သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာ အဓိကရုဏ်း ၃၂ ယောက်သေဆုံး


မိတ္ထီလာမြို့ အကြမ်းဖက်အဓိကရုဏ်း အပျက်အစီးတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
မိတ္ထီလာမြို့ အကြမ်းဖက်အဓိကရုဏ်း အပျက်အစီးတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လောလောဆယ် သိရသလောက် သေဆုံးသူပေါင်း ၃၂ ယောက်ရှိသွားပြီလို့ အစိုးရက ပြောလိုက်ပါတယ်။ မိတ္ထီလာခရိုင်ထဲက မြို့နယ် ၄ ခုမှာ သောကြာနေ့က အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပြီး စစ်တပ်နဲ့ အခြေအနေကို ထိန်းခဲ့ပြီးနောက်မှာတော့ မိတ္ထီလာမြို့နယ်ထဲမှာ အခြေအနေတွေ ပြန်လည် တည်ငြိမ်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့လို့ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသူတွေကတော့ ထောင်ပေါင်းများစွာ ရှိနေသေးတဲ့အကြောင်းကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။


မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်မှာရှိတဲ့ ရွှေဆိုင်တခုမှာ မတ်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့က ရွှေရောင်းသူနဲ့ ဝယ်သူပြဿနာဖြစ်ရာက စတင်ခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခအတွင်းမှာ သေဆုံးခဲ့သူပေါင်းဟာ ၃၂ ယောက် ရှိသွားပြီလို့ အစိုးရက ပြောပါတယ်။ စနေနေ့အထိ နောက်ထပ်ရရှိတဲ့ အလောင်းတွေအရ သေဆုံးသူအရေအတွက်ကို အစိုးရသတင်းမှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

“ရပ်ကွက်အပျက်အစီးများအတွင်းက စုစုပေါင်းသေဆုံးသူ ၂၁ ဦးရဲ့ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါရုပ်အလောင်းများမှာ ရုပ်ဆင်းအင်္ဂါပျက်ယွင်းနေပြီး အမည်နဲ့ လူမျိုးဘာသာ ခွဲခြားနိုင်ခြင်းမရှိတော့ကြောင်း သိရပါတယ်။ မိတ္ထီလာမြို့မှာဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့ညနေပိုင်းအထိ ရရှိတဲ့သတင်းများအရ သေဆုံးသူစုစုပေါင်း ၃၂ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ။”

မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နဲ့ သာစည်မြို့နယ်တွေမှာ သောကြာနေ့က အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ပြီးနောက်မှာတော့ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖျက်ဆီး လုယက်မှုတွေ ရပ်သွားခဲ့ပြီး အခြေအနေတွေဟာ ပြန်လည် တည်ငြိမ်လာနေပါပြီ။ မိတ္ထီလာမြို့ထဲမှာ စစ်တပ်နဲ့
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ကင်းလှည့် စစ်ဆေးမှုတွေ လုပ်နေကြတဲ့အတွက်
လုံခြုံမှုရှိတယ်လို့ ခံစားရတယ်လို့ မိတ္ထီလာမြို့ခံတယောက်က ပြောပါတယ်။


“မာရှယ်လော လုပ်လိုက်တဲ့အပေါ်မှာ ဗိုလ်ချုပ်ကြီးကို ကျနော်တို့က ကျေးဇူးတင်ပါတယ်။ သမ္မတကြီးကို။ ဒီဥစ္စာက အရင်ရက်ကတည်းက ထုတ်မယ်ဆိုရင် ကျနော်တို့ ဒီ့ထက်ငြိမ်းချမ်းမှုရမှာပါ။ ဒီ့ထက် အေးချမ်းမှုရမှာပါ။ ကျနော်တို့အနေနဲ့ မာရှယ်လော ထုတ်တဲ့အပေါ်မှာ အင်မတန်မှဝမ်းသာမိပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။”

လူမျိုးရေးပဋိပက္ခအသွင်ဆောင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ ဗလီတွေ ဈေးဆိုင်တွေ အများအပြား မီးလောင် ပျက်စီးခဲ့ပါတယ်။


“ကိုယ်က ဗုဒ္ဓဘာသာဆိုပေမဲ့ မထောင်ရဲပါဘူး။ ကုလားကြားထဲဆိုတော့ ကုလားနဲ့ရောပြီး ခုတ်မှာထစ်မှာကြောက်လို့ ထွက်ပြေးနေရတယ်။ အခုကျတော့ မာရှယ်လောထုတ်ပြီဆိုတော့ ကိုယ့်ဘက်က ငြိမ်းချမ်းသွားပြီလို့ ထင်တယ်။ ငြိမ်းလည်း ငြိမ်းချမ်းစေချင်ပါတယ်။ ဘာမဖြစ်တဲ့ပြဿနာနဲ့ တနိုင်ငံလုံးကို တမြို့လုံး ဆုံးရှုံးရတာ။”

၂ ရက်ကျော် ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် သောင်းချီရှိနေပြီး ဘုန်းကြီးကျောင်းတွေမှာအပြင် အားကစားကွင်းနဲ့ ရဲစခန်းတွေမှာပါ ယာယီခိုလှုံနေကြရပါတယ်။ စနေနေ့က အစိုးရသတင်းထဲမှာတော့ မိတ္ထီလာ မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ စုစုပေါင်း ဒုက္ခသည် ၉,၆၄၄ ယောက်ရှိတယ်လို့ ပြောပါတယ်။ အကူအညီလိုအပ်နေကြတဲ့ ဒုက္ခသည်တွေအတွက် တခြားက လာရောက် လှုဒါန်းသူတွေလည်း တစ တစ ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြသူတွေအတွက် လောလောဆယ်မှာတော့ အစားအသောက်နဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ ဒုက္ခသည် အရေးကို ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။ နေရပ်ကို ပြန်ချင်တဲ့သူတွေကိုလည်း လုံခြုံရေးတာဝန်ယူပြီး ပြန်လိုက်ပို့ပေးနေတယ်လို့ သက်ဆိုင်ရာက ဆိုပါတယ်။

စနေနေ့က နောက်ဆုံးသိရတဲ့ အခြေအနေအရတော့ မိတ္ထီလာမြို့ထဲမှာ ယဉ်အသွားအလာ၊ လူအသွားအလာတွေ ပုံမှန်ပြန်ဖြစ်နေပြီး တချို့ဈေးဆိုင်တွေလည်း ပြန်လည် ဖွင့်လှစ်နေကြပါပြီ။ ခုလိုမြို့ထဲမှာ ပြန်လည် တည်ငြိမ်နေပေမဲ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားချက်ကိုတော့ ချက်ချင်းကြီး ပြန်ရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့ သမ္မတပြောခွင့်ရသူဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေး ဗီဂျေးနမ်ဘီးယား (Vijay Nambia) ဟာလည်း ဒီနေ့ တနင်္ဂနွေနေ့မှာ မိတ္ထီလာရဲ့ အခြေအနေကို သွားကြည့်မယ်လို့ သိရပါတယ်။

XS
SM
MD
LG