သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအဓိကရုဏ်း လူပေါင်း ၂ သောင်းကျော်အိုးအိမ်မဲ့


မိတ္ထီလာအကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
မိတ္ထီလာအကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
အဓိကရုန်းနဲ့အကြမ်းဖက်တာတွေ ဖြစ်ခဲ့တဲ့မိတ္ထီလာမှာ ဒီကနေ့ အခြေအနေတွေ ပြန်ပြီးတော့ တည်ငြိမ်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ရက်ကြာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် မတည်မငြိမ် အခြေအနေတွေကြောင့် လူပေါင်း ၂၀,၀၀၀ လောက် အိုးအိမ်ပစ်ပြီး ဒုက္ခသည် ဖြစ်ခဲ့ရတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မတ်လ ၂၃ ရက်နေ့ကစပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားတဲ့ မိတ္တီလာမြို့က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက်ဆူပူမှုတွေကို မတွေ့ရတော့ဘူးလို့ ဒေသခံပြည်သူတွေက ပြောလာတာပါ။ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် မိတ္တီလာမြို့မှာနေထိုင်ကြတဲ့ လူပေါင်း ၂၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့တွေ ဖြစ်ခဲ့ရပြီး ဒုက္ခသည်တွေအဖြစ် နေထိုင်နေရတယ်လို့ မိတ္ထီလာမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

“ဗုဒ္ဓဘာသာဒုက္ခသည်တွေက ဘုန်းကြီးကျောင်းတွေမှာနေတာ အားလုံး ၇,၀၀၀ ကျော်လောက်ရှိတယ်။ နောက်ပြီးတော့ မူစလင်ဒုက္ခသည်တွေက ဘောလုံးကွင်းမှာ ၉,၀၀၀ လောက်ရှိတယ်။ အမှတ် (၂)ရဲစခန်းမှာ ၅,၀၀၀ လောက်ရှိတယ်။ အဲဒီကျောင်းတွေကို ဘုန်းကြီးကျောင်းလည်း ဘုန်းကြီးကျောင်းအလျောက်၊ မူစလင်စခန်းတွေလည်း မူစလင်စခန်းတွေအလျောက် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးတာ၊ အလားတူပဲ အခြားအဖွဲ့တွေလာပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးနေတာ ကျနော်တွေ့ပါတယ်။”

မိတ္ထီလာမြို့မှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားချိန်ကစလို့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထားခဲ့တာ ၃ ရက် ကြာလာတဲ့ အချိန်အထိ အခြေအနေတွေ တည်ငြိမ်မှု မရှိသေးတဲ့အတွက် အရေးပေါ် အခြေအနေအဖြစ် နိုင်ငံတော်သမ္မတက မနေ့က လက်မှတ်ရေးထိုး ကြေညာလိုက်တာ ဖြစ်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အမိန့်ကိုတော့ နောက်ဆက်တွဲ အမိန့်တစုံတရာ မထုတ်ပြန်မခြင်း ကျင့်သုံးသွားမှာဖြစ်သလို စစ်တပ်အကူအညီနဲ့ပါ လုံခြုံရေးကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ သမ္မတရဲ့ကြေညာချက်မှာ ဖော်ပြထားတာပါ။

အခုလို အရေးပေါ် အခြေအနေနဲ့ စစ်တပ်ရဲ့အကူအညီရယူပြီးတဲ့နောက်မှာ လမ်းပေါ်မှာ ရဲနဲ့စစ်သားတွေက လုံခြုံရေးအပြည့်အ၀ ရယူထားတယ်လို့ မိတ္ထီလာမြို့ခံ ကိုဖုန်းက ပြောပါတယ်။
စစ်တပ်နဲ့ ရဲတွေ လုံခြုံရေး ရယူထားတာကြောင့် အချို့ဈေးဆိုင်တွေ
ပြန်ဖွင့်လာနိုင်ပြီးတော့ ဒေသတွင်းလည်း အတော်လေး တည်ငြိမ်လာပြီလို့လည်း ဦးဝင်းထိန်ကပြောပါတယ်။

“မနေ့ကထက်စာလို့ရှိရင် လုံခြုံရေးအခြေအနေ တော်တော်ကောင်းသွားပြီ။ ကားတွေအသွားအလာရော၊ လူတွေအသွားအလာရော ပုံမှန်ဖြစ်သွားပြီးတော့ ဈေးဆိုင်တွေလည်း နည်းနည်းပြန်ဖွင့်လာတယ်။ မနေ့ကထက်စာရင်တော့ နည်းနည်းပိုကောင်းတာပေါ့။ သို့သော်လည်းပဲ အခုဟာက မူစလင်ဒုက္ခသည်တွေကို အာဏာပိုင်တွေက သင့်လျော်တဲ့နေရာကို ပြောင်းကြရွှေ့ကြတဲ့နေရာမှာတော့ တချို့ရပ်ကွက်တွေက လက်မခံဘူးဆိုပြီး တင်းခံနေတဲ့အပိုင်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ပဋိပက္ခသဘောမျိုးတော့မဖြစ်ပါဘူး။”

မိတ္ထီလာမြို့က အကြမ်းဖက်လုပ်ရပ်တွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေဟာ အကူအညီ အတော်အတန် လိုအပ်နေတယ်လို့လည်း မန္တလေးမြို့ကလာရောက်ပြီး ဒုက္ခသည်တွေကိုကူညီနေတဲ့ ကျောင်းသားရဲဘော်ဟောင်းများအဖွဲ့က ကိုဝင်းမြင့်ထွန်းက ဗွီအိုအေကို ပြောပါတယ်။ အရေးပေါ်အခြေအနေ ထုတ်ထားပေမဲ့ မိတ္တီလာမြို့ကို လာရောက်ကူညီတဲ့ အခြားအရပ်ဒေသကလူတွေအနေနဲ့ ဒုက္ခသည်တွေကို လွတ်လွတ်လပ်လပ် ကူညီပေးနိုင်တယ်လို့ ကိုဝင်းမြင့်ထွန်းက ပြောပါတယ်။


“ရပါတယ်ခင်ဗျ။ အခုကတော့ ကျနော်တို့က မန္တလေးကနေ သံဃာအပါး ၅၂ ပါးလည်း ပါတာကိုးဗျ။ ကျနော်တို့ချည်းပဲမဟုတ်ဘူး။ သံဃာအပါး ၅၂ပါး ဂဠုန်နီဆရာတော် အပါအဝင်ပေါ့။ ဒီဆရာတော်တွေရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့သွားလာနေတာပါပဲ။ ကျနော်တို့အခုဟာကတော့ ကျနော်တို့ သွားချင်တဲ့နေရာကို သွားလို့ရပါတယ်။ ယူချင်တဲ့နေရာယူလို့ရပါတယ်။”

မတ်လ ၂၃ ရက်နေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြချက်အရ လူ ၁၁ ဦး သေဆုံးတယ်လို့ ဆိုထားပေမဲ့ အကြမ်းဖက်မှုတွေကြောင့် အမှန်တကယ် လူ ၂၀ လောက်ထိ ဒီကာလတွင်း သေဆုံးသွားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ဒဏ်ရာရတဲ့ လူပေါင်း ၃၉ ဦးနဲ့ ဘာသာရေးအဆောက်အအုံ ၁၃ လုံး၊ နေအိမ် ၁၂၅ လုံးလောက် ပျက်စီးခဲ့တယ်လို့လည်း ဆိုထားပါတယ်။
XS
SM
MD
LG