သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မအူပင် လယ်မြေ ပဋိပက္ခ သေဆုံး ထိခိုက်မှုရှိ


မြန်မာ လယ်သူမတဦး (စက်တင်ဘာ ၂၀၁၂)
မြန်မာ လယ်သူမတဦး (စက်တင်ဘာ ၂၀၁၂)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုဝင် ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ မှာ လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေတွေကို ပြန်ပြီး ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးသွားပြီးတော့ အရပ်သား အမြောက်အများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ က မအူပင်မြို့နယ်ထဲက လယ်သမားတွေနဲ့ ရဲတွေရဲ့ နောက်ဆုံး အခြေအနေကို တင်ပြထားပါတယ်။

မအူပင်မြို့နယ်ထဲက ကျေးရွာပေါင်း ၆ ရွာကနေ သိမ်းဆည်းထားတဲ့ လယ်မြေဧက ၅၀၀ ကျော်ကို Orchard ကုမ္ပဏီက ၁၉၉၆ ခုနှစ်က သိမ်းဆည်းခဲ့ပြီးတဲ့နောက် ငါးကန်များ တူးထားရာကနေ အခုနောက်ပိုင်း အသုံးမပြုတော့တဲ့အတွက် မူလပိုင်ရှင် လယ်သမားတွေက လယ်မြေတွေကို ပြန်ရဖို့အတွက် ကြိုးစားရင်းနဲ့ ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။

ဒေသခံလယ်သမားတွေကို အကူအညီပေးနေတဲ့ လမ်းပြကြယ်အဖွဲ့က ဦးထွန်းနိုင်ကတော့ လယ်သမားတွေဘက်က ထိခိုက်ခံရမှု အခြေအနေကို အခုလို ပြောပါတယ်။

“ကိုသန်းရွှေ ခေါင်းကို သူက ဒုတ်နဲ့ အရိုက်ခံထားရတယ်။ ကိုနိုင်ဝင်း ကျောပြင်ကို သေနတ်မှန် တယ်။ စိုးမင်းဦး မေးစေ့တို့ နားထင်တို့ ကျည်ဆန် ရှပ်မှန်ထားတယ်။ ကိုဝင်းနိုင် သူကတော့ ခေါင်း အရိုက်ခံရတယ်။ သုံးချက် အချုပ်ခံရတယ်။ ဒေါ်တင်တင်နွယ်က ဗိုက်ကို ရိုက်တယ်။ ဖိနပ်တွေ နဲ့ ဆောင့်ကန်တယ်။ အဲ့ဒါ ကလေးပျက်ကျသွားတယ်။ အခုအချိန်ထိ သတိမရသေးဘူး။ အဲ့ဒီ ကလေးမက။ ဒေါ်ဥမ္မာစမ်း အမျိုးသမီးပေါ့နော် သူက လက်ကျိုးသွားတယ်။ ဒေါ်အေးအေးခိုင် ဆိုတာကတော့ ညာဘက်က နံရိုးကို ထိသွားတာပေါ့နော်။ နံရိုးကို အရိုက်ခံရတာ။ ဒေါ်မူမူဝင်း ကတော့ ခေါင်း ၆ ချက် ချုပ်ရတယ်။ ဒေါ်နွယ်စိမ်းက နှုတ်ခမ်းရဲ့ ထိပ်ကို သူက သေနတ် ရှပ်မှန် သွားတယ်လေ။ အခုလောလောဆယ် စုစုပေါင်းကတော့ ၁၉ ဦး ၂၀ လောက်တော့ ရှိတယ်။ အားလုံးပေါင်း။ သေနတ်မှန်တာက ၃ ဦး အတိအကျရတယ်။”

ရဲတွေဘက်ကလည်း လယ်သမားတွေရဲ့ ရိုက်နှက်မှုကို ပြန်ပြီးတော့ ခံခဲ့ရတာပါ။ လူနာတွေကို အကူအညီ ပေးနေတဲ့ ပျိုးခင်းသစ် ဖောင်ဒေးရှင်း တည်တောင်သူ ကိုထိုက်ထိုက် ကတော့ မအူပင်ဆေးရုံကို မနက်ပိုင်းမှာ လူနာတွေ ထပ်ရောက်လာတဲ့ အကြောင်းကို အခုလို ပြောပြ ပါတယ်။

“ဒီမနက် လူနာ ၄ ယောက် ထပ်ရောက်တယ်။ ၁၂ နာရီဝန်းကျင်လောက်မှာပေ့ါ။ ၂ ယောက်က သေ နတ်မှန်တဲ့ ဒဏ်ရာနဲ့ပေါ့။ သေနတ်မှန်တဲ့ဒဏ်ရာက အခုဘယ်လောက်ရှိသွားပြီလဲဆိုတော့ ကျနော် ထင်တယ်၊ ညကကျနော်တို့ သယ်လာတာက ၂ ယောက်ဆိုတော့ ဒီနေ့ ၂ ယောက်ဆိုတော့ ၄ ယောက်အမ။ ရန်ကုန်ကိုမနေ့က ပို့လိုက်ရတဲ့ရဲတယောက် ဆုံးသွားပြီအမ။”

အာဏာပိုင်တွေဘက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေလည်ပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဖယ်ရှားခိုင်းနေပေမဲ့ လယ်သမားတွေက လယ်ပြန်ရရှိရေး တောင်းဆိုနေတဲ့အတွက် ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ဖြစ်ခဲ့ရတာပါ။ မအူပင်မြို့နယ် ရဲစခန်းမှူး ဦးသိန်းဝင်းကို ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်သွယ်မေးမြန်း ကြည့်ခဲ့ပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေပါတယ်ခင်ဗျ။

မေး။ ။ အရပ်သားတွေထဲကရော။
“အရပ်သားတွေမှာ အသေအပျောက် မရှိပါဘူးခင်ဗျာ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အရာရှိ ၂ ဦးနဲ့ အခြားအဆင့် ၂၆ ဦး အားလုံးပေါင်း ဒဏ်ရာရပါတယ်။”

မေး။ ။ ဟုတ်ကဲ့ အရပ်သားတွေမှာရော ဒဏ်ရာရတဲ့သူ ဘယ်လောက်များ ရှိပါလဲရှင့်။
“ဒဏ်ရာရတာက ယောက်ကျား၊ မိန်းမ ၁၅ ယောက်လောက် ရှိပါတယ်။”

မေး။ ။ သူတို့မှာရော သေနတ်ဒဏ်ရာကြောင့် ပြင်းထန်တာမျိုး ရှိပါသလားရှင့်။
“ပြင်းထန်ဒဏ်ရာမရှိပါဘူး၊ သာမန်ဒဏ်ရာတွေ များပါတယ်၊ ပွန်းရုံပဲ့ရုံပါ။”

မေး။ ။ ဆိုတော့ အခု ဒီအခြေအနေကို ဘယ်လိုများ ထိန်းသိမ်းထားမှု ရှိပါသလဲရှင့်။
“အခုလက်ရှိကတော့ ကျနော်တို့ စစ်ဆေး ဖော်ထုတ်ဆဲပါပဲခင်ဗျ။ အခု လူအုပ်နဲ့ဆိုတော့လေ အဲဒါကို စုံစမ်း ဖော်ထုတ်ဆဲပါပဲ။”

မေး။ ။ အခြေအနေတွေက တင်းမာမှုတွေ ဆက်ရှိနေတုန်းပဲလားရှင့်။
“အခုတော့ လူလည်း မရှိတော့ဘူးပေါ့နော်။ ဒါပေမဲ့လို့ ပြီးတော့မပြီးသေးဘူးပေါ့။”

မေး။ ။ မနေ့က ပစ်ခတ်မှုက ဘယ်လို အခြေအနေကြောင့် ဖြစ်သွားတာလဲရှင့်။
“သူတို့ဘက်က ဒုတ်တွေ၊ ဓားတွေနဲ့ ကိုင်ဆောင်ပြီးတော့ အတင်းအဓမ္မ အကြမ်းဖက် လာလို့ပါ။”

ဒါကတော့ ရဲစခန်းမှူးရဲ့ ပြောကြားချက်ပါ။ လယ်သမားတွေ အခြေအနေကတော့ နေ့လည်ပိုင်း အထိ ကန်ဘောင်ပေါ်ကို လူ ၅၀ ခန့် တက်လာသေးတယ်လို့ ဆိုပါတယ်။ အခြေအနေတွေကတော့ ပြီးသွားတာမျိုးမဟုတ်ဘဲ ညှိနှိုင်းတာမျိုးတွေလည်း မရှိတာကြောင့် ပြေလည်မှုတွေ မရသေးဘူးလို့ ဦးထွန်းနိုင်ကတော့ ဆိုပါတယ်။

“ဟုတ်ကဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိသေးပါဘူးခင်ဗျ အခုအချိန်အထိ။”

ညနေပိုင်းမှာတော့ ရွှေညဝါဆရာတော်နဲ့ အရှင်ဝီရသူတို့က အဲ့ဒီ မအူပင်ကို လာရောက်ဖို့ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အခုလို အခင်းဖြစ်ပွားတဲ့ အဲ့ဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အခြေအနေတွေဟာ ငြိမ်သက်နေပေမဲ့ ပြီးဆုံးသွားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ပုဒ်မ ၁၄၄ ဆိုတာ မတည်ငြိမ်တဲ့ အနေအထားမှာ ထုတ်တာဖြစ်တဲ့အတွက် နှစ်ဘက် အဓိက ရုဏ်းတွေ ဖြစ်တဲ့အခါမှာ ပုဒ်မ ၁၄၄ ဥပဒေပါ အချက်အလက်တွေအတိုင်း ဖြေရှင်းကြဖို့ လိုတယ် လို့ ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ထောက်ပြပါတယ်။

