သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမီဒီယာကောင်စီ ဥပဒေမူကြမ်း လွှတ်တော် ၂ ရပ်ကို အဆိုပြုမည်


မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ကိုယ်စားပြုပြီး တင်ပြမပေးနိုင်ဘူးလို့ တရားဝင် ပြောလိုက်တဲ့ အတွက် လွှတ်တော် ၂ ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေ ကတဆင့် ဒီ ဥပဒေကြမ်းကို တင်ပြတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် (ယာယီ) နိုင်ငံတော် သမ္မတ တရားဝင်ဖွဲ့စည်းပေးထာတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက် အငြင်းပွား စရာတွေ ဖြစ်နေတဲ့ သတင်းမီဒီယာ ဥပဒေကိစ္စကို တွေ့ဆုံပြောကြားဖို့ စီစဉ်ထားတယ်လို့လည်း သတင်းမီဒီယာကောင်စီက ပြောခွင့်ရှိသူတွေ ကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း၊ ရန်ကုန် သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် က သတင်းမီဒီယာကောင်စီကို ရေးဆွဲဖို့ တရားဝင်ပြောခဲ့တဲ့ သတင်းမီဒီယာဥပဒေ မူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ကိုယ်စားပြုပြီး လွှတ်တော် နှစ်ရပ်ကို ရောက်ရှိအောင်တင်ပေးဖို့ မရှိဘူး လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် က နေပြည်တော်မှာ သတင်းမီဒီယာကောင်စီ က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်တဲ့အတွက် သတင်းမီဒီယာ
ကောင်စီ က တာဝန်ရှိသူတွေက လွှတ်တော် ကိုယ်စားလှယ်တွေ ကတဆင့် လွှတ်တော်ထဲ ရောက်အောင် တင်ပြမယ်လို့ ဒီကနေ့ သတင်းမီဒီယာကောင်စီ ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောခွင့်ရှိသူ ဦးသီဟစော က ပြေပါတယ်။

“မတင်ပေးဘူးလို့ ဦးရဲထွဋ်က ပြောတာ။ ကျနော်တို့နားလည်တာက သက်ဆိုင်ရာဝန်ကြီးဌာန အနေနဲ့ရတယ်။ သို့တည်းမဟုတ် ပြည်သူ့လွှတ်တော် အမတ် တဦးဦးက ပြည်သူ့လွှတ်တော်ကိုယ်စားပြုသူ တဦးဦးက တင်လို့လည်း ရတယ်။ အဲဒီမှာ တခါတည်း သူတို့ကို ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်ကလည်း မလျှော့ဘူးပေါ့နော်။ အခု ဦးရဲထွဋ်က ဘာပြောလဲဆိုရင် တကယ်လို့ ဆောင်ရွက်ရေးကောင်စီကနေပြီးတော့ လွှတ်တော်အမတ် တဦးဦးကနေ တင်မယ်ဆိုရင် သူတို့ဘက်ကလည်း အဆုံးထိလိုက်ပြီး ကန့်ကွက်မယ်တဲ့။”

ပြန်ကြားရေး ဒုဝန်ကြီး နှစ်ဦးဖြစ်တဲ့ ဦးရဲထွဋ်နဲ့ ဦးပိုက်ထွေး တို့က သတင်းမီဒီယာကောင်စီက တာဝန်ရှိသူ ၈ ဦးနဲ့ နေပြည်တော်မှာတွေ့ဆုံချိန်မှာ ဦးရဲထွဋ် က ဒီဥပဒေကို လွှတ်တော် ကိုယ်စားလှယ်တွေက တင်မယ် ဆိုရင် ပြန်ကြားရေးက အဆုံးအထိ ကန့်ကွက်သွားမယ့်အကြောင်း ပြောဆိုခဲ့ တာကို ဦးသီဟစောက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ အတည်ပြု ပြောခဲ့တာ ဖြစ်ပါတယ်။

အခုလို အငြင်းပွားမှုတွေ ရှိနေတဲ့အတွက် သတင်းမီဒီယာဥပဒေကြမ်း ကိစ္စကို တင်ပြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ခွင့်ရဖို့ တောင်းခံထားတဲ့ အကြောင်းလည်း သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ ကပြောပါတယ်။

