သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေမူကြမ်း လွှတ်တော်နှစ်ရပ် အတည်ပြု


ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်မြင်ကွင်။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၂)။
ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်မြင်ကွင်။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၂)။
ပြည်သူ့လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာပါ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာပါ အတည်ပြုပြီး သမ္မတ လက်မှတ်ရေးထိုးပြီးရင်တော့ ဒီဥပဒေကို ပြဌာန်းဖို့ အသင့်ဖြစ်နေပြီလို့ ပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြပေးထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာရော အမျိုးသားလွှတ်တော်မှာပါ အတည်ပြု ပြဌာန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းအဆိုပြုထားတဲ့ ဒီပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တွင်း ကန့်ကွက်သူမရှိ တခဲနက် အတည်ပြုခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း သတင်းပုံနှိပ်သူများနဲ့ ထုတ်ဝေသူတွေအတွက် ဥပဒေကို အတည်ပြု ပြဌာန်းနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ရေးဆွဲတင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာပါ ဒီကနေ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ လွှတ်တော်အမတ်တွေ တင်ပြတဲ့ ပြင်ဆင် ဖြည့်စွက်ချက်တွေနဲ့အတူ ပြန်လည်ပြင်ဆင် ဆွေးနွေးကြပြီးတဲ့နောက်မှာတော့ အမျိုးသားလွှတ်တော်မှာ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ အတည်ပြုနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ။ သူတို့ ပြီးခဲ့တဲ့အပတ်က သူတို့ တခါ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ဖို့ အကြံပြုတဲ့ အချက်တွေကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တချို့က လက်မခံနိုင်ဘူးပေါ့နော်။ လက်မခံနိုင်လို့ သူတို့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပြန်ပြီးတော့ ဆွေးနွေးပြီးတော့မှ ပြန်ပြင်ပြီးတော့မှ သူတို့ အတည်ပြုလိုက်တာ။ ကျနော်တို့က စတင်သွင်းတာက ပြည်သူ့လွှတ်တော်ကိုး။ အဲ့တော့ ပြည်သူ့လွှတ်တော်လက်ထဲ ဥပဒေကြမ်းကော်မတီက ရောက်သွားပြီးတဲ့အချိန်ကစလို့ ကျနော်တို့ ပြည်သူ့လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ဖြစ်သွားတာပေါ့။ ကျနော်တို့ရဲ့ ဥပဒေကျတော့ ပြည်သူ့လွှတ်တော်က သူက အတည်ပြုပြီးတဲ့အခါမှာ သူ အတည်ပြုထားတဲ့ မူကြမ်းကို ကျနော်တို့ အမျိုးသားလွှတ်တော်ကို ပို့တာပေါ့။ အမျိုးသားလွှတ်တော်က သူ သဘောတူရင် တူတယ်။ မတူရင် သူ ပြင်ချင်တဲ့အချက်တွေကို ပြင်လိုက်တယ်။ ပြင်ပြီးလို့ရှိရင် သူတို့ ပြည်သူ့လွှတ်တော်ကို ပြန်ပို့မယ်။ ပြန်ပို့ရှိရင် ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်ပြီးတော့ သုံးသပ်ပြီးတော့ သူတို့ လက်ခံနိုင်ရင် လက်ခံ။ လက်မခံနိုင်ရင်တော့ ပူးပေါင်းကော်မတီမှာ ကျနော်တို့ ပြန်ဆွေးနွေးပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရမှာ”

အများပြည်သူ ဖတ်ရှုတဲ့ ပုံနှိပ်မီဒီယာတွေမှာ သတင်းပုံနှိပ်ထုတ်ဝေသူများ လေးစားလိုက်နာရန် နည်းဥပဒေ ပြဌာန်းချက်တွေ ပြဌာန်းပါရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်းပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီးလည်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် က အခုလို ရှင်းပြပါတယ်။

“အခု ကျနော်တို့က ဘာကိုပဲ ပြောလဲဆိုရင် ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ အချက် ၄ ချက်ပေါ့။ တစ်က ဘာသာရေး၊ လူမျိုးရေး ခွဲခြားတဲ့ကိစ္စရပ်တွေကို ကျနော်တို့ ပုံနှိပ်ဖော်ပြတာ မလုပ်ဖို့၊ နှစ်ကတော့ ကျနော်တို့ ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့ဟာတွေ မလုပ်ဖို့၊ သုံးက ညစ်ညမ်းစာပေတွေကို ပုံနှိပ်ခြင်း မလုပ်ဖို့၊ လေးက ကျနော်တို့ မူးယစ်ဆေးဝါးတို့၊ လောင်းကစားတို့လိုမျိုး ရာဇဝတ်မှုတွေကို အားပေးတဲ့ ရေးသားမှုမျိုးတွေကို မလုပ်ဖို့ ဒါပဲ ကျနော်တို့က ပြောတာခင်ဗျ။ ပုံနှိပ်တဲ့သူ (သို့မဟုတ်) ထုတ်ဝေတဲ့သူတစ်ယောက်က အချက် ၄ ချက်နဲ့ ငြိစွန်းတာကို သူ ထုတ်ဝေလိုက်တယ် ဆိုပါတော့ အဲ့ဒါကိုဆိုရင်တော့ အစိုးရအဖွဲ့အစည်းတခုခု ဒါမှမဟုတ်လည်း ပြည်သူတယောက်ယောက်က ဒီထုတ်ဝေစာသည် အဲ့ဒီအချက် ၄ ချက်ထဲက ငြိစွန်းပါတယ်ဆိုပြီးတော့ သူက တိုင်ကြားခွင့်ရှိတာပေါ့။ တိုင်ကြားတဲ့အခါကျရင်တော့ အခု ကျနော်တို့ ဆွဲထားတဲ့ ပုံစံကတော့ တရားရုံးကို ကျနော်တို့က အဲ့ဒါကို လွှဲပေးလိုက်မယ်။ တရားရုံးကို လျှောက်ထားပေါ့။ တရားရုံးကို လျှောက်ထားတဲ့ ကာလအတွင်းမှာ ဝန်ကြီးဌာနကနေပြီးတော့မှ ဒါကို ခဏ ယာယီဆိုင်းငံ့ထားမယ်။ ဆိုင်းငံ့လို့ တရားရုံးက ဟုတ်တယ်၊ ငြိစွန်းတယ်ဆိုရင်တော့ သူ့ကို အမြဲတမ်း ကျနော်တို့က ဆက်ပြီးတော့ ထုတ်ဝေဖြန့်ချိခွင့် ပိတ်မှာပေါ့။ တရားရုံးက မငြိစွန်းဘူးလို့ ဆုံးဖြတ်ရင်တော့ ဆက်ပြီးတော့ ပြန်လည် ထုတ်ဝေခွင့်ရမယ်။”

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာသတင်းမီဒီယာ ပတ်ဝန်းကျင်ကို လူမှုတာဝန်သိမှု မီဒီယာအဖြစ် ဖော်ဆောင်နိုင်အောင် အခုလို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကို အတည်ပြုပြဌာန်းနိုင်ဖို့ ကြိုးစားတာသာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

“လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုလို ဟာမျိုးတွေကို လက်လွတ်စပယ် ရိုက်လို့ မရတော့ဘူးပေါ့။ ရိုက်လို့မရလို့ရှိရင်တော့ ကျနော်တို့က လူမှုတာဝန်သိမှု၊ လူ့အဖွဲ့အစည်းပေါ်မှာ တာဝန်သိမှု တိတိကျကျလေး လိုက်နာကျင့်သုံးလာတဲ့ အကျိုးကျေးဇူးတော့ ကျနော်တို့က ရမှာပါ။ ကျန်တဲ့ အစိုးရကို မဝေဖန်ရဘူးတို့ ဘာတို့ဆိုတဲ့ အချက်တွေက ဒီပုံနှိပ်ဥပဒေထဲမှာ လုံး၀ မပါပါဘူး။”

အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာမဏ္ဍိုင် ခိုင်မာမှုရှိအောင် ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ ဥပဒေပြုမှုတွေကို လုပ်ဆောင်သင့်ပြီး မီဒီယာသမားတွေရဲ့ သဘောထားဆန္ဒကိုလည်း လေးစားဖို့ လိုတယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။ ဥပဒေပါအချက်တွေထဲက ပြင်ဆင်ဖြည့်စွက်လိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

“မဲခွဲရတယ်ဆိုတာ ကျနော်တဦးတည်းကိုပဲ မဲခွဲရတာပါ။ ကျန်တဲ့လူတွေကတော့ ဥပဒေကြမ်းကော်မတီနဲ့ သဘောဆန္ဒတူညီပါတယ်။ ကျနော်ကတော့ ဥပဒေကြမ်းကော်မတီရဲ့ သဘောမတူတဲ့အတွက် ကျနော့်ကိစ္စတခုကိုပဲ လွှတ်တော်က မဲခွဲပေးရတာပါ။”

ပြန်ကြားရေးရဲ့ ဒီဥပဒေမူကြမ်းဟာ မီဒီယာ လွတ်လပ်ခွင့်မရှိဘဲ သတင်းသမားတွေအပေါ်မှာ ကန့်သတ်ဖိနှိပ်မှု၊ ချုပ်ကိုင်မှုတွေ ရှိတယ်ဆိုပြီး သတင်းမီဒီယာသမားတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင်တော့ သတင်းမီဒီယာသမားတွေက ဦးဆောင်ပြီး မြန်မာနိုင်ငံ သတင်းစာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က တင်သွင်းထားပြီး ဆွေးနွေးတင်ပြဖို့ စောင့်ဆိုင်းနေချိန်ပဲ အခုလို အမျိုးသားလွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
XS
SM
MD
LG