သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးစိန်ကမ္ဘာ အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော် ဆန္ဒပြ


မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲက စိန်ကမ္ဘာအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံတွင်း အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် မရတာနဲ့ အလုပ်ရှင်နဲ့ အလုပ်သးမား နှစ်ဘက်သဘောတူစာချုပ် အချက်တွေကို ကျေနပ်မှု မရှိတာကြောင့် အလုပ်သမား ၅၀၀ ကျော်ဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

တရုတ်လူမျိုးပိုင် စိန်ကမ္ဘာ အထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ စက်ရုံတွင်းမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်မရခြင်း အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဘက် သဘောတူစာချုပ်ပါ အချက်တွေနဲ့ပတ်သက်လို့ ညှိနှိုင်းလို့ မရတဲ့အတွက် စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစပြီး ဆန္ဒပြမှုလုပ်ခဲ့ကြောင်း လုပ်ငန်းတူ စက်ရုံအလုပ်သမားများသမဂ္ဂ ဥက္ကဌ ကိုသက်နှင်းအောင် က ပြောပြပါတယ်။

“အလုပ်သမားတွေ ဆန္ဒပြရတဲ့ အကြောင်းရင်းကတော့ အမ အလုပ်သမားအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားတဲ့အခါမှာ အလုပ်ရှင်က ဒီအလုပ်သမားအဖွဲ့အစည်းကို စက်ရုံမှာ ဖွဲ့လို့မရဘူးပေါ့။ ၃ လကျလိမ့်မယ်ဆိုပြီး ခြိမ်းခြောက်တာကနေ စ ပါတယ်။ အလုပ်သမားအဖွဲ့အစည်းကို စက်ရုံထဲမှာ ဖွဲ့လို့ရှိရင် ထောင်ချမယ်ဆိုတာမျိုးတွေပေါ့နော်။ အဲ့လို ခြိမ်းခြောက်တာတွေပေါ့။ နောက်ပြီးကျတော့ လုပ်ငန်းခွင် ခွဲခြားဆက်ဆံတာတွေပေါ့။ နောက်တခုကကျတော့ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ပေါ့နော်။ အဲ့ဒီစာချုပ်ကို အလုပ်သမားတွေဘက်က မချုပ်ချင်သေးဘူး။ ဒါပေမဲ့ အလုပ်ရှင်ဘက်က မချုပ်ဘူးဆိုရင် ထောင် ၃ လ ချမယ်ပေါ့လေ။ သူတို့ကလည်း စာချုပ်မချုပ်တဲ့ အလုပ်သမားကို အလုပ်ကနေ ထုတ်မယ်ဆိုတဲ့ စာ ထုတ်လိုက်တဲ့အတွက် ဖြစ်သွားတာပါအမ။ တကယ်တမ်းက ကျနော်တို့ ဒီမှာက နှစ်ဦးသဘောတူ စာချုပ်ဆိုတာ ဒီလုပ်ငန်းခွင်မှာ မျှတတဲ့ စည်းကမ်းချက်တွေ ချုပ်ဖို့ လိုတယ်ပေါ့နော်။ အလုပ်ရှင်ဘက်က တဖတ်သတ် ချုပ်ခိုင်းတဲ့စာချုပ်က --- စာချုပ်အမ။ --- စာချုပ်ဆိုတာက လုပ်ငန်းခွင်ဆိုင်ရာ သဘောတူညီချက်စာချုပ်ပေါ့။ အဲ့ဒီစာချုပ်ထဲမှာ လုပ်ငန်းခွင်ရဲ့ စည်းကမ်းချက်တွေပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေမှာ အလုပ်ရှင်က တဖတ်သတ်ရေးဆွဲထားတဲ့ စည်းကမ်းချက်တွေပဲ ပါတဲ့အတွက် အလုပ်သမားတွေဘက်က မချုပ်ချင်တာ။ နောက်တခုကတော့ ဆွေးနွေးညှိနှိုင်းခွင့် မပေးတာပေါ့လေ ဒီစည်းကမ်းချက်တွေကို။ နှစ်ဦးသဘောတူစာချုပ်ကိုတော့ ချုပ်ပေးလိုက်တယ်ပေါ့နော်။ ဒီဆန္ဒပြနေတဲ့ အတောအတွင်းမှာပေါ့။ ပြီးရင်တော့ သူတို့က ပြန်လည်ပြီးတော့ ချိုးဖောက်တာပဲ အမရေ။”

စိန်ကမ္ဘာစက်ရုံဟာ အမျိုးသမီးအလုပ်သမား ၄၀၀ ကျော်ရှိတာပါ။ အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမလေးတဦးကလည်း သူတို့အနေနဲ့ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်မှာ အချက် ၄၀ ကျော်ပါဝင်ပြီး အချက် ၁၅ ချက်ခန့်ကို သဘောမတူနိုင်တဲ့အတွက် ဆန္ဒပြမှုတွေ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။

“လက်မခံနိုင်တာကအမ စာချုပ်ထဲမှာ ပါတဲ့အချက်တွေက ၄၆ ချက်ရှိတယ်အမ။ အဲ့ဒီ ၄၆ ချက်ကိုမှ ကျမတို့က အဲ့ဒီအချက်တွေထဲကနေ ၁၅ ချက်လောက်တော့ရှိမယ် အဲ့ဒါကို မကျေနပ်တာပေါ့။ မကျေနပ်ဘူးဆိုပေမဲ့ သူတို့ ဆွေးနွေးတာပေါ့။ သူဌေးနဲ့ ကျမတို့ ဆွေးနွေးတယ်ရှင့်။ ဆွေးနွေးတာကို သူဌေးဘက်ကလည်း လက်မခံဘူးရှင့်။”

ဆန္ဒပြနေတဲ့ အလုပ်သမားတဦးကတော့ သူတို့သဘောမတူနိုင်တဲ့ အချက်တွေထဲက အဓိကကျတဲ့ အချက်တွေကိုလည်း ပြောပြခဲ့ပါတယ်။

“အလုပ်သမားများ လိုက်နာရမည့်စည်းကမ်းများ ဆိုပြီးတော့ ရေးထားတယ်။ (က) - စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီများ၏ လုပ်ငန်းသဘာဝ၊ လုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အလုပ်ရှင်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ညှိနှိုင်းမှုဖြင့် လိုအပ်သလို ထုတ်ပြန်ရမည်ဆိုတာကို ကျနော်တို့ မကျေနပ်ဘူးခင်ဗျ။ ကျနော်တို့ သဘောမတူဘဲနဲ့ သူတို့က တဖတ်သတ်ထုတ်ပြန်နိုင်လေ။ အဲ့ဒါမျိုးတွေရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့က အဲ့ဒါကို လက်မခံတာပါ။ အလုပ်ရှင်စည်းကမ်းချက်များထဲက နောက်တခုက - စီမံခန့်ခွဲသူများအား မရိုသေ၊ မလေးမစား၊ မထေမဲ့မြင်ပြုခြင်း မပြုရ။ အဲ့ဒါမျိုးကျတော့ ကျနော်တို့က အပြန်အလှန်ရှိတယ်လေ။ စက်ရုံအတွင်း သတ်မှတ်ချိန်တွင် ကလေးခေါ်ဆောင်လာခြင်းမပြု။ အဲ့ဒါကတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ ဒီစက်ရုံထဲကိုလည်း ကျနော်တို့ ဘယ်ကလေးကိုမှ ခေါ်သွားတာမဟုတ်ဘူး။ စက်ရုံဧရိယာအတွင်းတော့ ပါတာပေါ့။ ကလေးအမေတွေ ကလေးနို့တိုက်ဖို့ ဘာညာအတွက်ပေါ့နော်။ အဲ့ဒါမျိုး ထည့်ထားလို့ ကျနော်တို့ မကျေနပ်ဘူးခင်ဗျ။”

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းပေးရေး ခုံသမာဓိကောင်စီက အလုပ်သမားကိုယ်စားလှယ် ဦးရဲနိုင်ဝင်း ကတော့ အလုပ်သမား ဆန္ဒပြမှုတွေ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်တွင်းမှာ အများအပြားပေါ်ပေါက်ခဲ့ပြီး ပြဿနာတွေဟာ အခုထိ ဖြေရှင်းနိုင်မှုတွေ အားနည်းနေသေးတဲ့ဲ့ အကြောင်းကိုလည်း ပြောပြပါတယ်။

“အလုပ်သမားပြဿနာတွေက ဒီနေ့အချိန်ထိ တအုံနွေးနွေး မဖြေရှင်းနိုင်သေးပါဘူး။ အလုပ်သမားတွေဘက်ဆိုရင် တဘက်ကတော့ လုပ်ခလစာတိုးမြှင့်ရေး သက်သက်လောက်ကို တဘက်က ပြောဆိုနေကြတာပေါ့ တခြားအင်အားစုက။ ဒါပေမဲ့လို့ တကယ့် အလုပ်သမားတွေရဲ့ ခံစားချက်က လုပ်ခလစာ တိုးမြှင့်ရေး တခုတည်းမဟုတ်ဘူး။ ဒီအလုပ်ချိန်တွေကို သူတို့ လျှော့ချချင်တယ်။ တနေ့ကို ၁၁ နာရီလောက် လုပ်နေရတဲ့ အလုပ်ချိန်တွေကို လျှော့ချချင်တယ်။ သူတို့ဘက်က စိတ်ပင်ပန်းပြီးတော့ ငြီးငွေ့လာပြီ။ တချို့ကျတော့ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရလာတဲ့အခါကျတော့ ဒီစက်ရုံပိုင်ရှင်တချို့နဲ့ အလုပ်သမားအဖွဲ့အစည်းမှာ တာဝန်ယူနေသူတွေနဲ့ မပြေလည်တဲ့ ပြဿနာတွေ ဖြစ်တာပေါ့။ ပြောချင်တာက ဒီအလုပ်သမား အဖွဲ့အစည်းတွေကို တူတူတန်တန် လုပ်ငန်းရှင်တွေ အများစုက ဒီနေ့ထိ လက်မခံသေးပါဘူး။ တဘက်ကလည်း ဒီ အလုပ်သမားအဖွဲ့အစည်းတွေက တကယ်တမ်းကျတော့ ရပ်တည်ဖို့လည်း ဘက်ပေါင်းစုံက အခက်အခဲ အကျပ်အတည်းတွေက သူတို့ရှိနေတာ။”

အလုပ်သမားတွေ ဆန္ဒပြမှုနဲ့ ပတ်သက်လို့ စိန်ကမ္ဘာ အထည်ချုပ်စက်ရုံက ပိုင်ရှင်တွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ညနေပိုင်းမှာတော့ အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တွေ၊ အလုပ်သမားတွေဘက်က ကိုယ်စားလှယ်တွေနဲ့ မြို့နယ်တွင်းက အလုပ်သမားရေး ဖြန်ဖြေညှိနှိုင်းရေး တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေပြီး ပြေလည်မှုတွေ မရရှိသေးကြောင်း ဆက်လက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း အလုပ်သမားတွေက ပြောပါတယ်။
XS
SM
MD
LG