သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ နယ်မြို့တွေမှာ ကျင်းပ


ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ၆၆ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်။ (ဇူလိုင် ၁၉၊ ၂၀၁၃)၊
ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ၆၆ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်။ (ဇူလိုင် ၁၉၊ ၂၀၁၃)၊
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် တခုဖြစ်တဲ့ မန္တလေးမြို့အပါအဝင် တခြားမြို့ တော်တော်များများ မှာလည်း အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ဂါရဝပြုပွဲတွေ ဆွမ်းကျွေးပွဲတွေ စီတန်းလမ်းလျှောက်ပွဲတွေလုပ်ပြီး အောက်မေ့သတိရမှုကို ပြသခဲ့ကြပါတယ်။ အခုလို မြို့တော်တော်များများမှာ ကျင်းပခဲ့ကြတဲ့
အာဇာနည်နေ့ပွဲတွေအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဒုတိယလူဦးအများဆုံးဖြစ်တဲ့ မန္တလေးမြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ် ရှေ့မှာ လူထုအခြေပြုအဖွဲအစည်းတွေ၊ ဌာနဆိုင်ရာဝန်တမ်းတွေ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ စုစုပေါင်း ၅၀၀ လောက်က လွမ်းသူ့ ပန်းခွေချ အလေးပြုဂုဏ်ပြုခဲ့ကြပါတယ်။ ခုလို မန္တလေးမြို့မှာ ကျင်းပကြတဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အကြောင်းကို လယ်သမား အလုပ်သမားရေး ဆောင်ရွက်နေသူ ကိုတိုးကြီးက ပြောပြပါတယ်။

“ပန်းခြံမှာ အလေးပြုအခမ်းအနားတွေ လုပ်တယ်။ အလေးပြုပီးတဲ့အခါမှာ မန္တလေးမြို့မှာ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ ၁၇ ဦးရှိတယ်လေ။ အဲဒီကိုလည်း သွားပြီးတော့ အလေးပြုပါတယ်။ စီတန်းလမ်းလျှောက်တာကတော့ ဗကသတို့၊ တကသတို့၊ မန္တလေးပြည်သူ့အကျိုးဆောင်ကွန်ယက်တို့ အဖွဲ့အစည်းတွေ အများကြီးလာကြပါတယ်။ ပန်းခွေတွေနဲ့အတူ လာကြပါတယ်။ တချို့က ကားနဲ့လာကြတယ်။ တချို့က လမ်းလျှောက်ပြီးလာကြတယ်။ ၅၀၀ လောက်တော့ ရှိပါတယ်။”

မြို့နယ်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကတော့ မှတ်တမ်းယူတာ၊ သတင်းမေးတာ ဓာတ်ပုံရိုက်တွေကိုလည်း ပုံမှန်ပြုလုပ်နေကြပေမဲ့ အရင်နှစ်တွေက ထက်စာရင် လွတ်လွတ်လပ်လပ် ပွင့်ပွင်းလင်း အာဇာနည်နေ့ကို ကျင်းပနိုင်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့ဘက်မှာ အာဇာနည်နေ့ကို လွတ်လွတ် လပ်လပ် ကျင်းပနိုင်ခဲ့ကြပေမဲ့ ပဲခူးတိုင်း ပြည်မြို့မှာတော့ ကန့်သတ် ပိတ်ပင်မှုတချို့ရှိခဲ့ပါတယ်။


ပြည်မြို့ မှာနှစ်စဉ်နှစ်တိုင်း ပန်းခွေချပွဲလုပ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာ ဒီနှစ် ပန်းခွေချမယ်ဆိုရင် ပုဒ်မ ၁၈၈ အရ အရေးယူမယ်လို့ သက်ဆိုင်ရာက ကြိုတင်ကြေညာထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူအင်အား ၁၂၀၀ ကျော်လောက်ကတော့ ဗိုလ်ချုပ်ကြေးရုပ်တဝိုက် စီတန်း လမ်းလျှောက်ပြီး ပန်းခွေချ ဂါရဝပြု ခဲ့တယ်လို့ ပြည်မြို့က တက်ကြွလှုပ်ရှားသူ ကိုသန်းထိုက်အောင်က ပြောပါတယ်။

“မနေ့က မြင်းစီးကျောက်ရုပ်မှာ ပန်းခွေချရင် အရေးယူမယ်လို့ လည်အော်တယ်။ လည်အော်တာက မြို့လည်ကောင် နှစ်နေရာ သုံးနေရာလောက်အော်ပြီးတော့ ပျောက်သွားတာ။ နေရာအနှံ့ကိုလည်း မအော်ဘူး။ အဲဒါ ပြည်သူလူထုက မြင်းစီးကျောက်ရုပ်မှာ ပန်းခွေမချရဲဘူး။ ခနချတယ်။ ချပြီး ပြန်သယ်သွားရတယ်။”

ပြည်မြို့က လူအခွင့်အရေး ရှေ့နေ ဦးမြင့်အေးကတော့ အလယ်တန်းကျောင်းသားဘဝကတည်းက
အလေးပြု ပန်းခွေချလာခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းခွေချလို့ အဖမ်းခံရမယ်ဆိုလည်း ခံမယ်လို့ ဆိုပါတယ်။

“ဒီနေ့လည်းပဲ ညက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေပြီးတော့ ပန်းခွေချတဲ့သူကို အရေးယူမယ်လို့ ပြောတယ်။ အဲဒီတော့---- လိုက်သွားရုံပါပဲခင်ဗျာ။”

အလားတူ အာဇာနည်နေအခမ်းအနားတွေကို ကရင်ပြည်နယ် မြဝတီမြို့အပါအဝင် တခြားမြို့တွေဖြစ်တဲ့ မန္တလေးတိုင်း၊ မိထ္တီလာမြို့နဲ့ မြင်းမြို့တွေမှာလည်း အခမ်းအနားတွေ ကျင်းပခဲ့တာပါ။ ဧရာဝတီတိုင်း မြောင်းမြမြို့မှာတော့ အနှေးယာဉ် လုပ်သားများကလည်း သူတို့အစီစဉ်နဲ့သူတို့ ပန်းခွေချခဲ့သလို ကျောင်းကုန်းမြို့မှာလည်း အခမ်းအနားလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပြည်သူအတော်များများဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

အလားတူပဲ ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း ဂါရဝပြုတဲ့နေရာတိုင်းမှာ တွေ့နေရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားကလေးငယ်တွေအတွက် ဖွင့်ထားတဲ့စာသင်ကျောင်းပေါင်း ၈၀ လောက်ရှိတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်ပွဲတွေ လုပ်ခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG