သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအကြမ်းဖက်မှု ပြစ်ဒဏ်များ ဆက်လက်ချမှတ်


မိတ္ထီလာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရသူတွေ အပေါ် ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ (၂၁ မေ ၂၀၁၃)
မိတ္ထီလာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရသူတွေ အပေါ် ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ (၂၁ မေ ၂၀၁၃)
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ ဆက်နွယ်ပြီး တရားရုံးက အရွယ်မရောက်သေးသူ တစ်ဦးအပါအဝင် လူ ၇ ဦးကို တသက်တကျွန်း ပြစ်ဒဏ် အပါအဝင် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ သေဆုံးသွားတဲ့ သံဃာတော် တစ်ပါးကို သတ်ဖြတ်မှု အပါအဝင် တခြားစွပ်စွဲချက်တွေနဲ့ မိတ္ထီလာခရိုင်နဲ့ မြို့နယ်တရားရုံးတွေက ဒီကနေ့ပဲ စီရင်ချက်တွေ ချမှတ်ခဲ့တာပါ။ မိတ္ထီလာမြို့က တရားခွင် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က အပြည့်အစုံ သတင်းပေးပို့ခဲ့ပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး တာဝန်ရှိသူတွေအဖြစ် စွပ်စွဲခံခဲ့ရတဲ့ လူ ၆ ဦး ကို တရားရုံးက ဒီကနေ့မှာပဲ ထောင်ဒဏ်တွေနဲ့ အမြင့်ဆုံးအဖြစ် တသက်တကျွန်း အပြစ်တွေ ပေးခဲ့ပါတယ်။

လူ ၄၃ ဦး သေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အဦးတွေ၊ လူနေအိမ်တွေ၊ အစိုးရ အဆောက်အဦးတွေ မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ဖြစ်စဉ်အတွင်းမှာ ပထမဦးဆုံး သေဆုံးခဲ့တဲ့ သံဃာတစ်ပါးဖြစ်သူ ဦးသောဘိတ ကို သတ်ဖြတ်မှုကြောင့် မိတ္ထီလာခရိုင် တရားရုံးကနေ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ညီမျှတဲ့ တသက်တကျွန်း ပြစ်ဒဏ်နဲ့ တခြားလူတွေကိုတော့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ပြစ်ဒဏ် စီရင်ခံခဲ့ရသူတွေ ဘက်ကနေ အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။
“မိတ္ထီလာခရိုင် တရားရုံးက ၆ ယောက်ကို ပြစ်ဒဏ်ချတယ်။ အဏ္ဍဝါ (ခေါ်) မြတ်ကိုကို ကို လူသတ်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၂ အရ နှစ် ၂၀ နဲ့ ညီမျှသော ထောင်ဒဏ် တသက်တကျွန်း၊ ဒုတိယစွဲချက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅-က သာသနာညစ်နွမ်းက ၂ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ Unlawful Assmebly အတွက် ၂ နှစ်၊ သီးခြားစီ စုစုပေါင်း ၂၄ နှစ်။ ကျန်တရားခံ ၃ ဦးဖြစ်တဲ့ မျိုးထွန်း၊ မျိုးညွန့်၊ ဖိုးချို တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၂/၁၁၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ ၂၉၅-က အရ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၁၄ နှစ် သီးခြားစီ ကျခံဖို့ အမိန့်ချတယ်။ ကျန်တရားခံ ၂ ယောက်ဖြစ်တဲ့ ဘာပြေ (ခေါ်) ဇော်သက်နိုင်နဲ့ ရာရှီ (ခေါ်) မျိုးဝင်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ၂ နှစ်စီ ချတယ်။ ဒါက ခရိုင်တရားရုံးက ချတာပါ။ မိတ္ထီလာမြို့နယ် တရားရုံးက ဘာပြေ (ခေါ်) ဇော်သက်နိုင်နဲ့ မျိုးထွန်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-ခ အရ ၂ နှစ်စီ ချတယ်။ နောက် ဖိုးချို ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု အက်ဥပဒေပုဒ်မ ၆-၁/၉ အရ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် ချတယ်။ မီးရှို့မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၁၁၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်ချတယ်။ သီးခြားစီဆိုတော့ ၁၄ နှစ်။”

ဒီကနေ့ နောက်ထပ် စီရင်ချက် ချမှတ်ခံခဲ့ရသူ တစ်ဦးကတော့ အရွယ်မရောက်သေးသူ တစ်ဦးဖြစ်နေတဲ့အတွက် မိတ္ထီလာမြို့နယ် ကလေးသူငယ် တရားရုံးကနေ စီရင်ချက်ခဲ့တယ်လို့လည်း ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

