သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် အမျိုးသမီးပွဲ မြန်မာ Me N Ma အဖွဲ့ ဖျော်ဖြေမည်


Me N Ma Band
Me N Ma Band
မြန်မာနိုင်ငံက လူငယ်အမျိုးသမီးတေးသံရှင် ၅ ဦးရဲ့ Me N Ma အဖွဲ့ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ လေးကြိမ်မြောက် ကမ္ဘာပေါ်က အမျိုးသမီးများရဲ့ ဆွေးနွေးပွဲမှာ ပါဝင် ဖျော်ဖြေဖို့ ရှိနေပါတယ်။ ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာပြုလုပ်တဲ့ ဒီအမျိုးသမီးများရဲ့ အခမ်းအနားကို နံမည်ကြီး အနုပညာရှင်တွေ အပါအဝင် ကမ္ဘာကျော် လူပုဂ္ဂိုလ်တွေ အများအပြား တက်ရောက်နေတာ ဖြစ်သလို ဒီလိုပွဲမျိုးမှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် Me N Ma အဖွဲ့က အထူးဂုဏ်ယူတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ တကမ္ဘာလုံးက အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အခုလိုပွဲမျိုးမှာ သူတို့အဖွဲ့ ဖျော်ဖြေဖို့ ဖြစ်လာခဲ့ပုံကို Me N Maအဖွဲ့က အမွန်းက အခုလို ပြောပြပါတယ်။

“မနှစ်က Women in the World Summit အစီအစဉ်မှာ ကျမတို့ရဲ့ မင်္ဂလာပါ ဆိုတဲ့ သီချင်းကို ဖွင့်ပွဲအပြီးမှာ ဖွင့်ပြလိုက်တယ်။ ဖွင့်ပြလိုက်တော့ အရမ်း သဘောကျကြတယ်ပေါ့။ Melanne Verveer ကလည်း မြန်မာနိုင်ငံကို သူလာလည်တဲ့ အချိန်မှာလည်း ကျမတို့ကို ဖိတ်ပြီးမှ အတူစားကြတယ်။ ကျမတို့သီချင်းဆိုပြတယ်။ အဲ့ဒီ့မှာ သူက အရမ်းကို သဘောကျပြီးမှ State ကို လာခဲ့ပါလို့ ဖိတ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်တွေက ဖိတ်ထားတာပေါ့နော်။ ”

အခမ်းအနား ဒုတိယနေ့ဖြစ်တဲ့ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ Me N Ma အဖွဲ့က အဆိုအကတွေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ နံမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “မင်္ဂလာပါ” ဆိုတဲ့ သီချင်းနဲ့အတူ အခု အမေရိကန်နိုင်ငံမှာ လာရောက် အသံသွင်းနေတဲ့ “Girl Strong” ဆိုတဲ့ သီချင်းသစ်တပုဒ်နဲ့ စုစုပေါင်း သီချင်းနှစ်ပုဒ် ဖျော်ဖြေမယ်လို့ အမွန်းက ပြောပြပါတယ်။ ခုလို ကမ္ဘာတဝှမ်းက အမျိုးသမီးများတွေ ပါဝင်လှုပ်ရှားတဲ့ ပွဲမှာ ဖျော်ဖြေခွင့်ရတဲ့အတွက် ဂုဏ်ယူစရာကောင်းတယ် လို့လည်း အမွန်းက ပြောသွားပါတယ်။

“အရမ်းပျော်ပါတယ်အမ။ အရမ်းကိုပျော်ပြီးတော့ ဂုဏ်လည်းဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုမျိုးပွဲမျိုးမှာ ဖျော်ဖြေဖို့ဆိုတာ မလွယ်ဘူးပေါ့နော်။ အိမ်မက်လည်း မမက်ဘူးပါဘူး။ ဒါအိမ်မက်လိုဖြစ်နေတယ် ညီမတို့အားလုံးအတွက်။ မနေ့က ညီမတို့ ရီဟာဇယ်သွားကြတယ် လင်ကွန်းစင်တာမှာ အရမ်းကြီးကို ကြီးကျယ်တဲ့ပွဲကြီးတစ်ခုပေါ့။”

