သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနယ်ဇင်းကောင်စီ ဥပဒေမူကြမ်း အမျိုးသားလွှတ်တော်မှာ တင်သွင်း


မြန်မာ့လွှတ်တော်
မြန်မာ့လွှတ်တော်
ဒီကနေ့ တနင်္လာနေ့မှာ အမျိုးသားလွှတ်တော်မှာ စာနယ်ဇင်းကောင်စီက
ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက တင်သွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်တဲ့ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ တင်သွင်းထားပြီးသား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ မီဒီယာဥပဒေမူကြမ်းကိုလည်း အမျိုးသားလွှတ်တော်မှာပါ အတည်ပြုနိုင်ဖို့ စီစဉ်နေပြီလို့ အမျိုးသား ဒီမိုကရေစီပါတီသစ် က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

စာနယ်ဇင်းသမားတွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့အကြား အခြေအတင် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ မီဒီယာဥပဒေတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

သတင်းစာနယ်ဇင်းသမားတွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့ တနင်္လာနေ့မှာ အမျိုးသား လွှတ်တော်တွင်း တင်သွင်းလိုက်နိုင်ပြီ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်တွင်း နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ သတင်းမီဒီယာ ဥပဒေမူကြမ်းကို တင်သွင်းနိုင်ခဲ့တယ်လို့ တာဝန်ခံ တင်သွင်းပေးခဲ့သူ အမျိုးသား ဒီမိုကရေစီပါတီသစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

“ကျနော်တို့ နေ့ခင်း ၁ နာရီကျော်လောက်ပါပဲ။ နည်းဥပဒေပုဒ်မ ၁၄၉ အရ ကျနော်တို့ တင်သွင်းပါတယ်။ ရုံးအဖွဲ့ကလည်း လက်ခံလိုက်ပါတယ်။ ဥပဒေကြမ်းကို မိတ္တူရုံးကို သွားပြီးတော့ နည်းဥပဒေ ၁၄၉ အရပေ့ါနော် လွှတ်တော်ကိုယ်စားလှယ် ကျနော်ကနေပြီးတော့ အမျိုးသားလွှတ်တော်ကို တင်သွင်းတာပါ။ ဒီဥပဒေကို တင်သွင်းရတဲ့ အကြောင်းတရားနဲ့ ရည်ရွယ်ချက်ကိုတော့ ကျနော့်နာမည် လက်မှတ်ထိုးပြီး တင်ပေးလိုက်တာပါ။”

အရပ်သား အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ မဏ္ဍိုင်တွေထဲက စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာမဏ္ဍိုင် ခိုင်မာမှုရှိအောင် ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ ဥပဒေပြုမှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အလေးအနက်ထား လုပ်ဆောင်သင့်တယ်လို့လည်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

“စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ဖွံ့ဖြိုးမှလည်း ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ပေါ့နော် ပြည်သူတွေက သိသင့်သိထိုက်တဲ့ သတင်းတွေကို သိမယ်ပေါ့ဗျာနော်။ အဲ့ဒါကို ရည်ရွယ်တာပါ။ ဒီဥပဒေက သတင်းကောင်စီအတွက် ရည်ရွယ်တာ၊ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတခုအတွက် တင်တဲ့ ဥပဒေ မဟုတ်ဘူး။ တနိုင်ငံလုံးက ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေကို သိနိုင်ဖို့အတွက် အခြေခံအဖြစ် ဒါကို ရည်ရွယ်ပြီးတော့ ကျနော် တင်တာဖြစ်တယ် ဆိုတဲ့အကြောင်းကိုတော့ ကျနော် သတိပေးထားတာပါ။”

ဒီလို သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် သတင်းသမားတွေ ရေးဆွဲတဲ့ မီဒီယာဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်တွင်း တင်သွင်းလိုက်နိုင်ခဲ့တဲ့ တချိန်တည်းမှာပဲ ဇူလိုင်လ ၄ ရက်နေ့က ပြည်သူ့လွှတ်တော်တွင်း ကန့်ကွက်သူမရှိ တခဲနက် အတည်ပြုခဲ့ကြတဲ့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဆိုင်ရာ မီဒီယာ ဥပဒေမူကြမ်းကို အခုဆိုရင် အမျိုးသား လွှတ်တော်မှာပါ အတည်ပြုနိုင်ဖို့ အဆို တင်သွင်းဆွေးနွေးကြတော့မှာ ဖြစ်တယ်လို့လည်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

