သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သူတွေကို ဥပဒေနှင့်အညီအရေးယူသွားမည်


မိတ္ထီလာအကြမ်းဖက်မှု အပျက်အစီးတွေကို စစ်တပ်က ရှင်းလင်းနေစဉ်။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
မိတ္ထီလာအကြမ်းဖက်မှု အပျက်အစီးတွေကို စစ်တပ်က ရှင်းလင်းနေစဉ်။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
မိတ္ထီလာအကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။ လူသေဆုံးတဲ့အထိ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာခရိုင်လေးမြို့နယ်ကို သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်က လုံခြုံရေးတာဝန်ယူလိုက်ပြီးတဲ့နောက်ပိုင်း အခြေအနေဟာ တည်ငြိမ်စပြုလာပေမဲ့ အရေးပေါ်အခြေအနေ ပြန်ရုပ်ဖို့မရှိသေးဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

မတ်လ ၂၂ ရက်နေ့က သမ္မတဦးသိန်းစိန်အမိန့်နဲ့ မန္တလေးတိုင်းဒေသကြီး မတ္ထီလာခရိုင်က မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်လေးမြို့နယ်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးတော့ စစ်တပ်ကနေ လုံခြုံရေးတာဝန်ယူလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှု ပဋိပက္ခတွေ အိုးအိမ်မီးရှို့လုယက်ဖျက်ဆီးမှုတွေနဲ့ လူသေဆုံးရတဲ့အထိဖြစ်ခဲ့တဲ့ မိတ္ထိလာမြို့ထဲမှာတော့ စစ်တပ်၊ ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့်ကိုယ်တိုင်ဦးဆောင်တဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပူးပေါင်းပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားဆောင်ရွက်နေပါတယ်။ နယ်မြေအခြေအနေတွေဟာ တည်ငြိမ်စပြုလာပြီဖြစ်ပေမဲ့ အရေးပေါ်အခြေအနေ လောလောဆယ် ရုပ်သိမ်းဖို့ မရှိသေးဘူးလို့ သမ္မတပြောခွင့်ရဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အရေးပေါ်အခြေအနေ ရုပ်သိမ်းဖို့မလားပြောလို့မရသေးဘူးခင်ဗျာ။ နယ်မြေအခြေအနေပေါ်မှာ မူတည်တာပဲ။ မြန်မြန်အေးချမ်းသွား ပြီးတော့ မြန်မြန်တည်ဆောက်ရေး လုပ်ငန်းတွေပြီးရင် မြန်မြန်လုပ်ပေးမှာပေါ့။ တပ်မတော်တပ်ဖွဲ့တွေ နေရာချထားပါတယ်။ ရဲတပ်ဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နယ်မြေအတွင်း အကြမ်းဖက်လုယက်ဖျက်ဆီးမယ်လို့ သံသယရှိသူတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းမှုတွေရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကတော့ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေကို ဥပဒေကြောင်းပေါ်မူတည်ပြီး အရေးယူခံရမှာပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား။ ကျနော်တို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အချိန်မှာ အခုလိုဖြစ်တဲ့ကိစ္စတွေရှိတယ်။ အဲဒါတွေကတော့ တရားဥပဒေအတိုင်းပဲ ဖြစ်မှာပဲ။”

အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးခဲ့ရသူတွေ နေအိမ်ပြန်ချင်တယ်ဆိုရင်တော့ လုံခြုံရေး အစောင့်အရှောက်နဲ့ ပြန်လည် ပို့ဆောင်ပေးနေသလို အိုးအိမ်ပျက်စီးခဲ့ရသူတွေနဲ့ လုံခြုံရေးစိုးရိမ်မှုရှိသူတွေကိုတော့ ဘောလုံးကွင်းတွေနဲ့ စာသင်ကျောင်းတွေမှာ စခန်း ၆ ခုဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရက ကော်မတီတွေဖွဲ့ထားပြီး ယာယီနေထိုင်ရေး စီစဉ်ပေးနေသလို တပ်မတော်လေအကူအညီနဲ့လည်း ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးနေတယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကပြောပါတယ်။

“အဲဒီမှာဗျာ အခြေအနေအရပ်ရပ်ကိုတော့ ကျနော်တို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးမြင့် ကွပ်ကဲဆောင်ရွက်နေပါတယ်။ တပ်မတော်ရော ရဲရော ပူပေါင်းဆောင်ရွက်နေတယ်။ အခု အိမ်ကိုပြန်ချင်တဲ့သူတွေရှိလို့ရှိရင်လည်း ကျနော်တို့ ပြန်ပြီးတော့ အစောင့်အရှောက်နဲ့ လိုက်ပို့ပေးခဲ့တယ်။ မပြန်နိုင်သေးတဲ့သူတွေကိုတော့ ကျနော်တို့ ဘောလုံးကွင်းရယ်၊ အထက်တန်းကျောင်းတွေ စာသင်ကျောင်းတွေမှာ လူခွဲပြီး နေရာချပြီးတော့ လိုအပ်တာတွေလုပ်ပေးနေပါတယ်။ တပ်မတော်လေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့နေပါတယ်။”

နှစ်ဘက်ထိခိုက်ဆုံရှုံးမှုတွေဖြစ်ခဲ့ရတဲ့ မတူကွဲပြားသူလူအုပ်စုချင်း အတူပြန်လည်ယှဉ်တွဲနေထိုင်ရေး နားလည်မှုတည်ဆောက်နိုင်ဖို့ အတွက် ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအခြေပြုအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းအကောင်အထည်ဖော်ဖို့ ရှိတယ်လို့လည်း သမ္မတပြောခွင့်ရဦးရဲထွဋ် က ပြောပါတယ်။

“ဖြစ်သွားတဲ့အတွက်ကြောင့်မိုလို့ နှစ်ဘက်လုံးက ထိခိုက်မှုတွေ ရှိတဲ့အတွက်ကြောင့်မိုလို့ အဲဒါတွေကိုတော့ ကျနော်တို့ အချင်းချင်းပြန်ပြီးတော့ နားလည်မှု တည်ဆောက်နိုင်အောင်၊ ကောလာဟလတွေကိုမယုံဘဲ သွေးဆူပြီးတုံ့ပြန်မှုတွေ မလုပ်နိုင်အောင် ဒါတွေကတော့ ဘာသာရေးခေါင်းဆောင်တွေကရော၊ လူမှုအဖွဲ့အစည်းရော၊ နိုင်ငံတော်က တာဝန်ရှိသူတွေရော ဒါက အကောင်အထည် ဖော်ရမှာပေါ့။ အကြမ်းမျဉ်းကတော့ post conflict ကိစ္စတွေကတော့ အများကြီးကျန်ပါသေးတယ်။”

အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေ ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိတော့တဲ့အတွက်ဆိုပြီး သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ကြေညာချက် အမိန့်ကိုတော့ နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မခြင်း အတည်ဖြစ်မှာဖြစ်သလို ဥပဒေကဲ့သို့ အာဏာကျင့်သုံးသွားမှာဖြစ်ပြီး စစ်တပ်က လုံခြုံရေးကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
XS
SM
MD
LG