သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမီဒီယာ ဥပဒေမူကြမ်း နှစ်ရပ်စလုံး ဒေါ်စု ထံပေးပို့


မြန်မာ့သတင်းမီဒီယာကောင်စီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - အောင်ရဲမောင်မောင်)
မြန်မာ့သတင်းမီဒီယာကောင်စီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - အောင်ရဲမောင်မောင်)
သတင်းမီဒီယာကောင်စီကနေ ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်က လေ့လာလိုတယ်ဆိုပြီး သတင်းမီဒီယာကောင်စီကို ပြောလာတဲ့အတွက် ဒီကနေ့မှာပဲ လွှတ်တော်ကို တင်ပြီးဖြစ်ပေမဲ့ ပြန်ကြားရေးနဲ့ အငြင်းပွားနေတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ မိတ္တူပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် မကြာသေးခင်က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပြန်ကြားရေးက ရေးဆွဲထားတဲ့ ပုံနှိပ်ထုတ်ဝေမှု ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတနဲ့ လွှတ်တော် ဥက္ကဌတွေထိအောင် စာတွေပို့လိုက်ပြီလို့လည်း သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန က ထိပ်ပိုင်းအာဏာပိုင်တွေနဲ့ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ သဘောတူထားကတော့ ပြန်ကြားရေးက ရေးဆွဲထားတဲ့ ပုံနှိပ်ဥပဒေ မူကြမ်းနဲ့ သတင်းမီဒီယာကောင်စီက ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းတွေကို လွှတ်တော်မှာ တပြိုင်နက်တည်း တင်ပေးပို့ ဖြစ်ပါတယ်။

ဒါပေမဲ့ မူလက သဘောတူထားတုန်းက အတိုင်းမဟုတ်ပဲ လွှတ်တော် ၂ ရပ်မှာ ဒီဥပဒေတွေကို တင်ပြတဲ့အခါမှာ ပြန်ကြားရေးက ရေးထားတဲ့ ပုံနှိပ်နဲ့ ထုတ်ဝေသူ ဥပဒေမူကြမ်းကိုသာ လွှတ်တော်မှာ ချပြပြီး သတင်းမီဒီယာကောင်စီက ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းကိုတော့ လွှတ်တော်မှာ တင်ပြခြင်း မရှိသေးဘူးလို့ သတင်းမီဒီယာကောင်စီက ပြောခွင့်ရှိသူတွေက ပြောပါတယ်။

ဒါကြောင့် ဒီနေ့ အစောပိုင်းမှာပဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာကောင်စီက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးထံကို သူရဲ့ NLD က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်က တာဝန်ရှိသူ တစ်ဦးနဲ့ ဖုန်းဆက်သွယ်ပြီး သတင်းမီဒီယာ ဥပဒေမူကြမ်းကို လေ့လာချင်တယ်ဆိုပြီး တောင်းဆိုတဲ့အကြောင်း ဦးဇော်သက်ထွေး က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဒီ press law နဲ့ပတ်သက်ပြီးတော့ မူကြမ်းကို လက်ခံရရှိထားခြင်း မရှိသေးဘူး။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် လေ့လာနိုင်ဖို့အတွက် press law draft ကို ပို့ပေးပါဆိုပြီး ဖုန်းဆက်တဲ့အတွက် ကျနော်ပို့ပေးလိုက်တာပါ။”

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာ ဥပဒေမူကြမ်းကို တောင်းယူကြည့်ရတာဟာ မူလက ဒီဥပဒေကြမ်း နှစ်ခုကို တပြိုင်တည်း တင်ပါမယ်ဆိုပြီးတော့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ကတိပေးထားတဲ့စာ သတင်းမီဒီယာကောင်စီမှာ ရှိတဲ့အကြောင်း ဦးသီဟစော က ပြောပါတယ်။

“ကြားထဲမှာ အပြန်အလှန် ပြန်ကြားရေးနဲ့ စာပေးစာယူ လုပ်ထားတာရှိတယ်။ တချို့ဟာတွေက ပို့တယ်။ တချို့ဟာတွေက လွှတ်တော်ပို့ပြီးတော့ ကော်ပီအနေနဲ့ ပို့တာပေါ့။ ဒီမှာ လောလောဆယ်ရှိနေတဲ့ တစောင်ဆိုလို့ရှိရင် အဲ့ဒါက မေလ ၈ ရက်နေ့ နေ့စွဲနဲ့ ဥပဒေကြမ်းကော်မတီ ပြည်သူ့လွှတ်တော်ကို ပို့တာ။ ဒါပေမဲ့ အဲ့ဒါ ဦးရဲထွဋ်က လက်မှတ်ထိုးထားတယ်။ လက်မှတ်ထိုးထားပြီးတော့ အဲ့ဒီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ပေးပို့ခြင်း ဆိုတဲ့ အဲ့ဒီမှာ သူရေးထားတဲ့ စာရှိတယ်။ အဲ့ဒီစာထဲမှာလည်း record ရှိတယ်။ အဲ့ဒီမှာ အခု highlight လုပ်ထားတဲ့အချက်က ယခု ဥပဒေနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီမှ ရေးဆွဲသည့် ဥပဒေတို့ကို လွှတ်တော်သို့ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး အတူတကွ တင်သွင်းရန်နှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူသွားရန် ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြပါသည်လို့ ပြောထားတယ်။”

ဒါ့အပြင် ပြန်ကြားရေးနဲ့ သတင်းမီဒီယာ ကောင်စီတို့ဟာ ပြန်ကြားရေးက ရေးဆွဲထားတဲ့ ပုံနှိပ်နဲ့ ထုတ်ဝေမှု ဥပဒေမူကြမ်းမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေကို ပိတ်ပင်ထားတဲ့ အချက် ၂၄ ချက်ကို သဘောမတူတာကြောင့် ၄ ကြိမ်တိုင်တိုင် ပြန်ကြားရေးက ညွှန်ကြားရေးမှူးချုပ် အဆင့်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတော့ ပြင်မယ်ဆိုပြီး သဘောတူထားတာတွေကိုတော့ ပြည်သူ့လွှတ်တော်မှာ မကြာသေးခင်က အတည်ပြုလိုက်တဲ့ အဲ့ဒီ ဥပဒေမူကြမ်းမှာ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ ဦးသီဟစော က ပြောပါတယ်။

ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ မကြာသေးခင် ရက်ပိုင်းအတွင်းက အတည်ပြုလိုက်တဲ့ ပြန်ကြားရေးက ရေးဆွဲထားတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးတော့ ကန့်ကွက်ကြောင်းကိုလည်း နိုင်ငံတော် သမ္မတ၊ လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိအောင် စာတွေပို့ဖို့ ဒီကနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့လည်း သတင်းမီဒီယာကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးသီဟစော က ပြောပါတယ်။

“လုပ်ထားပြီးသားကိစ္စတွေ၊ စာရွက်စာတမ်းတွေ ဥပမာ စာနယ်ဇင်းကောင်စီက ရေးထားပြီးတဲ့ ဥပဒေကြမ်းပေါ့ အဲ့ဒါကိုလည်း သူတို့ မကြည့်ရသေးဘူး။ ကြည့်ဖြစ်အောင် ပို့မယ်။ ပြီးတော့ ရှေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေရှိတယ်။ နှစ်ဘက်သဘောတူပြီးတော့ ဒီဘက်က ပြင်ဖို့၊ ဟိုဘက်က ပြင်ဖို့ အဲ့ဒီကိစ္စတွေပေါ့နော်။ အဲ့ဒါတွေအားလုံးကို ဒီနေ့ စာတွေ အကုန်လုံး ရိုက်ပြီးတော့ ဒီနေ့ စဝေမယ်။ ဒါမှမဟုတ် မနက်ဖြန်ဝေမယ်ပေါ့။ အဲ့တော့ ဒေါ်စုရယ်၊ လွှတ်တော်ဥက္ကဌတွေရယ်၊ သမ္မတရုံးရယ်အပြင် လွှတ်တော်ကော်မတီတွေကို ပို့မယ်။ နိုင်ငံရေးပါတီတွေကို ပို့မယ်။ တိုင်းရင်းသားပါတီတွေ အပါအဝင် civil society ပေါ့ ၈ လေးလုံးတို့ ဘာတို့ ပါမှာပေါ့ အဲဒါမျိုးတွေကို ပို့မယ်။”

သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာ ကောင်စီအနေနဲ့ အခုလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ထိပ်တိုက် တွေ့နေရတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်း ကိစ္စအတွက် နိုင်ငံတော်သမ္မတကို တွေ့ဆုံပြီး ပြောကြားဖို့ အစီအစဉ်တွေရှိသလို တောင်းဆိုချက်တွေ အကာင်အထည် မပေါ်လာရင်တော့ သတင်းမီဒီယာကောင်စီ ၁ ဖွဲ့လုံး နှုတ်ထွက်ဖို့အထိ ရှိတယ်လို့လည်း အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းဆွေက ဇူလိုင်လ ၇ ရက်နေ့ကလုပ်တဲ့ သတင်းမီဒီယာကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
XS
SM
MD
LG