သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေဒေးနေ့ အားလပ်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆို


မန္တလေးမြို့ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံတရုံမှာ မေဒေးနေ့မှာ အလုပ်ဆင်းခိုင်းတဲ့အတွက် စက်ရုံပိုင်ရှင်ကို အလုပ်သမားတွေက ဆန္ဒပြနေကြတဲ့သတင်း အပြည့်အစုံ မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်ရှင်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်က စက်ရုံလုပ်သား ၅၀၀ ခန့် ရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ဆိုးဆေးစက်ရုံက အလုပ်သမားတွေဟာ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်တဲ့ မေဒေးနေ့မှာ စက်ရုံမပိတ်တဲ့အတွက် မနက်ပိုင်းကစပြီး ဆန္ဒပြနေခဲ့တာပါ။

စက်ရုံရှေ့မှာ ရောက်ရှိနေတဲ့ အလုပ်သမားရေး လုပ်ဆောင်နေသူ ကိုသိန်းအောင်မြင့် ပြောပြတာကတော့ -

“မေဒေးနေ့ပေါ့အမရာ၊ အလုပ်ပိတ်ရမယ်ပေါ့။ အလုပ်ပိတ်ရမယ့်ရက်မှာ အလုပ်မပိတ်တဲ့အတွက် အလုပ်သမားတွေက မကျေနပ်ကြဘူး။ မကျေနပ်တဲ့အတွက် သူတို့ ဒီနေ့ အလုပ်မဆင်းနိုင်ဘူးဆိုပြီး စက်ရုံရှေ့မှာ ဆန္ဒထုတ်ဖော်ကြတာပဲ။ တောင်းဆိုချက်ကတော့ လက်ရှိတော့ ၅ ချက်ပေါ့။ တစ်အချက်က မေဒေးပါဝင် နိုင်ငံတော်သည် အလုပ်ပိတ်ပေးရန်ဆိုပြီးတော့ တောင်း ထားတယ်ဗျ။ ဒီနေ့ကိစ္စကလည်း မေဒေးနေ့ အလုပ်မပိတ်လို့ စပြီး ဖြစ်ပေါ်လာတာပါ။ နှစ်အချက်ကတော့ ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား ဖျန်ဖြေရေးရုံးရှေ့မှာ မနှစ်က ၈ လပိုင်း ၆ ရက်နေ့ကလေ နှစ်ဦးသဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်ပေါ့နော် ၃၊ ၄၊ ၅ တွေပေါ်မှာ အလုပ်ရှင်ဘက်က လိုက်လျောမှုမရှိတဲ့ ချိုးဖောက်မှုတွေကို သက်ဆိုင်ရာမှ အရေးယူပေးရန်ဆိုပြီးတော့ အဲ့ဒါ ထည့်ထားတယ်ခင်ဗျ။ အဲ့ဒါကို တွေ့ရတယ်။ သုံးအချက်ကတော့ မတရားချုပ်ဆိုထားတဲ့ အီးဒီစာချုပ်အား ဖျက်သိမ်းပေးရန်ဆိုပြီးတော့ ရေး ထားတယ်။"

"လေးအချက်ကတော့ ရှောင်တခွင်တို့၊ ဆေးခွင့်တို့ လုပ်သက်ခွင့်တို့ ပြက္ခဒိန်နှစ် အတိုင်း သတ်မှတ်ပေးရန်ဆိုပြီး ထည့်ထားတယ်။ ငါးအချက်ကတော့ အလုပ်သမားတွေ ခံဝန်ကတိ အတင်းလက်မှတ် ထိုးခိုင်းခြင်းကို ဖျက်သိမ်းပေးရန်ဆိုပြီး အချက် ၅ ချက် တောင်းထားတာ။ ည ၁၁ နာရီကနေ နောက်နေ့မနက် ၇ နာရီအထိ ဝင်ရတဲ့တချိန်ရှိတယ်။ မနက် ၇ နာရီကနေ ညနေ ၃ နာရီအထိကို ဝင်ရတဲ့ တချိန်ရှိတယ်။ ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိကို ဝင်ရတဲ့ တချိန်ရှိတယ်ဆိုတော့ ဒီစက်ရုံမှာ အလုပ်ချိန်ကို ၃ ပိုင်းခွဲထားတယ်။ အခုတော့ မနက်က ပြန်ရမယ့် အလုပ်သမားတွေကလည်း မပြန်ဘူး။ ညတုန်းက ဝင်ထားတဲ့ အလုပ်သမားတွေရယ်၊ မနက်က ၇ နာရီဝင်တဲ့ အလုပ်သမားတွေရယ် လက်ရှိတော့ အလုပ်သမား ၂ ပိုင်း ဆန္ဒပြနေကြပါတယ်။”

