သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာ ပုဒ်မ ၁၄၄ သက်တမ်းတိုး


မိတ္ထီလာခရိုင်တရားရုံးမှာ စီရင်ချက်ချမှတ်ပြီးတော့ တရားခံများကို ပြန်ခေါ်ထုတ်လာစဉ် (၂၀ မေ ၂၀၁၃)
မိတ္ထီလာခရိုင်တရားရုံးမှာ စီရင်ချက်ချမှတ်ပြီးတော့ တရားခံများကို ပြန်ခေါ်ထုတ်လာစဉ် (၂၀ မေ ၂၀၁၃)
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အရေးပေါ် အခြေအနေအရ သမ္မတရဲ့ ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၁၃ အရေးပေါ် အခြေအနေ ကြေညာခြင်းကို ရက်ပေါင်း ၆၀ သက်တမ်းတိုးခဲ့ကြောင်း လွှတ်တော်မှာ မနေ့က အတည်ပြုခဲ့ပါတယ်။ မေလ ၂၁ ရက်ကတော့ မိတ္ထီလာမြို့ အရေးအခင်းမှာ စွဲချက်တင် ခံထားရသူတွေကို ရုံးထုတ်ပြီးတော့ တသက်တကျွန်း အပါအဝင် ထောင်ဒဏ်အသီးသီး အမိန့် ချမှတ်ပြီးချိန်မှာတော့ မတည်ငြိမ်မှုတွေ အနည်းငယ် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအတွက် မိတ္ထီလာမြို့မှာတော့ အဓိကရုဏ်း ဖြစ်နေတုန်းက အခြေအနေအတိုင်း အရပ်သားတွေကလည်း ကင်းစောင့်နေရဆဲဖြစ်သလို၊ လုံခြုံရေးတွေကလည်း အများအပြား ချထားဆဲပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်ရှင်။

မိတ္ထီလာမြို့မှာတော့ နိုင်ငံတော်သမ္မတအမိန့်နဲ့ မတ်လ ၂၂ ရက်က ပုဒ်မ ၁၄၄ အရေးပေါ် အခြေအနေ ကြေညာထားတာပါ။ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အကြမ်းဖက်မှု အဓိကရုဏ်းတွေအပြီး ၂ လအကြာမှာတော့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂ လကထက်စာရင် အခြေအနေတွေ တည်ငြိမ်မှု ရှိနေပြီဆိုပေမဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား တဘက်နဲ့တဘက် သံသယတွေနဲ့ တင်းမာမှုတွေ ရှိနေတာမို့ အရပ်သားတွေ ကင်းစောင့်နေဆဲ ဖြစ်သလို၊ ပိုပြီး လုံခြုံမှုရှိအောင် ပုဒ်မ ၁၄၄ ကို သက်တမ်းထပ်တိုးတာ ဖြစ်နိုင်တယ်လို့ မိတ္ထီလာမြို့ခံ စာရေးဆရာ၊ သတင်းစာဆရာ ဦးတင်လှိုင် က ဆိုပါတယ်။

“လမ်းလုံခြုံရေးကတော့ ညတိုင်း ၈ နာရီနောက်ပိုင်းမှာ အကုန်လုံး စောင့်ရတယ်။ မနက် ၄ နာရီအထိအောင် စောင့်ကြရတယ်။ ၂ လတိုးတယ်ဆိုတာက ပိုပြီးတော့ လုံခြုံရေး စိတ်ချရအောင်လို့ တိုးတဲ့သဘောပါပဲ။”

မိတ္ထီလာမြို့ခံ နောက်တစ်ဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် မိတ္ထီလာခရိုင် ဥက္ကဌ ကိုအောင်နေပိုင် ကလည်း မိတ္ထီလာမြို့မှာ အဓိကရုဏ်း ဖြစ်ပြီးကာစလိုပဲ လုံခြုံရေးတွေကတော့ ဆက်ပြီး ချထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ရက်တွေလိုပဲ အခု 144 ပြန်ပြီးတော့ ဆက်ရှိတဲ့အချိန်မှာလည်း အားလုံး စစ်တပ်ရော၊ ရဲရော လုံခြုံရေး အပြည့်အဝနဲ့ပေ့ါနော်။ အားလုံး မြို့အလယ်ခေါင်မှာကအစ ထားထားတယ်ခင်ဗျ။”

မိတ္ထီလာမြို့က ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တစ်ဦးကတော့ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ နေရာတွေမှာ ပြန်နေခွင့်ရဖို့ကို ရပ်ကွက်ခံတွေက လက်မခံတဲ့အတွက် အခက်အခဲတွေ ရှိနေဆဲပဲလို့ ပြောပါတယ်။

“ဒုက္ခသည်စခန်း ၅ ခုမှာ ကျနော်တို့ လူဦးရေပေါ့ ၅ ထောင်ဝန်းကျင်ပေါ့နော် ၅ ထောင်ဝန်းကျင် ကျန်ခဲ့တယ်။ ကျနော်တို့ ပြန်လည်နေရာချထားပေးတယ်ဆိုတာ အိုးအိမ်မပျက်စီးဘဲနဲ့ မီးမလောင်တဲ့အိမ်တွေပေါ့။ ၆ ထောင်ဝန်းကျင်လောက်တော့ ပြန်လည် နေရာချထားပေးတာ တွေ့ရပါတယ်။ နောက် ရပ်ကွက်အချို့မှာတော့ ရက်ကွက်ခံတချို့ကနေပေါ့ သဘောမတူတဲ့အတွက် ကန့်ကွက်ထားတဲ့အတွက်ကို ကျနော်တို့ ပြန်ပြီးတော့ နေရာချထား မပေးသေးဘူးလို့ သိရပါတယ်။”

