ့ ဈေးဆိုင်တချို့ကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေကြောင့် ဒီကနေ့အထိ ပိတ်ထားကြဆဲပါ။ မန္တလေးမြို့ရဲ့ နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ ထားပါတယ်။

ဖေ့ဘုတ်တွေကနေ ပျံ့နှံ့ခဲ့တဲ့ သတင်းပေါ်အခြေခံပြီး မန္တလေးမြို့မှာ မနေ့ညဦးပိုင်းက လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ဖြစ်ပွားခဲ့ရာက နောက်ပိုင်းမှာ ဒါးတွေ တုတ်တွေ ကိုင်ဆောင်ပြီး အကြမ်းဖက်အသွင်ဆောင်လာတဲ့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အခြေအနေတွေကို ထိန်းသိမ်းနိုင်ပြီလို့ မန္တလေးရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အားလုံးက အေးအေးချမ်းချမ်းပါပဲ။ အဓိက ဟိုဘက်ဒီဘက်လေ ပြဿနာ သိပ်မဖြစ်အောင်ပေါ့ ဒီက အကုန်လုံး ဝိုင်းထိန်းပေးလိုက်ကြတယ်။ လူကြီးတွေက အားလုံး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင်ပေါ့။ အချိန်မီထိန်းလိုက်တဲ့အတွက် ဘာတွေ အခြေအနေ ထွေထွေထူးထူး ကြီးကြီးမားမား မရှိဘူး။ မဖြစ်ဘူးပေါ့။ ဒီအတိုင်းပဲ သူ့ဟာသူ ပြီးသွားကြတာပေါ့။”

မန္တလေးမြို့ခံတဦးကတော့ မနေ့က အခင်းဖြစ်ပွားတဲ့ နေရာဒေသတဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ချထားတာကြောင့် အခြေအနေဟာ တည်ငြိမ်လာပြီလို့ ပြောပါတယ်။

“မနက်ကတော့ ဘာမှတော့ မဖြစ်တော့ဘူး။ အားလုံးသူကလေ လုံထိန်းတပ်တွေကတော့ ဖြစ်တဲ့နေရာဝန်းကျင်တွေမှာပေါ့နော် အကုန် သူတို့ ချထားပေးလိုက်နိုင်တယ်။ နောက်ပြီးတော့ သူတို့ မီးလောင်ထားတဲ့ မီးရှို့ထားတဲ့ကားတို့၊ ဖျက်ထားတဲ့ ကားတွေဘာတွေကတော့ အဲမနက်ခင်းပိုင်းပေါ့ သူတို့ သယ်သွားလိုက်တယ်ပေါ့နော်။ ဆိုင်တွေကတော့ မဖွင့်သေးဘူး။ ဆိုင်တွေကတော့ တော်တော်များများ ပိတ်ထားတယ်။ ဈေးထဲမှာလည်း ရုံတွေထဲမှာရှိတဲ့ မူဆလင်ဆိုင်တွေလည်း ဆိုင်မဖွင့်ကြဘူးပေါ့။ ဒါပေမဲ့ ကျန်တာတွေကတော့ ဘာမှမဖြစ်ဘူး။”

ဒီကနေ့မနက်မှာပဲ ၂၆ ဘီလမ်းနဲ့ လမ်း ၈၀ ကျုံးထောင့်၊ ၈၂ နဲ့ ၈၄ လမ်းထောင့် နာရီစင်တဝိုက်တွေမှာ ရဲတပ်ဖွဲ့က အဓိက လုံခြုံရေးချထားသလို ၈၂ လမ်းမှာဆိုရင် ၂၆ လမ်းကနေ ၂၉ လမ်းအထိ လမ်းတွေပိတ်ထားပြီး မြို့လယ် အချက်အခြာကျတဲ့ နေရာတွေမှာ လူသွားလူလာ နည်းပါးနေတယ်လို့ ပြောပါတယ်။ အခြေအနေက တည်ငြိမ်နေတယ်လို့ဆိုပေမဲ့ တယ်လီဖုန်းကတဆင့် ကောလဟာလ သတင်းပေးပို့တာတွေတော့ ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“ဖုန်းတွေနဲ့ပေါ့နော် သူတို့က သတင်းတွေဖြန့်တာပေါ့။ ကျနော်တို့ ဘယ်နားလေးမှာ ဘာဖြစ်နေပြီ။ ဟိုနားက ဘာဖြစ်နေပြီ။ တယောက်နဲ့တယောက် အချိတ်အဆက် မမိနိုင်တဲ့ နေရာတွေပေါ့။ သဘောကတော့ ကျနော်တို့ အရှေ့ပိုင်းမှာနေတဲ့သူဆိုရင် အနောက်ပိုင်းမှာ ဘာဖြစ်နေပြီတို့၊ အဲ့ဒီလို ဖုန်းတွေနဲ့ အဲဒီလို သတင်းတွေ ပို့တာပေါ့နော်။ ဒါ အရင်တုန်းကလည်း ဒီလိုအရေးအခင်းတွေမှာလည်း ဒီလိုပုံစံတွေနဲ့ပဲ လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။ ဒါမျိုးပဲ ဒီနေ့တော့ တွေ့ရတယ်။ ကျန်တာကတော့ ဘာမှ မကြားဘူး။”

