သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ EU ဆက်ဆံရေး တိုးမြှင့်သွားမည်


မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ EU ပါလီမန်အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို တွေ့ဆုံစဉ် (၅ မတ်လ ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ EU ပါလီမန်အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို တွေ့ဆုံစဉ် (၅ မတ်လ ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ၅ နိုင်ငံခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒီကနေ့ ဥရောပသမဂ္ဂ (EU) ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ဥရောပခေါင်းဆောင်တွေက ကတိပြုလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေဆဲ အခြေအနေတွေကို ဖြည့်ဆည်းဖို့ ဖိအားပေးသင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ တိုက်တွန်းနေကြတာပါ။ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ် နောက်ဆုံး အခြေ အနေတွေကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ဥရောပ ၅ နိုင်ငံခရီး သွားရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ အင်္ဂါနေ့မှာ EU ဥရောပ သမဂ္ဂရုံးဆိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်နေပြီဖြစ်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့မှာ EU ဥရောပသမဂ္ဂ အကြီးအကဲတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ EU သတင်းနဲ့ ပြန်ကြားရေး အရာရှိ ဗယ်လ်တော်တာ (Valtorta) က ပြောပါတယ်။

“သူဟာ ဥရောပကော်မရှင်အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို (Jose Manuel Barroso) နဲ့ရော ဥရောပသမဂ္ဂအီးယူဥက္ကဋ္ဌ ဟာမန်း ဗန် ရွမ်ပေး (Herman Van Rompuy) နဲ့ပါ တွေ့ဆုံခဲ့တယ် လို့ ပြောပါတယ်။”

ဆွေးနွေးပွဲအပြီးမှာတော့ EU ပါလီမန် အကြီးအကဲ မစ္စတာ ဘာရိုစို က EU နဲ့ မြန်မာကြား ဆက်ဆံရေးတွေ တိုးပြီး လုပ်ဆောင်သွားမယ့်အကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေဖို့အတွက် အပြောင်းအလဲတွေ လုပ်နေတာကို EU က ပံ့ပိုးပေးမှာဖြစ်ကြောင်းနဲ့ အခု လုပ်ဆောင်နေတဲ့ ပြောင်းလဲမှုတွေဟာ ပြီးပြည့်စုံမှု မရှိသေးဘဲ လူ့အခွင့်အရေးဆိုင်ရာ တကယ့် စိန်ခေါ်မှုတွေ ရှိနေသေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။

EU အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပံ့ပိုးပေးနေသလို၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေအတိုင်း ဖြစ်လာစေ ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်နဲ့ လက်တွဲပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့အတွက် အလှူငွေ ပေါင် စတာလင် သန်းပေါင်း ၁၅၀ ပေးမှာဖြစ်သလို၊ ရခိုင်ဒေသအတွက် နောက်ထပ် ယူရိုငွေ ၅ သန်းခွဲ ချထားပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ်ကုန်ပိုင်းလောက်မှာပဲ EU ဥရောပသမဂ္ဂရဲ့ လက်ထောက် အကြီးအကဲတွေဖြစ်တဲ့ ကတ်သရင်း အက်ရှ်တန် (Catherine Ashton) နဲ့ တာဂျနီ (Tajani) တို့ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။ အခုလို EU နဲ့ မြန်မာ ဆက်ဆံရေး လမ်းပွင့်လာချိန်မှာ EU က မြန်မာနိုင်ငံကို အကူအညီတွေ ပိုပြီး ပေးအပ်ဖို့ ရှိတဲ့အပြင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာလည်း တိုးပြီး လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဘရပ်ဆဲလ်မှာ ရှိနေစဉ်အတွင်း EU ဥရောပသမဂ္ဂရဲ့ လက်ထောက် အကြီးအကဲလည်းဖြစ်၊ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲလည်းဖြစ်တဲ့ ကတ်သရင်း အက်ရှ်တန် (Catherine Ashton) နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။

အခုလို ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်ဆောင်လာအောင် သမ္မတ ဦးသိန်းစိန်ကို EU ကနေ တိုက်တွန်းဖို့အတွက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက တောင်းဆိုလိုက်တယ်လို့ HRW ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အကြီးအကဲ ဖေးလ် ရောဘတ်စန် (Phil Robertson) က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လုပ်စရာတွေ အများကြီး ကျန်နေပါ သေးတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ရုံးခွဲတခု ဖွင့်လှစ်ခွင့်ပေးမယ်လို့ သမ္မတက ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်တာမျိုးလို၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးတာမျိုးလို ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်အောင် လိုအပ်သလို ဆောင်ရွက်တာမျိုးတွေလို ကိစ္စမျိုးတွေပါ။ မြန်မာအစိုးရအနေနဲ့ လုပ်ရမယ့် စာရင်းထဲမှာ တပုံချည်း ကျန်နေပါသေးတယ်။ ကျနော်တို့အနေနဲ့ EU ကို ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆိုဖို့နဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုပေမဲ့ အချိန်ကြာဦးမယ်။ EU အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပံ့ပိုးဖို့ လိုမယ်ဆိုတာတွေကို သဘောပေါက်ထားဖို့ ဖိအားပေးနေတာပါ။"

မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှစပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ရှိလာတာ တွေ့ ရပေမဲ့ အခုမှ အစပဲ ရှိသေးတာမို့ ဆက်လက်ပြီး တိုက်တွန်းဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ OCHA ရုံးခွဲအတွက် လူ့အခွင့်အရေး စောင့်ကြည့်မှုကို အပြည့်အ၀ လုပ်ဆောင်ခွင့်မပေးရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံထဲမှာ ရုံးခွဲဖွင့်ဖို့နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဆက်ပြီး ထားရှိ ဖို့အတွက် EU က ပါဝင်လုပ်ဆောင်ပေးဖို့ပါ တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ တနင်္လာနေ့မှာ သြစတြီးယားနိုင်ငံမှာ ရှိနေစဉ် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ဥရောပနဲ့ အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုက အတား အဆီး တခုဖြစ်နေတာမို့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG