သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာတင်လူသာကင်းမိန့်ခွန်း နှစ် ၅၀ ပြည့်အခမ်းအနား ရန်ကုန်မှာကျင်းပ


မာတင် လူသာကင်း နှစ် ၅၀ ပြည့်အခမ်းအနား ရန်ကုန်မှာ ကျင်းပ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၂၈ သြဂုတ် ၂၀၁၃)
မာတင် လူသာကင်း နှစ် ၅၀ ပြည့်အခမ်းအနား ရန်ကုန်မှာ ကျင်းပ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၂၈ သြဂုတ် ၂၀၁၃)
အမေရိကန်ပြည်ထောင်စုမှာ လူဖြူလူမဲ ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းခဲ့သူ ပြည်သူ့ လူ့အခွင့်အရေး လှုပ်ရှားသူဖြစ်တဲ့ ဒေါက်တာ မာတင် လူသာကင်း ဂျူနီယာ (Dr. Martin Luther King Jr.) ရဲ့ "I Have A Dream" မိန့်ခွန်းဟာ သမိုင်းဝင်ဖြစ်ပါတယ်။ အဲ့ဒီမိန့်ခွန်းပြောကြားခဲ့တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်စင်တာမှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) က အဲ့ဒီအခမ်းအနားမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ဒေါက်တာ မာတင် လူသာကင်းရဲ့ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှုဟာ တူညီနေတယ်လို့ ဗွီအိုအေကို ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ အခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန်နိုင်ငံက လူမဲ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာ မာတင် လူသာကင်းရဲ့ ကမ္ဘာကျော် “I Have A Dream” ကျနော့်မှာ မျှော်မှန်းတဲ့ အိပ်မက်တခု ရှိပါတယ်ဆိုတဲ့ ၁၉၆၃ ခုနှစ်မှာ ပြောကြားတဲ့ မိန့်ခွန်း နှစ် ၅၀ ပြည့် အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် စင်တာမှာ ဒီကနေ့ ကျင်းပခဲ့တာပါ။

ဒေါက်တာ မာတင် လူသာကင်း ဦးဆောင်တဲ့ အမေရိကန်နိုင်ငံက ပြည်သူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှု ၂ ခုမှာ တူညီမှုတွေ ရှိတာကို တွေ့ရတယ်လို့ ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်း အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ဦးခွန်ထွန်းဦးတို့အပြင် လမ်းမတွေပေါ် ထွက်ပြီး မိမိတို့ရဲ့ အခွင့်အရေးကို တောင်းဆိုကြသူတွေ၊ ဒီမိုကရေစီအရေး တောင်းဆိုကြသူတွေနဲ့ မာတင် လူသာကင်းကြားမှာ တိုက်ရိုက် ဆက်နွယ်မှု ရှိပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ ပြောင်းလဲမှု အစလို့ ခေါ်မယ်ဆိုလည်း ရနိုင်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မာတင် လူသာကင်းတို့ ၂ ဦးစလုံး နိုဘဲလ်ငြိမ်းချမ်းရေးဆုတွေ ချီးမြှင့်ခံခဲ့ကြရတယ်ဆိုတာလည်း အကြောင်းရှိပါတယ်။ သူတို့ဟာ တကမ္ဘာလုံးက လေးစားခံရတဲ့
ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ သူတို့ဟာ လူသားအားလုံးနဲ့ဆိုင်တဲ့ အမှန်တရားကို ပြောဆိုကြပါတယ်။”

“သူတို့ ၂ ဦးစလုံးက အကြမ်းမဖက်တဲ့ နည်းလမ်းကို ယုံကြည်ကြသူတွေ ဖြစ်ပါတယ်။ နောက် သူတို့ဟာ လူတွေအားလုံး စုစည်းပြီး လူမှုအသိုင်းအဝိုင်းတခု ဖြစ်ပေါ်အောင် ဦးဆောင် ဦးရွက်ပြုခဲ့ကြသူတွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကနေ့အထိ တိုးတက် ကောင်းမွန်အောင် နေ့တဓူ၀ ကြိုးစားလုပ်ဆောင်နေကြရတုန်း
ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့လည်း အနာဂတ်မှာ ဘယ်လိုပုံစံမျိုး ဖြစ်ချင်တယ်ဆိုတာ ဒီကနေ့ ရုပ်လုံးဖော်ရမယ့်အချိန် ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။"

ပြောင်းလဲမှုတွေ ဖော်ဆောင်တဲ့နေရာမှာ တခြားနိုင်ငံတွေမှာလိုပဲ တဆင့်ခြင်း တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်ကြသလို မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းက ကိုယ့်တိုင်းပြည် ဘယ်လိုပုံစံမျိုး ဖြစ်ချင်တယ်ဆိုတာကို ကိုယ်တိုင် ပါဝင်ပြီး ရုပ်လုံးဖော်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက ပြောကြားခဲ့တဲ့ စကားတွေဟာ ဒီကနေ့အချိန်မှာ အင်မတန် အရေးပါတယ်လို့ ဒဲရက်ခ် မစ်ချဲ က ပြောပါတယ်။

ဒါကြောင့် ကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျောင်းသား လူငယ်တွေ အပါအဝင် တခြား လူငယ်တွေအနေနဲ့ လက်ရှိ တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ နားလည်မှု လွဲမှားနေတာတွေကို ကျော်လွန်ပြီး နောက်တဆင့် တက်လှမ်းဖို့အတွက် နမူနာယူ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဒဲရက်ခ် မစ်ချဲ က ပြောပါတယ်။

အမေရိကန် လူမဲပြည်သူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာ မာတင် လူသာကင်းဟာ ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့က ဝါရှင်တန်ဒီစီမြို့မှာ အဲဒီ သမိုင်းဝင် I Have A Dream မိန့်ခွန်း ပြောကြားခဲ့တယ်ဆိုတာကို တက်ရောက်လာကြတဲ့ ကျောင်းသား လူငယ်တွေကို သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ က ရှင်းပြခဲ့တာပါ။

ဒါ့အပြင် မာတင် လူသာကင်းရဲ့ ကြိုးစား လုပ်ဆောင်မှုတွေထဲက အဓိက အကြောင်းအရာ တခုဖြစ်တဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိအောင် စွမ်းဆောင်မှုနဲ့ ပတ်သက်လို့လည်း -

"မာတင် လူသာကင်းဟာ တရားမျှတမှု ရရှိရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ မရ ရအောင် ကြိုးစား လုပ်ဆောင်ခဲ့ပေမဲ့ သူ့အနေနဲ့ ဒါကို ရယုံသက်သက်မဟုတ်ဘဲ လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ဘယ်လို လုပ်ဆောင်မလဲဆိုတာကို အလေးထား လုပ်ဆောင်သူ ဖြစ်ပါတယ်။ သူဟာ အကြမ်းမဖက်တဲ့ နည်းကိုသာ ယုံကြည်သူ ဖြစ်ပါတယ်။ တကယ်တော့ မာတင် လူသာကင်းဟာ တရားဟောဆရာ၊ ခရစ်ယာန် ဘုန်းတော်ကြီး တပါးပါ။ သူ့ရဲ့ ဒီလှုပ်ရှားမှုဟာ ဘာသာရေးလှုပ်ရှားမှု အသွင်သဏ္ဍာန် ဆောင်နေပြီး ဘာသာရေးနဲ့ မဆိုင်တဲ့ လှုပ်ရှားမှုဖြစ်ဖို့ သူ့ဘက်က ဆန္ဒရှိတယ်၊ အဲဒီလို ဦးတည် လုပ်ဆောင်ခဲ့တယ်ဆိုပေမဲ့ သူဟာ တခြား ဘာသာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။"

ဒီအခမ်းအနား အမေရိကန် စင်တာအနီးဝန်းကျင်မှာရှိတဲ့ စာသင်ကျောင်းတွေက ကျောင်းသားလူငယ်တွေ၊ တခြား စိတ်ဝင်စားတဲ့ လူငယ်၊ လူကြီး အစုံအလင် တက်ရောက်လာကြတာကို တွေ့ရပါတယ်။ အခမ်းအနားကို တက်ရောက်လာသူ ကျောင်းသူတဦးဖြစ်တဲ့ မမေသူကတော့ မာတင် လူသာကင်းရဲ့ မဆုတ်မနစ် ဇွဲလုံ့လနဲ့ လိုချင်တဲ့ ပန်းတိုင်ရောက်အောင် စွမ်းဆောင်သွားတဲ့ စိတ်ဓာတ်ကို လေးစား အားကျမိတယ်လို့ ပြောပါတယ်။

“မာတင် လူသာကင်း ဆိုရင် သူက ဘာမဆို သူက လုပ်ရဲတယ်ပေါ့နော်။ ဘာလိုပဲဖြစ်ဖြစ် သူ ဖြစ်ချင်တဲ့ဟာကို ရအောင်လုပ်သွားခဲ့တယ်။ ဘာမှ မကြောက်ဘဲနဲ့ ဒီဟာကို လိုချင်ရင် ဒီဟာကို ရအောင်လုပ်တယ်ဆိုတာ။ ဒီမှာ ပြောတဲ့ speaker တွေနဲ့ဆိုရင် ပိုပြီးတော့ ဘယ်လိုပြောရမလဲ ဟို မသိရတဲ့ဟာတွေလည်း သိရတယ်ပေါ့နော်။ နောက်ပြီးတော့ အတွေ့အကြုံတွေလည်း အများကြီးရတယ်။ မာတင်လူသာကင်းအကြောင်း ကိုလည်း သူတို့ ပြောတဲ့အတွက် မာတင် လူသာကင်း ဘာတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း သိရတယ်။ ပြီးတော့ ဓာတ်ပုံတွေ၊ Exhibition တွေလည်း အများကြီးရှိတယ်။ ပြီးတော့ သူတို့ပြောတဲ့ ဟာတွေ ကိုယ်သိသင့်တဲ့ ဟာတွေလည်း မှတ်ထားလို့ရတယ်ပေါ့။ Experience တွေလည်း အများကြီးရတယ်။ ဒီကိုလာတဲ့အတွက်ကြောင့်မို့။”

ဒီကနေ့ အခမ်းအနားကို NLD ပါတီ နာယကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးနဲ့ ဧည့်ပရိတ်သတ် ၁၀၀ လောက် တက်ရောက်တာကို တွေ့ရပါတယ်။

သံအမတ်ကြီး Derek Mitchell ကတော့ အမေရိကန်နိုင်ငံက Defense Institution for International Legal Studies - ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေရေးရာ လေ့လာရေးအဖွဲ့
နေပြည်တော်မှာ ရောက်နေတဲ့အတွက် သူတို့ကို တွေ့ဆုံ အားပေးဖို့အတွက် အခမ်းအနား ပြီးပြီးချင်းဆိုသလိုပဲ နေပြည်တော်ကို ထွက်ခွာသွားပါတယ်။
XS
SM
MD
LG