ဒီအခြေအနေတွေကြောင့် မြို့ခံတွေဟာ ညအချိန်အမှောင်ထုကို အကာအကွယ်ယူပြီး အကြမ်းဖက်တာတွေ ထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ မန္တလေးမြို့ အစ္စလာမ်ကောင်စီက အမှုဆောင်တဦးကတော့ မနေ့ညက ထိခိုက်ပျက်ဆီးတာတွေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ၂၆ ဘီလမ်းက မြသစ္စာဆိုင် အဆောက်အဦးကို ခဲတွေနဲ့ထု ဘာညာလုပ်တော့ မှန်တွေကွဲသွားတာပေ့ါဗျာ။ နောက်တခါ ၂၆ လမ်းနဲ့ ၈၃ လမ်းထောင့်က ဆိုင်ကိုလည်း ခဲနဲ့ထုတယ်။ ရိုက်တာ ချိုးတာတွေရှိတာပေါ့။ လမ်း ၈၀ နဲ့ ၂၆ ဘီလမ်းထောင့်နားမှာရှိတဲ့ ဗလီကိုလည်း ဗဟိုဗလီပေါ့နော် အဲ့ဒီဗလီကိုလည်း ခဲတွေဘာတွေနဲ့ ထုသွားတယ်။ နောက် ဈေးချိုနာရီစင်နားမှာရှိတဲ့ ဗလီကိုလည်း တံခါးတွေကိုပေါ့နော် သူကတော့ ဝင်းအတွင်းမှာရှိတဲ့ ဗလီဆိုတော့ ဗလီပင်မတော့ မထိဘူး။ အပြင်က ဝင်းတံခါးတွေကို ရိုက်တာ၊ နှက်တာတွေ၊ ထုတာတွေ ရှိတယ်။ နောက် တခြားအိမ်တွေကိုလည်း ထုတာ နှက်တာတွေရှိတယ်။”

အစ္စလာမ် ဘာသာဝင်တချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ကြားရပေမဲ့ အခုထိတော့ အတည်ပြုလို့ မရသေးဘူးလို့ ပြောပါတယ်။ အစိုးရက ထုတ်ပြန်တဲ့သတင်းမှာတော့ မနေ့ညအစောပိုင်းက လူစုလူဝေးဖြစ်ချိန်မှာ လုံခြုံရေးတပ်ဖွဲ့က ရာဘာကျည်ဆန်တွေ အသုံးပြုပြီး လူစုခွဲထိန်းသိမ်းခဲ့ရကြောင်း ဒီကနေ့မနက် ၂ နာရီလောက်မှာ လူအင်အား ၄၅၀ လောက်က ၈၃ လမ်းနဲ့ ၈၄ လမ်းကြားမှာ ဒုတ်၊ ဓားတွေကိုင်ဆောင်ပြီး အော်ဟစ်ဆူပူတာကြောင့် လုံခြုံရေးအဖွဲ့က ထပ်မံ လူစုခွဲရကြောင်းနဲ့ မနက် ၂ နာရီလောက်မှာ ၂၆ လမ်း ၈၃ နဲ့ ၈၈ လမ်းကြားမှာ ရပ်ထားတဲ့ ဟိုင်းလပ်စ်မော်တော်ယာဉ်တစင်းကို မီးရှို့ခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့က ငြိမ်းသတ်ခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားပြီး အခြေအနေကို ထိန်းသိမ်းထားကြောင်း သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG