သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအရေး မြန်မာနဲ့ကနေဒါ အမတ်တွေ ဆွေးနွေး


မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်ရမှာဖြစ်ပြီး၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ လိုနေသေး တယ်လို့ တိုင်းရင်းသားပါတီတွေက ပြောဆိုလိုက်ကြပါတယ်။ ကနေဒါနိုင်ငံက ပါတီစုံ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားပါတီတချို့ ပထမဆုံး တွေ့ဆုံချိန်မှာပဲ အခုလိုမျိုး
ဆွေးနွေးပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ပြည်ထောင်စုထဲက တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်နိုင်ဖို့က အဓိက အရေးကြီးတဲ့ အကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူး ဦးလှစောက ကနေဒါလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံချိန် ပြောဆိုလိုက်ပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဘူး။ မြန်မာပြည်က တစုံတရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီ။ လမ်းကြောင်းမှန်ပေါ်ကိုတော့ ခရီးစ နေပြီ။ ဒါပေမဲ့ ကျနော်တို့ မကြိုက်တာတွေရှိပါတယ်။ ဖွဲ့စည်းပုံပါ။ ရခိုင်ပြည်နယ်မှာ သယံဇာတတွေ ရှိတယ်၊ သဘာဝဓာတ်ငွေ့တွေ ထွက်ပေမဲ့ ကျနော်တို့ ဘာမှ မခံစားရဘူး။ အဲ့ဒါတွေ ကျနော်တို့ ပြောပြတယ်။ ဒီဟာတွေကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းပုံဆိုင် ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ ဖက်ဒရယ်စနစ်ဆီကို ဦးတည်ပြီးတော့ သွားရမယ်။ ဖက်ဒရယ်စနစ်ကပဲ အကောင်းဆုံး အနေအထားတခုကို ရောက်နိုင်မယ်ဆိုတာကို ကျနော်တို့ ပြော
ပြပါတယ်။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန် ဒိဖက် အော့ပရိုင်း ဦးဆောင်တဲ့ ကနေဒါနိုင်ငံရေး ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားပါတီတချို့က ကိုယ်စားလှယ်တွေ တနင်္လာနေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံပါတီစုံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ ပထမဆုံးအကြိမ် တွေ့ဆုံကြတဲ့အချိန်မှာ
တော့ ကနေဒါနိုင်ငံရဲ့ လွှတ်တော်စနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို၊ မြန်မာနိုင်ငံက တိုင်းရင်းသား ပါတီတွေကလည်း တိုင်းရင်းသားပါတီတွေ လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထားတွေ ကို ပြန်ပြီး ရှင်းပြခဲ့ကြတယ်လို့ ကိုယ်တိုင်တက်ရောက် ဆွေးနွေးခဲ့တဲ့ ဦးလှစော က ပြောပါတယ်။

“အဲ့ဒီ ကနေဒါကိုယ်စားလှယ်အဖွဲ့မှာလည်း သူတို့ ပါတီစုံ ပါတယ်။ ကျနော်တို့မှာလည်း ပါတီအစုံ ပါတယ်။ အဓိကကတော့ သူတို့က အဲ့ဒီ ကနေဒါ ပါလီမန်အကြောင်းကို ယေဘုယျရှင်းပြပါတယ်။ အဲ့ဒါပါ။ ကျနော်တို့ကလည်း အချိန်ရတော့ ကျနော်တို့ ပါတီ တခုချင်းဆီရဲ့ အနေအထားတွေ ကို ပြောပြတယ်။ ပါတီထဲမှာ ရခိုင်ပါတယ်။ ချင်းပါတယ်။ မွန်ပါတယ် ဆိုတော့ ကျနော်တို့ တိုင်းရင်းသား အကြောင်းတွေကို တပါတီ တခုချင်း နည်းနည်းပါးပါး ပြောကြတယ်။ ကျနော်တို့ ရခိုင်ကတော့ ကျနော်တို့ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ လွှတ်တော်အမတ်နေ ရာ ယေဘုယျအားဖြင့် ကျနော်တို့က အများစု နိုင်တယ်ပေါ့။ ၃၄ နေရာမှာ ၁၈ နေရာနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးအဖွဲ့ကို ဖွဲ့ခွင့်မရဘူး။ ကျနော်တို့ အများစုနိုင်ပေမဲ့ ကျနော်တို့ရဲ့ ဝန်ကြီးချုပ်ဟာ ကျနော်တို့ ပါတီက မရဘူးဆိုတဲ့အကြောင်းကို သူတို့ နားလည်အောင် ကျနော်တို့ ပြောပြတယ်။”

ကနေဒါနိုင်ငံ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ရဲ့ အခု ခရီးစဉ်ကတော့ ကနေဒါပါလီမန် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကနဦး လှုပ်ရှားမှုအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အခြေအနေ၊ နောက် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပါတီတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ မြန်မာ့ပါလီမန် လွှတ်တော် အနေအထားကို လေ့လာ ဖို့ ရောက်လာကြတာဖြစ်တယ်လို့ ဦးလှစော က ပြောပါတယ်။

“ကနေဒါ ပါလီမန်အဖွဲ့ပေါ့လေ ကွန်ဆာဗေးတစ်ပါတီကလည်း ပါတယ်။ နယူး ဒီမိုကရက်တစ် ပါတီကလည်း ပါတယ်။ လစ်ဗရယ်ပါတီကလည်း ပါတယ်။ ဗမာပြည် နိုင်ငံရေးမှာ သူတို့ ကနေဒါနိုင်ငံအနေနဲ့ စတင်ပြီးတော့ ခြေလှမ်း ဝင်ရောက်လာတဲ့ သဘောမျိုးပေါ့။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်စဉ်ထဲမှာ နိုင်ငံတကာက ပါလာတယ်ဆိုတော့ သူတို့ ကနေဒါနိုင်ငံက လည်း နိုင်ငံကြီးတခုအနေနဲ့ ဒီဖြစ်စဉ်ထဲမှာ သူတို့ ပါဝင်လာပြီးတော့ ကျနော်တို့ကို အကူအညီတွေ ပေးမယ်။ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်မယ်။ အဆက်အသွယ် ပြတ်တောက်မှု မရှိအောင်အတွက် ခြေလှမ်းသစ် အနေနဲ့ ဝင်လာတဲ့သဘောမျိုး၊ ဒါ အစ ခြေလှမ်းလောက်ပါပဲ။ ကျနော် အဲ့လိုပဲ မြင်ပါတယ်။”

တနင်္လာနေ့က တွေ့ဆုံတဲ့ပွဲမှာတော့ ရခိုင်၊ ချင်း၊ မွန်၊ ဒီမိုကရက်တစ်ပါတီ NDF နဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်တွေ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ကြပါတယ်။

ကနေဒါ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ မြန်မာ့နိုင်ငံရေးပါတီအသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေ၊ နောက် အစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံမယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပြီးတော့၊ ကနေဒါ နိုင်ငံရေး ပါတီစုံက အဖွဲ့ဝင် ၁၄ ဦးပါတဲ့ ဒီကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် ဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ စတင်ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG