အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ နောက်ထပ် သက်တမ်း တိုးမြှင့်ရေး ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် တဦးနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်မယ့် အလားအလာတွေကို ဆန်းစစ်ဖို့ အမေရိကန် လုပ်ငန်းတွေ မြန်မာနိုင်ငံ မှာ ရောက်ရှိနေစဉ်မှာပဲ အမေရိကန် အထက်လွှတ်တော် အမတ် Mitch McConnell နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ တယ်လီဖုန်းကတဆင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ဖို့ ဦးဆောင်လှုပ်ရှားနေသူ တဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က အမေရိကန်-မြန်မာ ဆက်ဆံရေး နဲ့ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေကို တဖြည်းဖြည်းချင်း လျှော့ချပေးနေတဲ့ အမေရိကန် ပြည်ထောင်စုက သက်တမ်း ကုန်ဆုံး တော့မယ့် အရေးယူမှုတွေကို နောက်ထပ် သက်တမ်း တိုးသင့် မသင့် ဆုံးဖြတ်ဖို့ ရှိနေသလို၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေတဲ့ နေပြည်တော်က လွှတ်တော် အတွင်းမှာလည်း ဒဏ်ခတ်မှုတွေ ဖယ်ရှားရေး၊ ပြီးခဲ့တဲ့ သီတင်းပတ် ထဲမှာပဲ တိုက်တွန်းမှုတွေ လည်း ရှိခဲ့တာပါ။

ဒီလို အမေရိကန်နဲ့ မြန်မာလွှတ်တော်မှာ ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြတဲ့ ကိစ္စတွေ ကို အဓိက ထားပြီး အမေရိကန် ပြည်ထောင်စုက အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် McConnell နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဆွေးနွေး ဖြစ်ကြတာလို့ NLD ပါတီလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးအုန်းကြိုင် က ပြောပါ တယ်။

“မနေ့ကည ၈နာရီက တယ်လီဖုန်းနဲ့ ဆွေးနွေးဖြစ်တာပေါ့၊ ပြောတဲ့ကိစ္စကတော့ The Burmese Freedom and Democracy Act (BFDA) မြန်မာ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ့၊ အဲဒါက မကြာခင် ရက်ပိုင်းအတွင်း အထက်လွှတ်တော်မှာ ပြန်ပြီးတော့ Review လုပ်ဖို့ ဆွေးနွေးတော့မယ် ဘာ ညာ ဖြစ်နေလို့၊ တနေ့က ပြည်သူ့လွှတ်တော်မှာတောင်မှ အရေးပေါ်အဆိုတင်တယ် ဘာ ညာဆိုတဲ့ အဲဒီ ကိစ္စပဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်တယ်။”

အမေရိကန် ပြည်ထောင်စုက ၂၀၀၃ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ မြန်မာပြည် လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး အက်ဥပဒေ the Burmese Freedom and Democracy Act ဟာ ဒီလ ၂၆ ရက်နေ့ကျရင် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွင်း နေပြည်တော်က လွှတ်တော်ဆွေးနွေးပွဲ အတွင်းမှာတော့ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေကို အပြီးသတ် ဖယ်ရှားပေးဖို့ အရေးပေါ် အဆိုတရပ်ကိုလည်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ဦးဆောင် တင်သွင်းခဲ့ကြတာပါ။ ဒီနောက်မှာလည်း အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တခုကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို သွားခဲ့တဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ စွမ်းအင်နဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Hormats နဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ ဒဏ်ခတ် မှုတွေကို လျှော့ပေါ့ပေးပြီး၊ အပြန် အလှန် သံအမတ်ကြီးတွေ ခန့်အပ်တာလို ဆက်ဆံရေးတွေကို တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အမေရိကန် အထက်လွှတ်တော် အမတ် McConnell နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တနင်္လာနေ့က တယ်လီဖုန်းပေါ်ကတဆင့် ဆွေးနွေးစဉ်မှာလည်း ဒီလို ကိစ္စရပ်တွေကို ဖလှယ်ခဲ့တယ်လို့ ဦးအုန်းကြိုင် ကပြောပါတယ်။

“ခုဟာက အမေရိကန်မြန်မာ ဆက်ဆံရေးက ပြန်လည် တိုးတက်လာပြီလေ.. အဲဒီ ချစ်ကြည်ရေး ပိုမို တိုးတက်လာဖို့ ကိစ္စ ပါပါတယ်တဲ့၊ နောက်တခုက ကျနော်တို့ မြန်မာနိုင်ငံမှာ ခု ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ခုထက်ပိုပြီးတော့ အရှိန်အဟုန် မြှင့်တင်နိုင်ရေးကိစ္စ ပါတယ်၊ နောက် တတိယတချက်ကတော့ မြန်မာပြည်သူအများရဲ့ ဘဝတွေ ပိုမို တိုးတက်ကောင်းမွန်လာဖို့ ကိစ္စတွေ ဆွေးနွေး ခဲ့ကြတယ်လို့ ပြောပါတယ် ခင်ဗျ”

အမေရိကန် ပြည်ထောင်စုကတော့ ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်မှုတွေ အဆုံး သတ်ပြီး အပြောင်းအလဲတွေ လုပ်ဆောင်လာတဲ့အပေါ် အားပေးတဲ့ အနေနဲ့ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်ထားတာပါ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်က ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်သွားနိုင်ဖို့ အတွက်လည်း ခွင့်ပြုလိုက် တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး နှစ်ပေါင်း များစွာ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေထဲမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းထားတာတွေလည်း ပါဝင်နေတာမို့ အပြီးသတ် ဖယ်ရှားပေးဖို့အတွက် လွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်ဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။