သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မအူပင် ရဲအကြမ်းဖက်မှု ကင်တားနား တုန်လှုပ်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေဖက်က ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆိုလိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မအူပင် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေအကြား ပဋိပက္ခ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယိုမှတ်တမ်းတွေ အတော်များများ ထွက်လာပါတယ်။ များသောအားဖြင့် အင်တာနက် လူမှုကွန်ယက်မှာ ပျံနှံ့ခဲ့တာပါ။ ရဲလုံခြုံရေးအုပ်စုလိုက် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းကို ကြည့်ရပြီး သူ့အနေနဲ့ အလွန်အမင်းတုန်လှုပ်မိတယ်လို့ မစ္စတာကင်တာနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ အရင်တုန်းက အခြေအနေမျိုးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

“တုန်လှုပ်ဖွယ်ရာအချက်ကတော့ ဒီဗွီဒီယိုမှာ ကျနော်မြင်တွေ့ရတာက - ဘေးမှာရပ်ကြည့်နေကြတဲ့ အမျိုးသမီးတွေအပေါ် လုံခြုံရေးရဲတွေရဲ့ တုံ့ပြန်ပြုမူပုံပါပဲ။ ရုတ်တရက် ဒီအမျိုးသမီးတွေကို ရဲဝန်ထမ်းတွေက အကြမ်းဖက်တာ တိုက်ခိုက်တာတွေ့ရပါတယ်။ ကျနော် ထပ်ပြီး ပြောပါရစေ။ ဒါဟာ တကယ်ကို့ တုန်လှုပ်စရာ ကောင်းလှပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်၊ ရဲဝန်ထမ်းတွေရဲ့ ပြုမူပုံတွေဟာ အရင်စစ်အစိုးရ လက်ထက်က အတိုင်း မပြောင်းသေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ကျနော်အတွက်စိုးရိမ်မကင်းဖြစ်မှုပါ။ ဒါကို ပြည်ထဲရေးဝန်ကြီးနဲ့ ကျနော်နေပြည်တော်မှာ တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ပါတယ်။ ရဲတွေရဲ့ အပြုအမူတွေကို လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ဖို့လိုပါတယ်။ ဒီဗွီဒီယိုကိုကြည့်ခြင်းအားဖြင့် ဒီချိုးဖောက်မှုဟာ မြန်မာနိုင်ငံမှာ စိုးရိမ်စရာအခြေအနေမှာ ရှိနေတာတွေ့ရပါတယ်။”

ပဋိပက္ခကြောင့် ရဲတဦး ဆေးရုံမှာ သေဆုံးပြီး၊ ရဲရော အရပ်သားအတော်များများပါ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ လယ်သမားတွေဖက်ကတော့ ရဲလုံခြုံရေးဖက်က စတင်ရိုက်နှက်လို့ သူတို့ ပြန်ပြီး ခုခံတာပါလို့ ပြောပါတယ်။ ရဲဖက်ကတော့ သူတို့ဟာ ဥပဒေအတိုင်း ကိုင်တွယ်တာပါ လို့ ချေပပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မလက်တိုကျေးရွာဖက်မှာ အခြေအနေတွေက တင်းမာနေတုန်းပါ။ မစ္စတာကင်တာနားကတော့ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ အခုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြသွားမယ် လို့ ပြောပါတယ်။

“ကျနော်အနေနဲ့ သေချာပေါက်ပါပဲ ဂျနီဗာမှာ မြန်မာသံအမတ်ကြီးနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဒီအကြောင်း ကျနော် အသိပေးတင်ပြမှာဖြစ်ပါတယ်။ ဒါကြောင့် အခုနေအခါမှာ မြန်မာအစိုးရအနေနဲ့ ကမ္ဘာတဝှမ်းပြန့်နှံနေတဲ့ ဒီတုန်လှုပ်ဖွယ်ရာကောင်းတဲ့ ဗွီဒီယိုရုပ်ပုံတွေကို အရေးယူဖြေရှင်းဖို့ ကြိုးစားနေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီဗွီဒီယိုတွေကို ကြည့်ခြင်းအားဖြင့် ရဲတွေရဲ့ အလေ့အကျင့်တွေပြုပြင်ရမယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် နိုင်ငံတကာမှာ မြန်မာအစိုးရကို လိုလား လက်ခံမှုတွေ တိုးလာပေမယ့်လည်း တချိန်တည်းမှာ အခုလို ပဋိပက္ခတွေ မကြာမကြာ တွေ့လာရ ပါတယ်။ အထူးသဖြင့်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ အထူးသဖြင့် အရပ်သားတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အရင် အမူအကျင့်တွေ ကို ပြောင်းလဲဖို့ သမ္မတဦးသိန်းစိန်အနေနဲ့ အလေးထားကိုင်တွယ်သင့်တယ်လို့ မစ္စတာကင်တာနား က ပြောပါတယ်။

“လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်စေဖို့၊ တချို့နေရာတွေ မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်တာမျိုး ကျနော် မတွေ့ရသေးပါဘူး။ ဒီကိစ္စသာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်း ပဋိပက္ခဖြိုခွင်းတုန်းကလည်း ရဲက မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ တောက်လျှောက်ဖြစ်နေတာတွေ့ရပါတယ်။”

လက်ပံတောင်းတောင်ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးကော်မတီ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါတယ်။ ဒီ ကော်မတီအနေနဲ့ မကြာခင်မှာ အစီရင်ခံစာ ထွက်လာမယ် လို့ မျှော်လင့်ထားကြတာပါ။ အခုလို အရပ်ဖက်လူထုနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ထိပ်တိုက်ဖြစ်ကြ တဲ့ ကိစ္စရပ်မျိုးတွေကို အစိုးရတင် မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီကလည်း လေ့လာ အဖြေထုတ်ဖို့ တာဝန်ရှိတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။

“ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို လေ့လာစုံစမ်းဖု့ိ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုပါတယ်။ ဒီကော်မတီအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲ၇မယ်၊ ဘယ်လိုသင်တန်းတွေ ပေးရမယ်၊ လက်နက်ကိုင်ဆောင်ခွင့် ရှိကြတဲ့ လုံခြုံရေးရဲတွေရဲ့ တာဝန်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အစီရင်ခံစာထုတ်ပြန်သင့်ပါတယ်။”

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းက လယ်မြေဧက ၅၀၀ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီတခုက ၁၉၉၆ ခုနှစ်တုန်းက သိမ်းယူခဲ့တဲ့နောက်၊ အခု အသုံးမပြုဘဲ ထားတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့ မူလ လယ်မြေကို ပြန်ယူဖို့ ခုတ်ထွင်ရှင်းလင်းရာကနေ ပြဿနာတွေ စခဲ့တာပါ။ အင်္ဂါနေ့မှာ အာဏာပိုင်တွေက အဲဒီနေရာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်၊ အဲဒီလယ်မြေတွေမှာ နေရာယူထားတဲ့ လယ်သမားတွေကို အကြမ်းဖက် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ လယ်သမားတွေဖက် ကလည်း ပြန်လည် တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ လုံခြုံရေးတပ်ဖက်က သေနက်ပစ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ရပါတယ်။
XS
SM
MD
LG