“ပြန်ကြားရေးက တင်တဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ ကျနော်တို့ ပုံနှိပ်မီဒီယာဥပဒေကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ တောင်းတာပါ။
ပြန်ကြားရေးက ပြည်သူ့လွှတ်တော်ဘက်ကို တင်တယ်။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ကျနော်တို့ဘက်ကို ရောက်လာတယ်။ အဲ့ဒီအချိန်မှာ ဒီမီဒီယာသမားတွေက ပြင်ဆင်ချင်တဲ့အချက်တွေကို ကျနော့်ကို
ပေးထားပါတယ်။ အဓိကကတော့ ပုံနှိပ်မီဒီယာဥပဒေကို မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအထဲမှာပါတဲ့ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ --- တွေအားလုံးကိုတော့ ဒီဥပဒေကနေ ဆွဲထုတ်ပြီးတော့မှ ကျနော် အခု တင်သွင်းတဲ့ သတင်းမီဒီယာ ဥပဒေနဲ့လည်း ကျင့်ဝတ်နဲ့ပဲ သူတို့က သွားရမယ်ဆိုတဲ့သဘောကိုပဲ ယူရမှာပါ။”

ပြန်ကြားရေး ဝန်ကြီးဌာနကနေ ရေးဆွဲတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ မူကြမ်းထဲမှာ မီဒီယာ လွတ်လပ်ခွင့် မရှိဘဲ သတင်းသမားတွေအပေါ်မှာ ကန့်သတ် ဖိနှိပ် ချုပ်ကိုင်မှုတွေ ရှိတယ်ဆိုပြီး သတင်းမီဒီယာ သမားတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး၊ ဘာကြောင့် သတင်းသမားတွေဘက်က ဒီမီဒီယာဥပဒေမူကြမ်းကို ကိုယ်တိုင်ရေးဆွဲပြီး တင်သွင်းကြရသလဲဆိုတာကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဦးဇော်သက်ထွေး က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီမီဒီယာဥပဒေကို အမျိုးသားလွှတ်တော်အဆင့် လွှတ်တော် နှစ်ရပ်စလုံးကို တင်မယ်။ လွှတ်တော် နှစ်ရပ်စလုံးကနေပြီးတော့မှ တရားဥပဒေကြမ်းကို ဒီဥပဒေကြမ်းကော်မတီကနေ စိစစ်တည်းဖြတ်ပြီးတော့ မီဒီယာသမားတွေအတွက် လွတ်လပ်ပြီးတော့ အာမခံနိုင်တဲ့ ဥပဒေတွေ လွှတ်တော်မှာ အတည်ဖြစ်သွားရင်တော့ ကျနော် မီဒီယာလောကရဲ့
ရှေ့အလားအလာ ကောင်းမွန်မယ်။ အဲ့လိုမဟုတ်ဘဲ ထိန်းချုပ်တဲ့ဥပဒေတွေ ဆက်ရှိမယ်ဆိုရင် မီဒီယာလောကအတွင်းထဲမှာ ငြင်းခုန်မှုတွေ၊ အငြင်းပွားမှုတွေ ဆက်လက် ကြုံတွေ့ရနိုင်တယ်။”

“ကျနော်တို့က စ ဆွဲကတည်းက ဒီမီဒီယာသမားတွေရဲ့ အသံတွေကို ယူပြီးတော့မှ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့မှ လုပ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေဟာတော့ တော်တော်များများ မီဒီယာလောကမှာ ရှိတဲ့သူတွေရဲ့ သဘောတူညီမှုတွေ ပါဝင်မယ်လို့ ကျနော်လည်း ယုံကြည်ပါတယ်။ အဲ့တော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ ဒီကနေ့ ရောက်သွားတဲ့အခါမှာ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ကော်မတီတွေက ဒီဥပဒေရဲ့ နိုင်ငံတကာ စံနှုန်းတွေ၊ နောက်ပြီးတော့ ပြည်တွင်းမှာရှိတဲ့ မီဒီယာလောကသားတွေရဲ့ သဘောဆန္ဒကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင် တည်းဖြတ်ပြီးတော့ လုပ်ပေးလိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်မိပါတယ်။”

အမျိုးသားလွှတ်တော်တွင်း တင်သွင်းလိုက်နိုင်ပြီဖြစ်တဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို ဆွေးနွေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံဆွေးနွေးပေးရေး သတင်းမီဒီယာသမားတွေက မေတ္တာရပ်ခံ တင်ပြနိုင်ခဲ့ကြပြီးဖြစ်သလို သတင်းသမားတွေရဲ့ မီဒီယာဥပဒေမူကြမ်းကို ထောက်ခံကြဖို့ ပြည်သူ လူထုအတွင်းလည်း လူငယ်သတင်းသမားတွေက လက်မှတ် စုစည်းတဲ့ စည်းရုံးလှုံ့ဆော်မှု ကမ်ပိန်းတွေလည်း ပြည်နယ်တိုင်းတွေမှာ လုပ်ဆောင်နေကြပါတယ်။

အလားတူပဲ ပညာရေးနဲ့ လူမှု အကူအညီပေးရေး ကွန်ယက် စတဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အလုပ်သမား၊ တောင်သူလယ်သမား သမဂ္ဂ အချို့ကလည်း လွတ်လပ်မှုရှိတဲ့ မီဒီယာဥပဒေ ထွက်ပေါ်လာရေး ဆန္ဒသဘောထားတွေကိုလည်း ကြေညာချက် ထုတ်ပြန်နေတာတွေလည်း ရှိပါတယ်။
XS
SM
MD
LG