သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ညမထွက်ရအမိန့် နှစ်နာရီလျှော့


မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ဦးဇော်မင်းဦး
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ဦးဇော်မင်းဦး

လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရတဲ့ မန္တလေးတိုင်း ဒေသကြီးတွင်းက မြို့နယ်၇ မြို့နယ်မှာ ကန့်သတ်ချိန်ကို ၂ နာရီ လျှော့ချလိုက်ပါတယ်။ အခုလို အချိန်လျှော့ချပေးလိုက်တဲ့အပေါ် မန္တလေးမြို့ခံတွေက ကြိုဆိုကြသလို နေ့စဉ်လုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နိုင်ရေး ပုဒ်မ ၁၄၄ အပြီးတိုင် ရုပ်သိမ်းပေးဖို့ကိုလည်း လိုလားနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့နဲ့ ၂ ရက်နေ့ ညပိုင်းတွေမှာ မန္တလေးတိုင်းတွင်းက မြို့နယ်တချို့မှာ လူစုလူဝေးနဲ့ ဆူပူအကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ မန္တလေးတိုင်းတွင်း ၇ မြို့နယ်ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အရေးပေါ် ထုတ်ပြန်ခဲ့တာပါ။ မန္တလေးမြို့တွင်း လုံခြုံရေး တည်ငြိမ်စ ပြုလာပြီ ဖြစ်ပေမဲ့လို့ ရဲလုံခြုံရေး တင်းကျပ်ထားဆဲ ဖြစ်ပေမဲ့ ပုဒ်မ ၁၄၄ ည ၉ နာရီကနေ မနက် ၅ နာရီထိ ည မထွက်ရအမိန့်အစား ည ၉ နာရီကနေမနက် ၃ နာရီဆိုပြီး ဇူလိုင် ၂၁ ရက်နေ့ကစလို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးစိတ်ချရလာတဲ့ အနေအထားမှာ အများပြည်သူ သွားလာရေး လွယ်ကူအောင် အချိန် ၂ နာရီ လျှော့လိုက်တဲ့အကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ဦးဇော်မင်းဦး က ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကစပြီးတော့ ည ၉ နာရီကနေ မနက် ၃ နာရီဆိုပြီးတော့ မနက်ပိုင်း ၂ နာရီလျှော့လိုက်တာပေါ့။ လုံခြုံရေးကတော့ ကျနော်တို့ စ ဟိုဟာဖြစ်ကတည်းက အရင်တိုင်းပါပဲခင်ဗျ။ လုံခြုံရေးကတော့ လှည့်ကင်းတွေ၊ ပတ်ကင်းတွေနဲ့ ကျနော်တို့ လုံခြုံရေးကိစ္စတွေကတော့ ကျနော်တို့ ဒီအတိုင်းပဲ ဆက်လက် ဆောင်ရွက်နေပါတယ်။ လုံခြုံရေးကတော့ လုပ်ရမှာ ကျနော်တို့ တာဝန်ပဲလေ။ အဲ့ဒါကြောင့်မို့လို့ ရှေ့ဆက်ပြီးတော့ ဒါကတော့ လုံခြုံမှု အပြည့်အဝရှိအောင်တော့ ကျနော်တို့ကတော့ အမြဲတမ်း လုပ်သွားရမှာပဲ။”

လူ ၂ ဦး သေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး လူသတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ နာကျင်စေမှု၊ ဆူပူလှုံ့ဆော်မှု စတဲ့ ရဲအက်ဥပဒေနဲ့ ဖမ်းဆီးထားတဲ့သူတွေရဲ့ အခြေအနေနဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ချိုးဖောက်သူတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး ဖော်ထုတ်နေတဲ့ အနေအထားကိုလည်း ဒုရဲမှူးကြီး ဦးဇော်မင်းဦး က အခုလို ပြောပြပါတယ်။

“ကျနော်တို့ ဒါ ရရှိတဲ့ မသင်္ကာတရားခံတွေရဲ့ ထွက်ဆိုချက်နဲ့ ကျနော်တို့ စစ်ကြော ဖော်ထုတ်ချက်အရတော့ ဒီအမှုတွေကို ကျနော်တို့ ဒါ လိုအပ်တဲ့ ရဲလုပ်ငန်းတွေ အပြည့်အ၀ ဆောင်ရွက်ပြီးရင်တော့ တရားစွဲတင်နိုင်ဖို့အတွက် ဆောင်ရွက်သွားမှာပါခင်ဗျ။ အရေအတွက်ကတော့ ကျနော်တို့ အမှုက အကုန်လုံး ဟိုဟာဖြစ်တာကိုး အမှုအားလုံးက ၁၅ မှု ရှိတာကိုး။၁၅ မှုမှာ ကျနော်တို့ ဖွင့်ထားတဲ့ဟာနဲ့ဆို အားလုံး မသင်္ကာတရားခံတွေကတော့ ၄၅ ယောက်လောက် ရှိတာကိုး။”