မနက်ပိုင်းကစပြီး အလုပ်သမားတွေ ဆန္ဒပြခဲ့ပြီးတဲ့နောက် အလုပ်သမား ဦးစီးဌာနက လာရောက်ဖြေရှင်းပေးခဲ့ပြီး ညနေပိုင်းမှာတော့ စာချုပ်ချုပ်ဆိုဖို့ အလုပ်သမားတွေဘက်က လက်မှတ်ထိုးပြီးကာမှ အငြင်းပွားမှုတွေ ပြန်ဖြစ်ခဲ့တာကြောင့် သဘောတူညီမှု မရရှိသေးဘူူးလ့ို အလုပ်သမားခေါင်းဆောင် ကိုရွှေလဝန်းက ပြောပါတယ်။

“အလုပ်သမား ပြန်လည်ညှိနှိုင်းအဖွဲ့က ဥက္ကဌ ဦးကျော်စွာထွန်း၊ ပြီးတော့ အတွင်းရေးမှူး ဒေါ်အေးမာ ပါတယ်။ ပြီးတော့ အဖွဲ့ဝင်တွေပါတယ်ခင်ဗျ။ တိုင်းဥပဒေစစ်ဆေးရေးရုံးကလည်း ပါတယ်ခင်ဗျ။ တခြားလူမှုဖူလုံရေးအဖွဲ့က အဖွဲ့ဝင်တွေလည်း ပါသေးတယ်။ စာချုပ်ချုပ်လိုက်တာပေါ့နော်။ စာချုပ်ချုပ်ပြီး လက်မှတ်ထိုးပြီးသွားပြီ။ ကျနော်တို့ အလုပ်သမားကိုယ်စားလှယ်တွေလည်း လက်မှတ်ထိုးပြီးသွားပြီ။ အဲ့ဒီသက်သေအဖြစ် ဒေါ်အေးအေးမာ အတွင်းရေးမှူးလည်း လက်မှတ်ထိုးပြီးသွားပြီ။ အဲ့ဒါတွေပြီးတော့မှ စာချုပ်ပါထဲက အချက်တစ်ချက်ကို စာသားကလည်း အတူတူဗျာ၊ ရည်ရွယ်ချက်လည်းတူတယ်။ အဲ့ဒါကို စာသားခြင်း ပြောင်းချင်နေတယ်ဖြစ်နေတယ်။ အဲ့ကိစ္စလေးကို ရစ်နေတာ ၂ နာရီလောက်ကြာတယ်။ အဲ့တော့ ပြေလည်မှု မရသေးဘူးလို့လည်း ပြောလို့ရ တယ်။ ပြေလည်မှု ရပြီးသားလို့ ပြောရင်လည်း နည်းနည်းလေး ထပ်ပြီးတော့ ရစ်ချင်နေတဲ့သဘောပေါ့။”

အလုပ်သမားတွေ ဆန္ဒပြမှုနဲ့ပတ်သက်လို့ အလုပ်ရှင်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း အောင်စိန် ချည်မျှင်နဲ့ ဆိုးဆေးစက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အလုပ်သမား ဦးစီးဌာနက လာရောက် ဖြေရှင်းပေးခဲ့ပြီး တဲ့နောက် အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား သဘောတူညီမှုတွေ လုပ်ခဲ့တာပါ။

ဒီသဘောတူညီမှုတွေထဲက အချက်တချို့ကိုလည်း လအတော်ကြာတဲ့အထိ အလုပ်ရှင်ဘက်က လုပ်ဆောင်ပေးခြင်းမရှိတဲ့အပြင် အလုပ်သမားခေါင်းဆောင် တွေကို အလုပ်ကနေ ထုတ်ပယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေနဲ့ သဘောတူညီမှုတွေအတိုင်း မလုပ်ခဲ့တဲ့အတွက် မေးဒေးနေ့မှာ ဆက်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ အလုပ်သမားဘက်က ဆိုပါတယ်။

ဒီစက်ရုံမှာ ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့နှစ်က ၅ ကြိမ်ထက်မနည်း ပေါ်ပေါက်ခဲ့တယ်လို့ လည်း အလုပ်သမားတွေက ပြောပြခဲ့ပါတယ်။
XS
SM
MD
LG