“အများပြည်သူသိအောင် ကြေညာပေးရမယ်။ အဲဒီလိုကြေညာပေးတဲ့နောက် စုလာလို့ရှိရင် သူတို့ Riot Manual လို့ခေါ်တဲ့ လုပ်ထုံး လက်စွဲစာအုပ်မှာ ပါတဲ့အတိုင်း တဆင့်ပြီး တဆင့်ပေါ့ဗျာ။ ဒီနေရာ မလာရဘူး၊ ဒီနေရာ ရပ်ရမယ် စသဖြင့်ပေါ့လေ။ အဲ့ဒီလိုမျိုး နောက်ဆုံးတော့ ပစ်ခတ် အရေးယူမယ်ဆိုရင် သတိပေးပြီးတော့ အပေါ်ကို ပစ်ရမယ်၊ နောက်တော့မှ အောက်ကိုဆို တာတောင် အသက်အန္တရာယ် မထိခိုက်နိုင်လောက်တဲ့ နေရာတွေကို ရွေးပြီးတော့ပစ်ရမယ်။ ရာဘာကျည်ဆံတွေ ဘာတွေ ကျနော်တို့ သုံးမယ်။ နောက်တခါ မျက်ရည်ယို မီးခိုးဗုံးတို့ ဘာတို့ မျက်ရည်ယိုဗုံးတို့ ဘာတို့သုံးမယ်။ ဒီလိုမျိုးပေါ့လေ စနစ်တကျ လဲှရတယ်။”

လက်ရှိ အချိန်မှာ အစိုးရဘက်က ပုဒ်မ ၁၄၄ ထုတ်ထားတာကြောင့် လယ်သမားတွေအနေနဲ့ သတိထား ဆောင်ရွက်ရမယ့် အနေအထားမှာ ရှိတယ်လို့လည်း ကိုမောင်စိုးက ပြောပါတယ်။

“ညကျလို့ရှိရင်တော့ တခုခုတော့ စီစဉ်ရမှာပေါ့။ ရှောင်သင့်ရင်လည်း ရှောင်ပေးရမှာပေါ့။ ကိုယ်က လက်နက် မရှိတဲ့သူ၊ သူတို့က လက်နက်ရှိတဲ့သူ။ သွားပြီးတော့ ဟိုဒင်းဖြစ်နေလို့လည်း မဟုတ်သေးဘူးလေ။”

အခုလို ငါးကန် ဖော်မယ်ဆိုပြီး သိမ်းထားတဲ့ မြေတွေမှာ အမှန်တကယ် အလုပ်မလုပ်တာကြောင့် လယ်သမားတွေက သိမ်းဆည်းခံရတဲ့ သူတို့တွေရဲ့ မြေယာတွေကို ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးဖို့ ကြိုးစားနေတဲ့အတွက် ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးပွဲ လုပ်ခဲ့သလို၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လူစု မခွဲရင် ပစ်ခတ်မယ်လို့ ရဲတွေဘက်က အသံချဲ့ စက်တွေနဲ့ နေ့လည်ပိုင်းက စပြီး ကြေညာခဲ့ပါတယ်။

လယ်သမား အင်အား ၅၀၀ ကျော်ကို ရဲအင်အား ၃၀၀ လောက်က ပစ်ခတ်မယ်ဆိုတဲ့ အကြောင်း ကို နေ့လည်ပိုင်း ကတည်းက တောက်လျောက် သတိပေး ပြောကြားနေခဲ့ တာဖြစ်တယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အခြေအနေမှာ နှစ်ဖက်ညှိနှိုင်းမှုတွေ ရဖို့အတွက် အာဏာပိုင်တွေနဲ့ လယ်သမားအဖွဲ့က တာဝန်ရှိသူတွေအကြား စေ့စပ်ပေးဖို့တွေ ရှိနေတယ် လို့လည်း မအူပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုမင်းဇော် က ပြောပါတယ်။

“တောင်သူတွေဘက်ရော၊ ကုမ္ပဏီဘက်ရော၊ အာဏာပိုင်တွေဘက်ရော၊ ၁၄၄ ထုတ်ထားတဲ့အခါ ကျတော့ အခု လောလောဆယ် ဘာမှ လုပ်လို့မရဘူး။ ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲ။ ဥပဒေဘောင်အတွင်းကပဲ ဖြစ်ရမယ်။ အကြမ်းဖက်မှုမျိုး မဖြစ်ရဘူး။”

လယ်သမားတွေဘက်ကို အာဏာပိုင်အဖွဲ့တွေက ပြေလည်မှု ရဖို့အတွက် ညှိနှိုင်းတာမျိုးတွေ ရှိပေမဲ့ လယ်မြေသိမ်းထားတာကို လက်ခံလိုက်ပြီး လယ်သမားတွေဘက်က လက်လျှော့လိုက်ပါဆိုတဲ့ သဘောမျိုးတွေ သက်ရောက်လို့ သူတို့အနေနဲ့ လက်မခံဘဲ မိမိတို့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ လယ်သမား ခေါင်းဆောင်ပိုင်းတွေက ပြောလာပါတယ်။
XS
SM
MD
LG