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် မြို့တော် မန္တလေးက နေ့စဉ်လုပ်ငန်းတွေ ထိခိုက်နှောင့်နှေး အခက်အခဲ ဖြစ်ကြရတဲ့အတွက် ပုဒ်မ ၁၄၄ ကို ပြန်ရုပ်ပေးဖို့ မန္တလေးမြို့ခံတွေကိုယ်စား မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက မန္တလေးတိုင်း ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုခဲ့တဲ့အကြောင်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက သတင်းပြန်ကြားရေး တာဝန်ခံ ဦးမင်းထက်ငြိမ်းချမ်း က ပြောပါတယ်။

“ကျနော်တို့ ဝန်ကြီးချုပ် လိပ်မူတပ်တဲ့ဟာက ၁၉ ရက်နေ့က တင်လိုက်တာလေ။ ဘာသာရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့တွင် လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး တဖြေးဖြေးချင်း လျှော့ချပေးသွားပါရန် လေးစားစွာတင်ပြ မေတ္တာရပ်ခံပါသည် ဆိုပြီးတော့မှ ကျနော်တို့ဆရာ ဦးချစ်ထူးပေါ့လေ ကော်မတီကိုယ်စား သူ့နာမည်နဲ့ ဝန်ကြီးချုပ်ဆီ လိပ်မူပြီးတော့ တင်တာပေါ့။ ၁၉ ရက်နေ့ပေါ့။ အဲတော့ အဲ့ဒါတွေအတွက်လည်း အခုလို အချိန်လျှော့ချတာကောင်းပါတယ်။ သို့သော်လည်း အခုဟာ ညပိုင်းအချိန်လျှော့တာ မဟုတ်သေးဘူး။ မနက်ပိုင်းပဲ အချိန်လျှော့သေးတာ။ မနက်ပိုင်းကို ၂ နာရီလောက် လျှော့လိုက်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အရင်ကထက်ဆိုရင်တော့ အများကြီး ကောင်းသွားပါတယ်။ တတ်နိုင်ရင်တော့ အေးချမ်းသွားပြီဆိုရင်တော့ ပုဒ်မ ၁၄၄ ပြန်ရုပ်သိမ်းပေးဖို့ လိုတာပေါ့ဗျာ။”

အခုလက်ရှိ မန္တလေးမြို့တွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ မရုပ်သိမ်းသေးတဲ့ အတွက်လည်း ကုန်စည်စီးဆင်းရာ အချက်အခြာလည်းဖြစ်တဲ့ မန္တလေးမြို့က ဘာသာရေးလုပ်ငန်းတွေ၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ သူက ရှင်းပြပါတယ်။

“နောက်ပြီးတော့ မြို့ပြဖြစ်တဲ့အားလျော်စွာ ဒီအချိန်တွေက နေ့ရောညရောမှာ အလုပ်လုပ်ကိုင်ရတာ၊ ခရီးသွားရတာ၊ သွားရလာရတာတွေ၊ ဝင်ရထွက်ရတာတွေရှိတယ်။ ဥပမာဆိုရင် ဝါတွင်း ၃ လ ဝင်လာပြီ။ ဝါတွင်း ၃ လဝင်တဲ့အတွက် မန္တလေးမြို့က ဘာသာရေး အသင်းအဖွဲ့တွေ အင်မတန်များတယ်။ တခြားမြို့ရွာတွေလည်း ရှိပါတယ်။ ဒီလိုပါပဲ သို့သော် ဒီဟာက ပိုများတယ်။ များတယ်ဆိုတာက ဝတ်တက် ဝတ်ကပ် လုပ်ကြရတယ်။ ဝတ်တက် ဝတ်ကပ် လုပ်တယ်ဆိုတာက မနက် ၄ နာရီတို့ ဘာတို့အမီ ထကြရတာ။ တဘက်ကလည်း အဲ့ဒီပုဒ်မ ၁၄၄ က အဲ့ဒီကာလ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တကယ်ပဲ လိုအပ်ပါတယ်။ သို့သော်လည်း အခုတော့ဖြင့် ကျနော်တို့က ဒါလေးဆိုရင်ဖြင့် အေးချမ်းပြီ၊ ဘာမှလည်း ဟုတ်လား လိုအပ်တယ်ထင်တဲ့ တရားခံလို့ ယူဆရသူတွေကိုလည်း ဖမ်းဆီး၊ စစ်ကြော၊ မေးမြန်း ဒါတွေလည်း လက်ဝယ် ရရှိထားပြီဆိုရင်တော့ ကျနော်တို့က ဘာပဲဖြြစ်ဖစ် လုံခြုံရေးအရ စီမံနိုင်ပြီဆိုရင်တော့ ဒီဟာတွေဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသင့်ပြီပေါ့။ ဒီလိုပဲ ယူဆပါတယ်။”

ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်တွေက ထူးခြားဖြစ်စဉ်တွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေသလို၊ မန္တလေး မြို့မိမြို့ဖတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကလည်း အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ ကြိုးစားနေကြတဲ့အတွက် အခုအခါ ဆူပူအကြမ်းဖက်မှုတွေ မရှိတော့ဘဲ ပြန်လည် တည်ငြိမ်စ ပြုလာနေပြီလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

XS
SM
MD
LG