“ကလေးသူငယ် တရားရုံးက ညီညီနိုင် ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၂/၁၁၄ အရ ထောင်ဒဏ် ၇ နှစ်၊ ၂၉၅-က အရ ထောင်ဒဏ် ၂ နှစ်၊ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်၊ ပြစ်ဒဏ် ၃ ရပ်ကို တပေါင်းတည်း ၇ နှစ် ချတယ်။”
မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့က စပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု အဓိကရုဏ်းတွေ အတွင်းမှာ ရွှေဆိုင်ကနေ စတင်ခဲ့တယ်ဆိုပြီး ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီးခဲ့ပြီး အမှုစွဲတင်ခဲ့ရာကနေ ဧပြီလ ၁၁ ရက်နေ့ကတော့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦးနဲ့အတူ ဆိုင်အကူ ၁ ဦးတို့ကို ပုဒ်မ ၃၂၅၊ ပုဒ်မ ၃၂၄၊ ပုဒ်မ ၁၁၄ ရိုက်နှက်မှု၊ ဆူပူအောင် လှုံ့ဆော်မှုတွေ လုပ်တယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၄ နှစ်စီ ကျခံစေဖို့ မိတ္ထီလာ တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။

လူသတ်မူနဲ့ ပြစ်ဒဏ်တွေ စီရင်ခံခဲ့ရတဲ့ အပေါ်မှာတော့ ခုခံပြီး ပြန်လည် အယူခံမှာ ဖြစ်တယ်လို့်လည်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။ တရားရုံးတွေရဲ့ စီရင်ချက်တွေနဲ့ ပတ်သက်ပြီး မျှတမှု ရှိ မရှိ ကိုလည်း မေးမြန်းကြည့်ခဲ့ပါတယ်။

“ခရိုင်တရားရုံးအနေနဲ့ မိတ္ထီလာခရိုင်တရားရုံးမှာ စစ်ဆေးစီရင်တာ အကုန်လုံးကတော့ မျှတပါတယ်။ တရားခံ အခွင့်အရေး အကုန်လုံးပေးထားတယ်။ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ ကျနော်တို့က ဒီထက်ပြင်းထန်တဲ့ သေဒဏ်အထိ မျှော်လင့်ထားတာပါ။ စွဲချက်တင်တာ ၃၀၂-၁ ဂ နဲ့ စွဲချက်တင်ထားတော့ ပြစ်မှုထင်ရှားတွေ့ရင် သေဒဏ်ကလွဲလို့ မရှိပါဘူး။ ခရိုင်တရားရုံးက ပေါ်ပေါက်တဲ့ သက်သေထွက်ချက်များအရ၊ စနစ်တကျ သုံးသပ်ပြီးတော့ ၃၀၂-၂ နဲ့ ပြောင်းလဲပြီးတော့ အပြစ်ပေးလိုက်တာ၊ ဒါဟာ အင်မတန် ကောင်းတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြစ်မှု တစ်ခုတည်း အပေါ်မှာပဲ မျိုးထွန်းနဲ့ ဘာပြေ၊ ဖိုးချိုတို့ကို၊ ဖိုးချို ကတော့ ထားလိုက်ပါတော့၊ မျိုးထွန်းနဲ့ ဘာပြေက ဒီဗလီရှေ့မှာ အော်ဟစ်တယ်ဆိုတဲ့ စွပ်စွဲချက်များအရ သူတို့ကို ၅၀၅-ခ အရ မြို့နယ်တရားရုံးက ထပ်ပြီး တရားစွဲ အပြစ်ပေးတာတော့ ဥပဒေအရ မျှတ မှန်ကန်မှု မရှိဘူးလို့ ထင်တယ်။ ဒါကတော့ လုပ်ဆောင်မှု တစ်ရပ်တည်းအတွက် ပြစ်မှု ၂ မျိုးခွဲ အပြစ်ပေးသလို ဖြစ်နေတယ်။ ဒါဟာ ဥပဒေနဲ့ ညီတယ်လို့ ကျနော် မထင်ဘူး။”

ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခံရသူ အများစုကတော့ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြပါတယ်။ အဓိကရုဏ်းအတွင်းမှာ ဗလီများနဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေအိမ်အများအပြား မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး၊ မိတ္ထီလာမြို့ကနေ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းနဲ့ ပြည်နယ် အတော်များများကိုပါ ပျံ့နှံ့သွားခဲ့တာပါ။

မိတ္ထီလာမြို့မှာတော့ ပဋိပက္ခတွေကြောင့် လူသောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ဒုက္ခသည်စခန်း ၆ ခု ဖွင့်ထားခဲ့ရပါတယ်။ မကြာသေးခင်ကတော့ ဒုက္ခသည်တွေကို နေရာ ပြန်ချထားရေးတွေကို လုပ်ခဲ့ကြပါတယ်။ မိတ္ထီလာမြို့မှာ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ သွေးထိုး မြှောက်ပင့်ပေးမှု၊ လူသတ်မှု၊ မီးရှို့မှု စတာတွေနဲ့ သံသယရှိသူတွေအဖြစ် စွပ်စွဲခံရသူ ဗုဒ္ဓဘာသာဝင်တွေ အပါအဝင် လူပေါင်း ၇၄ ဦးကို မိတ္ထီလာထောင်မှာ ဖမ်းဆီးထားပြီး အရေးယူခဲ့တာပါ။

ဖမ်ဆီးထားသူတွေကိုလည်း အမှုများ ဆက်လက် စွဲဆိုနေဆဲလည်း ဖြစ်ပါတယ်။
XS
SM
MD
LG