သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာ ဥပဒေမူကြမ်းသစ်ရေးဆွဲဖို့ ပြန်ကြားရေး ဝန်ကြီးသစ်ပြင်ဆင်


Xmas kids shopping
Xmas kids shopping
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက်က ရေးဆွဲထားခဲ့တဲ့ မီဒီယာဆိုင်ရာ ဥပဒေမူကြမ်းကို အသုံးမပြုတော့ပဲ ဥပဒေသစ် အစကနေ ပြန်ရေးဆွဲဖို့ ပြန်ကြားရေး ဝန်ကြီးအသစ်က စီစဉ်နေပြီဖြစ်ပါတယ်။ သတင်းမီဒီယာလောကမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ မကြာခင်မှာ ဖွဲ့စည်းတော့မယ့် စာနယ်ဇင်းကောင်စီကနေ ဦးဆောင်ပြီး အဲဒီ မီဒီယာ ဥပဒေမူကြမ်းကို ရေးဆွဲကြမှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးက သတင်း မီဒီယာလောကက တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လိုက်လံတွေ့ဆုံပြီး အခုလို စီစဉ်နေတာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ ဦးသိန်းစိန်က အခုနောက်ဆုံး ပြုလုပ်လိုက်တဲ့ ဝန်ကြီးဌာန အပြောင်းအလဲတွေအတွင်း ပြန်ကြားရေးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ထားခြင်းခံရတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က သတင်း၊ စာနယ်ဇင်းနဲ့ ဂျာနယ်လောကက တာဝန်ရှိသူတွေ၊ မီဒီယာအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ သီးခြားစီ လိုက်လံတွေ့ဆုံပြီး အခုလို မီဒီယာဥပဒေအသစ် ရေးဆွဲဖို့ စီစဉ်လာတာဖြစ်ပါတယ်။

အရင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက် ရေးဆွဲခဲ့ပြီး လွှတ်တော်မှာ အဆိုတင်သွင်းဖို့အထိ ပြင်ဆင်ထားတဲ့ မီဒီယာဥပဒေကြမ်းကို မကြိုက်တဲ့အတွက် အသစ်ပြန်ရေးဆွဲဖို့ ပြောလာတာဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့ MJN က ထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

“ ဘယ်လိုလဲ ဆိုတော့ အရင် မီဒီယာ ဥပဒေက သူမကြိုက်ဘူးလို့ ပြောပါတယ်။ သူမကြိုက်ဘူးဆိုတော့ အဲဒီဟာကို ထားလိုက်တော့ပေါ့နော်။ ထားလိုက်တော့ ဆိုတော့ အသစ်ပြန်လုပ်မယ်။ မီဒီယာ ဥပဒေရဲ့ Frame Work ကို မကြာခင်ဖွဲ့စည်းမယ့် စာနယ်ဇင်း ကောင်စီကို Frame Work ချပေးမယ်ပေါ့နော်။ စာနယ်ဇင်းကောင်စီက Frame Work ကို သုည မူကြမ်းအနေနဲ့ Zero Draft အနေနဲ့ ဆွဲမယ်ပေါ့နော်။ ဆွဲပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနကို ပေးမယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက First Draft အနေနဲ့ ဆွဲမယ်။ အဲဒီ First Draft အနေနဲ့ ဆွဲပြီးရင် မီဒီယာ ဥပဒေနဲ့ ပတ်သက်တဲ့ Work Shop ကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ Work Shop တခု လုပ်မယ်လို့ ပြောတယ်။”

ဥပဒေအသစ် မကြာခင် ရေးဆွဲမယ်ဆိုပေမယ့်လည်း အများစုရဲ့ သဘောဆန္ဒ ပါဝင်အောင် ရေးဆွဲမှာဖြစ်တဲ့အတွက် အချိန်ယူ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဦးမြင့်ကျော်က ဆက်ပြောပါတယ်။

“ အဓိကက မီဒီယာ သမားတွေကို ကိုယ်စားပြုပြီး ဆွဲတဲ့ နေရာမှာ ဝင်ပါမှာက စာနယ်ဇင်းကောင်စီ ဖြစ်လိမ့်မယ်။ ဒါကြောင့် ပထမ အဆင့် စာနယ်ဇင်း ကောင်စီက မီဒီယာ လောကကို ကိုယ်စားပြုတယ်လို့ ဆိုရင် အဲဒီ စာနယ်ဇင်း ကောင်စီက မီဒီယာ ဥပဒေ ရေးဆွဲရင် ပါဝင်ရေးဆွဲခွင့် ရလာမယ့် သဘောပါ။ မီဒီယာ ဥပဒေက ကြာမယ့် သဘောရှိတယ်။ လာမယ့် လွှတ်တော်တို့ ဘာတို့တောင် မီမယ် မမီဘူး မသိဘူးဗျ။ လောလောဆယ်မှာ မြန်မြန် ဆန်ဆန် ဖွဲ့မှာက စာနယ်ဇင်းကောင်စီ ဖြစ်လိမ့်မယ်။ အဲဒီတော့ မနေ့က အဓိက တွေ့တာ မီဒီယာ ဥပဒေ အတွက် တွေ့တာတော့ မဟုတ်ဘူး။ စာနယ်ဇင်း ကောင်စီ အတွက် ပြောလို့ရတယ်။ ကျန်တာကတော့ သူရှင်းပြတဲ့ သဘောပါ။ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီးတော့။ ”

အရင် ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းဟာ သတင်းမီဒီယာသမားတွေနဲ့ အများပြည်သူ သိရှိခြင်း မရှိဘဲ ရေးဆွဲထားတာဖြစ်တဲ့အတွက် အဟောင်းကို ပြန်ပြင်နေမယ့်အစား အသစ်တခု အစကနေ ပြန်ရေးဆွဲဖို့ ဝန်ကြီးနဲ့တွေ့တဲ့အချိန်မှာ သူတို့ဘက်က အကြံပြု တင်ပြခဲ့တယ်လို့ ဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့သူ နောက်တဦးလည်းဖြစ်၊ MJA မြန်မာသတင်းစာဆရာများ အသင်းရဲ့ ဒုဥက္ကဌ တဦးလည်းဖြစ်တဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။

“ အရင် ဥပဒေ လက်မခံနိုင်တဲ့ အကြောင်းကတော့ ဒီလိုလေ ကျနော်တို့ အဓိကကတော့ မမြင်ရဘူးလေ။ ဘာတွေပါမှန်းလဲ မသိသေးဘူး။ အခုထိ ချပြမယ်ဆိုရင်လည်း ကျနော်တို့က အစအဆုံး ဖြစ်မယ်။ ကျနော်တို့က သံသယ ဝင်တာက အရင်ဥပဒေက ၆၂ ခုနှစ်ကို အခြေခံပြီး ဆွဲထားတဲ့ ဥပဒေ ဖြစ်သွားမှာကို စိတ်ပူတယ်ဗျ။ ၆၂ က အငွေ့အသက်တွေ ပါမှာကို စိတ်ပူတယ်။ ကျနော်တို့ဘာသာ ကျနော်တို့ အသစ်ဘဲ စပြီးတော့ ကိုယ့်ဘာသာ လုပ်ခွင့် အခွင့်သာတုန်းပေါ့ဗျာ။ အရင်တုန်းကတော့ ဥပဒေသစ်ဆိုတာ ကိုယ့်ဘာသာ ဆွဲချင်ကြတာလေ။ သူများဆွဲပြီးသား တို့လို့တန်းလန်းကို ပြင်တာထက် ကိုယ့်ဘာကို စိတ်ကူးလေးနဲ့ Frame လေးနဲ့ ဆွဲလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်။ အဲဒါကြောင့် ကျနော် အဲလိုလေး ပြောလိုက်တာ။ အရင်ဥပဒေကို ကျနော်တို့က မမြင်ရသေးပါဘူး။ အခုထိလည်း ကျနော်တို့ ချမပြသေးပါဘူး။ ”

ဒီမီဒီယာ ဥပဒေမူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ချပေးထားတဲ့ လမ်းညွှန်ချက်နဲ့အညီ စာနယ်ဇင်းကောင်စီက ပထမအဆင့်အဖြစ် “ဝ” အဆင့်ကို ရေးဆွဲကြမှာ ဖြစ်ပြီး နောက်ပိုင်းမှ မူကြမ်း ၁၊ မူကြမ်း ၂ ရယ်လို့ လိုအပ်သလို အစည်းဝေးတွေ၊ တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားပြီးမှ လွှတ်တော်ကို တင်သွင်းကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ မီဒီယာဥပဒေအသစ်ကို ရေးဆွဲဖို့ရှိနေတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ဆိုတာကို MJA၊ MJN တို့လို မီဒီယာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ စာရေးဆရာ၊ အယ်ဒီတာတွေ၊ မီဒီယာလုပ်ငန်းရှင်တွေ၊ ဒီလောထဲမှာ ထဲထဲ ဝင်ဝင် ပါဝင် လုပ်ဆောင်နေသူတွေ စတဲ့ လူပုဂ္ဂိုလ် ၃၀ နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ စာနယ်ဇင်းကောင်စီအစစ်ကိုတော့ အခုလ မကုန်ခင်လောက်မှာ ဖွဲ့စည်းဖြစ်မယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

မြန်မာအစိုးရက Core Press Council လို့ခေါ်တဲ့ အမြုတေစာနယ်ဇင်းကောင်စီကို သြဂုတ်လ ၁၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာကြောင့် စာနယ်ဇင်းကောင်စီ အသစ်ပေါ်လာရင် အဲဒီ ကောင်စီဟောင်းရဲ့ အခန်းကဏ္ဍဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မသိဘူးလို့ စာနယ်ဇင်းသမားတွေက ဗွီအိုအေကို ပြောပါတယ်။

နဂို ကရှိနေခဲ့တဲ့ ဆင်ဆာဘုတ်အဖွဲ့ကို သြဂုတ်လ ၂၀ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီး တင်ထုတ်ကနေ ထုတ်တင်အဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG