ဓားစာခံတွေကို ခေါင်းဖြတ်သတ်တာ ရိုက်ယူထားတဲ့ ဗွီဒီယိုတွေထဲမှာပါတဲ့ အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က မျက်နှာဖုံးစွပ်လူ ဘယ်သူဆိုတာ အကြမ်းဖျဉ်းသိထားပြီလို့ သတင်းမီဒီယာတွေက ပြောနေပါတယ်။ ဒါပေမဲ့လည်း အဲဒီသတင်းတွေ မတိမကျ ဖြစ်နိုင်ခြေရှိတယ်လို့ လုံခြုံရေးပိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အရပ်ရှည်ရှည်၊ အင်္ဂလိပ်စကားကို လန်ဒန်သားလေနဲ့ပြောတဲ့ Jihadi John လို့ နာမည်ပေးထားတဲ့ အဲဒီမျက်နှာဖုံးစွပ်လူဟာ Mohammed Emwazi ဖြစ်တယ်လို့ သူတို့ယုံကြည်တဲ့အကြောင်း သူ့ရဲ့သူငယ်ချင်းတွေကို ကိုးကားပြီး သတင်းတွေကပြောတာ ပါ။
မျက်နှာဖုံးစွပ်လူဟာ Emwazi ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်တဲ့အကြောင်း အမေရိကန်အစိုးရ သတင်းရင်းမြစ် နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဇာတ်လမ်းစုံဟာ အဲဒီထက် ပိုရှုပ်ထွေးတယ်ဆိုပြီး Jihadi John ဘယ်သူဖြစ်တယ်လို့ပြောနေတာကို အတည်ပြုပေးဖို့ ဥရောပ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ငြင်းတယ်လို့ ရောမမှာရှိတဲ့ ဗွီအိုအေသတင်းထောက် Jamie Dettmer က ပြောပါတယ်။ အမေရိကန်နိုင်ငံသားတွေကို IS အဖွဲ့က သတ်ပစ်တဲ့ကိစ္စ ဆက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရအမျိုးသမီးတဦးကပြောပေမဲ့ Jihadi John နဲ့ ပတ်သက်တဲ့သတင်းတွေကို အတည်မပြုသလို ငြင်းလဲ မငြင်းပါဘူး။