သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိထ္ထီလာခရိုင် အရေးပေါ်အမိန့်ရုပ်သိမ်း


မိတ္ထီလာမြို့က ဗလီကျောင်းတခု။
မိတ္ထီလာမြို့က ဗလီကျောင်းတခု။
အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်အတွင်းက မိတ္ထိလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်လေးမြို့နယ် ကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြန်ရုပ်သိမ်း လိုက်ပြီဖြစ်ပါတယ်။ ဒီလိုအရေးပေါ်အခြေအနေ ကြေညာထားတာ ကို ပြန်ရုပ်လိုက်ပေမဲ့ ဒေသတွင်းလုံခြုံရေးကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က စောင့်ကြည့်ကာကွယ်ပေးနေမှာဖြစ်တယ်လို့ ဒေသဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ ဇူလိုင်၂၀ ရက်နေ့ရက်စွဲနဲ့ တည်ငြိမ်အေးချမ်းမှုပျက်ပြားသည့် ပဋိပက္ခများ ဖြစ်ပေါ်မှုအား ဥပဒေကဲ့သို့ အာဏာတည်သော အရေးပေါ် အခြေအနေ ကြေညာတဲ့ အရေးပေါ်ကြေညာချက်အမိန့်( ၁/၂၀၁၃) ကို လေးလအတိ ပြည့်တဲ့နေ့မှာပဲ နိုင်ငံတော်သမ္မတအမိန့်နဲ့ ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့တုန်း က ရွှေဆိုင်တွင်း အရောင်းအဝယ် လုပ်ရာက မကျေနပ်မှုကနေ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့အပါအဝင် မိတ္ထီလာခရိုင်ထဲက မလှိုင်၊ ဝမ်းတွင်းနဲ့သာစည်မြို့ လေးမြို့ကို မတ်လ ၂၂ ရက်နေ့က သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာတဲ့ ရက်ပေါင်း ၆၀ ပြည့်ခဲ့ပေမဲ့ ဒေသတွင်း ဆက်ပြီး တည်ငြိမ်အေးချမ်းမှု အတွက် ထိန်းသိမ်းဖို့ လိုအပ်နေသေးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သက်တမ်း ၂ လ တိုးပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးမှာ အတည်ပြုချက်ရယူပြီးတော့ နောက်ထပ် ရက် ၆၀ သက်တမ်းထပ်တိုးဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်တယ်လို့ မလှိုင်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အုပ်ချုပ်ရေးပိုင်းကတော့ သမ္မတက ရုပ်တာပါ။ လွှတ်တော်က အတည်ပြုပေးတာပေါ့နော်။ ပုဒ်မ ၁၄၄ ထုတ်ဖို့ကြတော့ ဟိုတုန်းက လွှတ်တော်က နားထားတယ်ဆိုတော့ သူက ပြီးခါနီးကျတော့ သမ္မတကနေပြီးတော့ အထူးလွှတ်တော် ခေါ်လိုက်တယ်။ ခေါ်ပြီးတော့ အတည်ပြုချက်ယူလိုက်တယ်။ အချိန်သတ်မှတ်ပြီးတော့ တင်ပြတယ်။ ၂ လ (ရက်ပေါင်း ၆၀) သတ်မှတ်ပြီးတော့ အတည်ပြုပေးပါလို့ သမ္မတက ပြောတယ်။ အဲဒီတော့ လွှတ်တော်က အတည်ပြုပေးလိုက်တယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ ရက်ပေါင်း ၆၀ ပြည့်သွားတဲ့အတွက်၊ ပြည့်သွားတဲ့အချိန် မှာလည်း အခြေအနေတွေ အားလုံးက ကောင်းတဲ့အတွက် ဒါဟာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တဲ့အတွက် ဒါကို အားလုံး သဘောတူရုပ်လိုက်တာပါ။”

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ထဲမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းလိုက်ပြီဆိုပေမဲ့ ဒေသတွင်းက လုံခြုံရေး အခြေအနေကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေးတာဝန်ယူထားတဲ့ အာဏာပိုင်တွေ အနေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ကာကွယ်မှုတွေ လုပ်ပေးနေမှာဖြစ်တယ်လို့လည်း အရေးပေါ် အခြေအနေ ပြန်ရုပ် လိုက်နိုင်ပြီဖြစ်တဲ့ မလှိုင်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ဆိုပါတယ်။

“ရုပ်လိုက်ပြီးတော့ အခုဟာက ဈေးဝယ်ဈေးရောင်း အားလုံးအတွက်ကို လုံခြုံရေးကအစပေါ့၊ ဒါကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ က စောင့်ကြည့်ဆဲပါ။ လိုအပ်တာတွေကို မြို့မှာရော၊ ရွာမှာရော၊ တောမှာရော အကုန်လုံး ကြည့်စရာ လုပ်စရာရှိတာတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းအဖွဲ့က ဒါတွေ ဆက်လုပ်နေပါတယ်။”

အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့အခြေအနေဟာလည်း တည်ငြိမ်စပြုနေပြီဖြစ်ပါတယ်။ အခုလိုအရေးပေါ်အခြေအနေ ပြန်ရုပ်ပေးလိုက်တဲ့ အတွက် မိတ္ထီလာမြိုသူမြို့သားတွေ ဈေးရောင်းဝယ် ဖောက်ကားမှုနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပိုပြီးတော့မှ အဆင်ပြေသွားစေတယ်လို့ မိတ္ထီလာမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကလည်း ပြောပါတယ်။

“အရေးပေါ်အခြေအနေ ရုပ်လိုက်တဲ့အခါကျတော့ စီးပွားရေး၊ လက်လုပ်လက်စားတွေ အတွက်တော့ အများကြီး အသက်ရှူချောင်သွားတာပေါ့။ အခြေအနေ တော်တော် တည်ငြိမ်နေပါပြီ။”
အခုလိုအရေးပေါ်အခြေအနေ ပြန်ရုပ်ပေးလိုက်သလိုပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း မီးလောင်ပျက်စီးခဲ့ရတဲ့ အိုးအိမ်ဆုံးရံှူးခဲ့ရသူတွေ အတွက် လိုအပ်တဲ့အိုးအိမ် ပြန်လည်တည်ဆောက်ရေးနဲ့ ယာယီနေထိုင်ရေးတွေကိုလည်း စီစဉ်ပေးနေဆဲဖြစ်တယ်လို့ ဦးဝင်းထိန်ကဆက်ပြောပါတယ်။

“နေရာပြန်လည်ချထားရေးကတော့ ချမ်းအေးသာယာမှာ အခု တိုက်တွေဆောက်ပေးဖို့ တင်ဒါ ခေါ်နေပြီ။ ကန်ထရိုက်တင်ဒါ ခေါ်နေပြီ။ နေရာ ကတော့ မြေစာရင်းဦးစီးဌာနနဲ့ စာရင်းတွေရှင်းနေရတုန်း မသေချာသေးဘူး။ အထူးသဖြင့် မီးလောင်သွားတဲ့အိမ်တွေက မိတ္ထီလာခရိုင် အားကစားရုံမှာ တဖွဲ့၊ နောက်ပြီးတော့ ကျောင်းမှာတဖွဲ့။ အဲဒီလို အဖွဲ့တွေ ခွဲထားရတယ်။”

မြန်မာနိုင်ငံအလယ်ပိုင်းမှာဖြစ်ခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် နိုင်ငံတော်သမ္မတအမိန့်နဲ့ မတ်လ ၃၀ ရက်နေ့တုန်းကလည်း အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီကိုပါ ဖွဲ့စည်းပြီးတော့ ဒေသတွင်း လုံခြုံရေးကို ကိုင်တွယ်ဖြေရှင်းခဲ့ရတာဖြစ်ပါတယ်။

အခုလို နိုင်ငံတွင်းမှာ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေလာနိုင်မယ့် အနေအထားဖြစ်လာတယ်ဆိုရင် တိုင်းဒေသကြီးက အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ တင်ပြချက်နဲ့ နိုင်ငံတော် သမ္မတကနေ လုံခြုံရေးလိုအပ်ချက်နဲ့ အရေးပေါ်အခြေအနေ ကြေညာ ရတာဖြစ်တယ်လို့ ရှေ့နေများကွန်ယက်အဖွဲ့က ရှေ့နေကြီး ဦးအောင်သိန်းကလည်း ဆိုပါတယ်။

“သတ်မှတ်တဲ့ကာလအထိ အရေးပေါ် အခြေအနေက လိုအပ်တဲ့ အတိုင်းအတာ အေးဆေးတည်ငြိမ်သွားပြီ ဆိုရင်တော့ ပြန်ရုပ်သိမ်းနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါပေမဲ့ ပြဿနာရဲ့ အတိုင်းအတာက သူ့ကာလ သတ်မှတ်တဲ့အထိ လိုရင်လုပ်အပ်သလို တိုးချဲ့နိုင်ပေမဲ့၊ မလိုအပ်တော့ဘူးဆိုရင်လည်း ပြန်ရုပ်သိမ်းပိုင်ခွင့် ရှိပါတယ်။”

ပြီးခဲ့တဲ့ မတ်လ မိတ္ထီလာအကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံးလူ ၄၀ကျော် သေဆုံးပြီး အိုးအိမ်အများပြား မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ ဖြစ်ပွားခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့သူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းပြီး တရားရုံးတင်စစ်ဆေးမှုတွေ လုပ်နေပြီး ပြစ်ဒဏ်စီရင်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
XS
SM
MD
LG