“စာပို့ထားတာ သမ္မတနဲ့တွေ့ဖို့။ သမ္မတရုံးက ဝန်ကြီးတယောက်နဲ့ စာပို့ထားတယ်။ သမ္မတရုံး ဝန်ကြီးတယောက်ယောက် ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ အဲဒါက ကျနော်တို့ ပထမစာပို့တာ။ သမ္မတနဲ့ တွေ့ခွင့်ရရင် တွေ့ချင်တယ်။ သူတို့ ဘာလုပ်နေလဲ၊ Press Council က ဘာလုပ်နေတယ် အခြေအနေက ဘယ်လို ဆိုတာကို သမ္မတက သိအောင်ရှင်းပြဖို့။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကလည်း လက်မှတ်ထိုး ထုတ်ပြန်မယ့်ပုဂ္ဂိုလ်၊ အရေးကြီးတဲ့ cabinet ရဲ့ အကြီး အကဲပေါ့နော်။ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တဲ့အတွက် သိဖို့လိုအပ်ပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာန ဘက်ကတော့ ဒီ ဥပဒေကြမ်းပါ အချက်တွေ မှာ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီမှု မရှိတာကြောင့် ဖြုတ်ခိုင်းတာ ဖြစ်သလို၊ သတင်းသမားတွေဘက်က အခွင့်အရေး တောင်းဆိုတာတွေ ဒီ ဥပဒေကြမ်းမှာ များလွန်းတဲ့အတွက် ဒီအချက်တွေ ပါဖို့ မသင့်ဘူးဆိုပြီးတော့ ဖြုတ်ခိုင်း တာ ဖြစ်တဲ့အကြောင်း သတင်းမီဒီယာကောင်စီက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေး ကပြောပါတယ်။

“နံပါတ်တစ်က ကျနော်တို့ရေးဆွဲတဲ့ မူကြမ်းဟာ မီဒီယာသမားတွေအတွက် လိုအပ်တာထက် ပိုပြီး အခွင့်အရေး တောင်းဆိုတယ်ဆိုတဲ့ အမြင်တခု ရှိပါတယ်။ နောက်အမြင် တခုက တချို့အချက်တွေက နိုင်ငံတကာ စံနှုန်းတွေနဲ့မညီဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ ကျနော်တို့ရဲ့ ဥပဒေကြမ်းရဲ့ တန်ဖိုးကို အဲဒီလို အသံပေးပြီးတော့ တန်ဖိုးချထားတာပါ။”

အခုလို အငြင်းပွားစရာတွေဖြစ်နေတဲ့ ဥပဒေကြမ်းထဲက အချက် ၁၇ ချက်ကို သတင်းမီဒီယာ ကောင်စီကို ပြန်ပြင်ဖို့ပြောပြီး ဒီဥပဒေကို လွှတ်တော်ကိုတင်ပြဖို့ ဆိုင်းငံ့ထားတဲ့အတွက် ပြန်ကြားရေးနဲ့ သတင်းမီဒီယာ ကောင်စီတို့အကြား အခြေအနေတွေ တင်းမာလာခဲ့တာပါ။ သတင်းမီဒီယာကောင်စီက အချက် ၁၇ ချက်ကို ပြန် မပြင်ပေးတာဟာ မူလက ပြန်ကြားရေးက တာဝန်ရှိသူတွေနဲ့ ဒီ ဥပဒေကို အကြိမ်ကြိမ် ဆွေးနွေးခဲ့တုန်းက အချက် ၅၉ ချက်နဲ့ ဥပဒေကြမ်းပါ အခန်း ၁ ခန်းလုံးကို ဖြုတ်ပေးခဲ့ပြီး ဖြစ်တဲ့အတွက်၊ အခုတခါ ဒီ ၁၇ ချက်ကို ထပ်ပြင်ခိုင်းတာဟာ အချိန်ဆွဲတဲ့ သဘောလို့လည်း သတင်းမီဒီယာကောင်စီ က ပြောပါတယ်။

သတင်းမီဒီယာကောင်စီ ကတော့ ဒီ ဥပဒေမူကြမ်းကို သူတို့အနေနဲ့ ထပ်ပြီးတော့ ပြင်ဖို့အစီအစဉ် မရှိတော့ဘဲ လွှတ်တော်ထဲရောက်မှ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ရင်တော့ ခံယူဖို့အသင့် ရှိတယ်လို့ ပြောပါတယ်။ ပြန်ကြားရေးက ဒုဝန်ကြီးတွေကတော့ မြန်မာနိုင်ငံက သတင်းမီဒီယာတွေကို အမေရိကန် နိုင်ငံလိုမျိုးတော့ လွှတ်လပ်ခွင့်မျိုး ဘယ်တော့မှ ပေးမှာမဟုတ်ဘူးဆိုပြီးတော့လည်း သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေကို ပြောခဲ့တဲ့အကြောင်း ဦးဇော်သက်ထွေး က ပြောပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ်ဖို့ကြိုးစား ခဲ့ပေမဲ့လည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာန ကတော့ လက်ရှိအချိန်မှာ ဝန်ကြီးဌာန ကိုယ်စားပြုပြီး ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေကြမ်းကို လွှတ်တော်ကို တင်ပြထားပြီး ဖြစ်သလို၊ အများ ပြည်သူဝန်ဆောင်မှု သတင်းမီဒီယာဥပဒေ ကိုလည်း ပြန်ကြားရေး က ရေးဆွဲနေပြီး၊ နောက်ပိုင်းမှာ ရုပ်သံလွှင့်မီဒီယာ ဥပဒေမူကြမ်းနဲ့ အီလက်ထရောနစ် မီဒီယာ ဥပဒေမူကြမ်းတွေကို လည်း ရေးဆွဲဖို့ရှိတယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည် က ပြောခဲ့ဖူးပါတယ်။
XS
SM
MD
LG