မေလ ၂၁ ရက်နေ့ကတော့ မိတ္ထီလာ အဓိကရုဏ်းအတွင်း ပထမဦးဆုံး အသတ်ခံခဲ့ရတဲ့ သံဃာတစ်ပါးဖြစ်တဲ့ ဦးသောဘိတ ကို သတ်ဖြတ်မှုနဲ့ လူ ၇ ဦးကို ခရိုင်တရားရုံးကနေ ထောင်ဒဏ် တသက်တကျွန်းနဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကို ပေးခဲ့ပါတယ်။ အမိန့်ချခဲ့တဲ့နေ့မှာပဲ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရပြီး မြို့ခံတွေကြား မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ သတင်းစာဆရာ ဦးတင်လှိုင် က ပြောပါတယ်။

“ရုံးထုတ်ပြီးတော့ ပြန်ဖို့ဖို့ ကားပေါ်တက်တဲ့အချိန်မှာ ဒီကောင်တွေက ဆူတာ၊ ဆဲတာ၊ အော်တာ၊ ဟစ်တာပေါ့လေ အဲ့လိုဖြစ်တယ်။ အဲ့လိုဖြစ်ပြီးတော့ကာ ရဲတစ်ယောက်ကို ဒီကောင်တွေက လက်သီးနဲ့ထိုးတယ်။ ဘေးကလူတွေက မကျေမနပ်ဖြစ် ဝိုင်းလုပ်မယ် လုပ်တော့ ရဲက ထိန်းသိမ်းပြီးတော့ မောင်းသွားတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဗမာတွေက သိပ်မကျေမနပ်ဖြစ်တာပေါ့။ ရုံးကို လာလို့ ကြားတဲ့သူ အကုန်လုံးက လုံး၀ မကျေမနပ်ဖြစ်တယ်။ ပြစ်ဒဏ်ချတာနဲ့ပတ်သက်ပြီးတော့ နည်းတယ်လို့ လူအများကတော့ ယူဆကြပါတယ်။”

အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦးကတော့ -
“ကျနော်တို့က ကျေနပ် လက်ခံနိုင်သည့် ဆိုတာကတော့ သူ့ပြစ်မှုနဲ့ ပြစ်ဒဏ်နဲ့ပေါ့လေ ဥပဒေအတိုင်း ဆောင်ရွက်တယ်ဆိုရင် ကျနော်တို့က ဘာမှ ပြောစရာမရှိပါဘူး။ တကယ် ရာဇဝတ်မှု ကျူးလွန်တယ်လို့ မှန်လို့ရှိရင်တော့ ဘယ်သူမဆိုပေါ့ ဘယ်လူမျိုး ဘယ်ဘာသာ ဘယ်လူ့အဖွဲ့အစည်းမဆို ဥပဒေအတိုင်း ကျနော်တို့က ကျောသား ရင်သား မခွဲခြားဘဲနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တာကို ကျနော်တို့က ကန့်ကွက်စရာလည်း မရှိပါဘူး။ မကျေနပ်စရာလည်း မရှိပါဘူး။ ခရိုင်တရားရုံးကနေပြီးတော့ အမိန့်ချမှတ်ပြီးတဲ့အချိန်မှာ ဒီတရားခံတွေကို ထောင်ကြီးကို ခေါ်ဖို့အတွက်ကို ပြန်ပြီးတော့ ခေါ်လာတယ်ပေါ့။ ခေါ်လာတော့ ဒီခရိုင်တရားရုံးရဲ့ လှေကားအဆင်းမှာပဲ အဲ့ဒီထဲက ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုဖိုးချို ပေါ့ သူက သူ့မှာ အပြစ်မရှိဘူးဆိုပြီးတော့ အဲ့လို အော်တယ်တဲ့။ အဲ့လို အော်ဟစ်တော့ ရဲတွေက သူ့ကို တားတယ်ပေါ့။ တားရင်းနဲ့ အဲ့လို ရုံးနဲ့ သူနဲ့ကြားထဲမှာ ရုဏ်းရင်းဆန်ခတ် ဖြစ်သွားတယ်။”

မိတ္ထီလာမြို့မှာ လူ ၄၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ဘာသာရေး အဆောက်အဦးတွေ၊ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက်မှာတော့ လူတစ်သောင်းကျော်ဟာ ဒုက္ခသည်စခန်း ၆ ခုမှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မိတ္ထီလာ အဓိကရုဏ်းတွေအတွင်း သံသယရှိသူ ဗုဒ္ဓဘာသာတွေ အပါအဝင် လူ ၇၄ ဦးကိုတော့ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး တရားရုံးထုတ် စစ်ဆေးနေသလို၊ ပြစ်ဒဏ်ပေးမှုတွေကိုလည်း လုပ်နေဆဲ ဖြစ်ပါတယ်။

မေလ ၂၁ ရက်နေ့ကတော့ သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၁၃ အရေးပေါ် အခြေအနေ ကြေညာခြင်းကို သက်တမ်း ၂ လ ထပ်တိုးဖို့ လွှတ်တော်က မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့ပြီး မိတ္ထီလာမြို့မှာ လုံခြုံရေးများ ဆက်လက် ချထားခဲ့ပါတယ်ရှင်။
XS
SM
MD
LG