အခုပွဲမှာ Me N Ma အဖွဲ့က သီချင်းတွေ ဆိုတာအပြင် အမေးအဖြေ ကဏ္ဍမှာ လည်း ပါဝင်မှာဖြစ်ပါတယ်။ Me N Ma အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းကစလို အရင် မြန်မာနိုင်ငံမှာ ဆင်ဆာ တင်းကျပ်မှု များခဲ့ချိန်က သူတို့ အဖွဲ့ ဘယ်လို ဖြတ်သန်း လှုပ်ရှားခဲ့လဲ၊ မြန်မာအမျိုးသမီးတွေအတွက် စံပြဖြစ်ချင်တဲ့ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်လေးတွေနဲ့ မြန်မာနိုင်ငံမှာ လတ်တလော ပြောင်းလဲ လာတဲ့ အခြေအနေ အဆုံး မေးမြန်းလာနိုင်ဖွယ် ရှိတာတွေကို ဖြေသွားဖို့ သူတို့အဖွဲ့က ပြင်ဆင်ထားတယ်လို့ လည်း အမွန်း က ပြောပြပါတယ်။

Me N Ma အဖွဲ့ဟာ သူတို့နဲ့ တေးသံသွင်းစာချုပ်ချုပ်ထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျဲလိစ်မြို့က Power Music အဖွဲ့နဲ့အတူ သီချင်းတွေ အသံသွင်းဖို့ အတွက်လည်း မတ်လ ၂၉ ရက်နေ့ကတည်းက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ သီချင်းတွေနဲ့ ဖျော်ဖြေဟန်တွေကို သဘောကျတဲ့ Power Music အဖွဲ့က ဟောလိဝုဒ်မှာ သူတို့သီချင်းတွေကို ထုတ်လုပ်ဖြန့်ချိဖို့ ကမ်းလှမ်းခဲ့တာဖြစ်တဲ့ အကြောင်းလည်း Me N Ma အဖွဲ့က ရှင်းပြပါတယ်။

သူတို့ အဖွဲ့ဟာ အနုပညာအပြင် လူမှုရေးလုပ်ငန်းတွေနဲ့ အမျိုးသမီး ဘဝမြှင့်တင်ရေး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။

" မြန်မာနိုင်ငံက အမျိုးသမီးတွေပေါ့ အလုပ်မရှိတဲ့ အမျိုးသမီးတွေ၊ ပညာ လည်း ကောင်းကောင်း မသင်ရဘဲ နဲ့ အလုပ်လက်မဲ့ဖြစ်နေတာ၊ တချို့ ထောင် ကျပြီးတော့ အလုပ် လက်မဲ့ဖြစ်နေတာတွေကို မုန့်ဖုတ်တဲ့ သင်တန်းပေးတယ်။ သင်ပေးပြီးရင် ပြန်ပြီးတော့ အလုပ်သွင်းပေးတယ်။ အဲ့လိုမျိုး NGO သဘောမျိုးပေါ့၊ အဲ့လိုမျိုး ညီမတို့ Documentary သဘောမျိုး ရိုက်ပြီး ကူညီပေးခဲ့ဖူးတယ်။ အဖိနှိပ်ခံရတဲ့ မိန်းကလေးတွေကို အကာအကွယ်ပေးဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါ့။ အဲ့တာမှာလည်း အကူအညီပေးနေပါတယ်။ ကမ်ပိန်းတို့ ဘာတို့ပေါ့။ ဘစ်ကားပေါ်မှာ ယောကျ်ားလေးတွေ ဟိုကြည့်ဒီကြည့် ကအစပေါ့။ ဝီဆယ်လ်လေးတွေ လိုက်ဝေတယ်။ တခုခုဖြစ်လာရင် မှုတ်ပြီး အကြောင်းကြားဖို့၊ အဲ့လိုဟာမျိုးလေးတွေမှာ ညီမတို့ကူညီကြတာရှိပါတယ်။"

ကမ္ဘာအဝှမ်းက အမျိုးသမီးရေး လှုပ်ရှားသူတွေ ထောင်နဲ့ချီ တက်ရောက်တဲ့ Women in the World Summit လို့ခေါ်တဲ့ နယူးယောက်မြို့က အမျိုးသမီးဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ အမေရိကန်ရဲ့ နိုင်ငံတကာအမျိုးသမီးရေးရာ သံအမတ်ကြီးဟောင်း Melanne Verveer စတဲ့ အမျိုးသမီးခေါင်းဆောင်တွေအပြင် နံမည်ကျော် တီဗွီဆွေးနွေးခန်း အစီအစဉ်တွေ ထုတ်လုပ်တဲ့ Oprah Winfrey၊ နံမည်ကြီး ဟောလိဝုဒ် အနုပညာရှင်တွေ ဖြစ်ကြတဲ့ Meryl Streep, Angelina Jolie စတဲ့ နံမည်ကျော် အနုပညာရှင်တွေ အများအပြားလည်း တက်ရောက်နေတာဖြစ်ပါတယ်။
XS
SM
MD
LG