သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သူအရေးယူဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း


အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့က ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို မစ္စတာ နမ်ဘီယား တက်ရောက် စကားပြောနေစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)။
အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့က ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို မစ္စတာ နမ်ဘီယား တက်ရောက် စကားပြောနေစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ မိတ္ထီလာမြို့မှာ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ မစ္စတာနမ်ဘီးယားက ပြောခဲ့သလို ဘေးဒဏ် သင့်သူတွေဟာ ကြောက်ရွံ့စိုးရိမ်နေကြပေမဲ့ သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို ရနေတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း မြို့ခံတွေဟာ လုံခြုံမှုကို ခံစားလာရပြီလို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကစပြီး ရုန်းရင်းဆန်ခတ် အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်ခဲ့ပြီးတော့ လူတွေ သေဆုံး ဒဏ်ရာရခဲ့တဲ့ မိတ္ထီလာမြို့ဆီ မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား ဒီကနေ့ သွားရောက်ခဲ့တာပါ။

ကြာသပတေးနေ့မှာ တဘက်နဲ့တဘက် အကြမ်းဖက် တိုက်ခိုက်မှုတွေ အရှိန်မြင့်ပြီးတော့ လူသေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ချိန်ကတည်းက အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရတာတွေအတွက် ဝမ်းနည်းရပါကြောင်း ကြေညာချက် ထုတ်ပြန်ပြီး ပြောဆိုခဲ့တဲ့ မစ္စတာနမ်ဘီးယားက ဒီကနေ့မှာတော့ အပြစ်ကျူးလွန်သူတွေကို အရေးယူနိုင်ရေးကိစ္စ အလေးထား ပြောသွားပါတယ်။

“ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးပြီးတော့ အပြစ်ပေး အရေးယူနိုင်ဖို့ကိစ္စဟာ အရေးကြီးပါတယ်။”

မစ္စတာနမ်ဘီးယားဟာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ မိတ္ထီလာမြို့ဆီသွားရောက်ပြီးတော့ လှည့်လည် ကြည့်ရှုခဲ့တာပါ။ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရလို့၊ အိမ်မပျက်စီးပေမဲ့ ကိုယ့်အိမ်မှာကိုယ် မနေရဲလို့ ထွက်ပြေးခဲ့ကြသူတွေကို ယာယီ စောင့်ရှောက်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

“ကျနော်တွေ့ခဲ့ရတာက အိမ်တွေ၊ ပလီကျောင်းတွေဖျက်ဆီးခံရတာကြောင့် သူတို့တတွေဟာ မလုံခြုံမှုကို ခံစားနေရတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ကို အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပြီး အခြေခံလိုအပ်ချက်တွေ နဲ့ပတ်သက်လို့ စောဒက တက်တာမျိုး မရှိပါဘူး။ ဒီဖြစ်ရပ်ကို ရာဇဝတ်ပြစ်မှုအဖြစ် မြင်သင့်ပြီးတော့ လူမှုအဝန်းအဝိုင်း အကြား ပြဿနာအဖြစ် မပြောင်းလဲပစ်သင့်ဘဲ အတူတကွနေထိုင်ကြဖို့ သင်ယူသင့်ပါတယ် ဆိုတာကို ကျနော် အလေးအနက် ပြောခဲ့ပါတယ်။ လူမှုအဝန်းအဝိုင်းမှာ အတူတကွနေထိုင်ဖို့ လိုတယ်ဆိုတာကို သူတို့တွေ နားလည်တယ်လို့ ကျနော်ထင်ပါတယ်။”

ဗုဒ္ဓဟူးနေ့မှာ ရုန်းရင်းဆန်ခတ်အခြေအနေ စဖြစ်ပြီးတဲ့နောက် ဒေသဆိုင်ရာတာဝန်ရှိသူတွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း မတည်ငြိမ်ခဲ့တာကြောင့် သောကြာနေ့မှာ သမ္မတဦးသိန်းစိန်က အရေးပေါ် အခြေအနေ ကြေညာခဲ့တာပါ။ အဲဒီနောက်မှာ စစ်တပ်က လုံခြုံရေးကို တာဝန်ယူခဲ့ပြီးတဲ့နောက် အခြေအနေတွေ တည်ငြိမ် လာပြီလို့ မြို့ခံတွေကပြောကြပါတယ်။

“အခုစစ်သားတွေ စောင့်ရှောက်နေတဲ့အတွက် ပိုပြီးတော့ စိတ်ချရတယ်။ စစ်သားတွေစောင့်တဲ့နေ့မှ ပဲ ပိုပြီးအေးဆေးတယ်။ အရင်ရက်ကဆိုရင် တော်တော်ကြီးကို ကြောက်စရာကောင်းတယ်။”

စနေနေ့ညနေပိုင်းထိ နောက်ဆုံးရတဲ့သတင်းတွေပေါ်မူတည်ပြီး အစိုးရပိုင် သတင်းမီဒီယာတွေကနေ ကြေညာခဲ့တာအရ သေဆုံးသူအရေအတွက်ဟာ ၃၂ ယောက်ထိ ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ဘာသာဝင်အသီးသီးအနေနဲ့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်မှုမရှိရေး ဝိုင်းဝန်း စောင့်ထိန်းပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားထားတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ရဲ့ ကြေညာချက်တခုကိုလည်း ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မိတ္ထီလာမြို့နဲ့အတူ ဝမ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်တွေမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို ဘယ်တော့ ရုပ်သိမ်းမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
XS
SM
MD
LG