သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ


မိတ္ထီလာမှာ အကြမ်းဖက်အဓိကရုဏ်း ဖြစ်ခဲ့စဉ်က ပျက်စီးဆုံးရှုံးခဲ့မှုများ
မိတ္ထီလာမှာ အကြမ်းဖက်အဓိကရုဏ်း ဖြစ်ခဲ့စဉ်က ပျက်စီးဆုံးရှုံးခဲ့မှုများ
၀မ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာ အကြမ်းဖက်မှုမှာ သံဃာတပါး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့အတွက် မေလ ၃ ရက်နေ့ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွဲဆိုခံထားရသူ ၃ ဦးနဲ့ ပတ်သက်လို့လည်း တရားခံတွေဘက်ကနေ ခရိုင်တရားရုံးကို အယူခံတင်မယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင်းက အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ဝမ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာအုပ်စုက ဦးဇင်း ဦးသောဘိတ ကို သတ်ဖြတ်မှုနဲ့ တရားခံလို့ စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့်ကိစ္စ နှစ်ဘက် တရားလို တရားခံရှေ့နေတွေက လျှောက်လဲချက် ပေးပြီးနောက် ဆုံးဖြတ်ချက်ချရမယ့်နေ့မှာပဲ တရားရုံးက သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။

ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွပ်စွဲခံရသူ ၃ ဦးနဲ့ပတ်သက်လို့လည်း တရားခံတွေဘက်က ခရိုင်တရားရုံးကို အယူခံ တင်မယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၀ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း လူ ၄၀ ကျော် သေဆုံးမှုမှာ သံဃာတပါးဖြစ်တဲ့ ဦးသောဘိတ ဟာ ပျံလွန်တော် မူခဲ့တာပါ။ သံဃာတော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ၁၁ ဦးကတော့ အများစုက သီရိမင်္ဂလာ ရပ်ကွက်သားတွေ ဖြစ်ကြပါတယ်။

မျက်မြင်သက်သေတွေအပါအဝင် လူ ၄၀ ခန့် သက်သေတွေကို စစ်ချက်ယူပြီးတဲ့နောက်မှာတော့ မိတ္ထီလာခရိုင် တရားရုံးက စွဲချက် တင်သင့် မတင်သင့် ပြန်ပြီး သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ချိန်းဆိုလိုက်တာဖြစ်ကြောင်း တရားခံတွေဘက်က အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

“မိတ္ထီလာခရိုင် တရားသူကြီးက မေတ္တာရပ်ခံပါတယ်။ အမှုကို သူ နှစ်ခေါက် ဖတ်ပြီးပါပြီ။ သက်သေက ၃၉ ယောက်ပါတယ်ဗျ။ ၃၉ ယောက်ပါတဲ့အခါကျတော့ အမှုနဲ့ပတ်သက်ပြီးတော့ နစ်နာမှာစိုးလို့၊ တရားရုံးက ဒါ ကျနော်တို့ အမှန်အတိုင်း ပြောရမှာပါ။ မိတ္ထီလာခရိုင် တရားရုံးက အတော်လေးကို တရားမျှတမှုရှိပါတယ်။ ဥပဒေနဲ့အညီ ကျနော်တို့ အခွင့်အရေး အကုန်လုံးလည်း ရပါတယ်။ ကျနော်တို့ တင်ပြချက်တွေကိုလည်း အသေးစိတ် ကြားနာပြီးတော့ စွဲချအမိန့်ကို အမှန်တော့ သူက ၂ ရက်နေ့ ပေးတာပေါ့နော်။ မနက်ဖြန် မေဒေး ပိတ်တဲ့အတွက်ကို။ ၃ ရက်နေ့ကို ကျနော်တို့ကို ပြန်ချိန်းထားတယ်။"

"ဘယ်သူမှ မလိုက်ဝံ့၊ မလိုက်နိုင်တဲ့အတွက် မန္တလေးတိုင်း ဒေသကြီး ဥပဒေချုပ်က မေတ္တာရပ်ခံပြီးတော့ အဲ့ဒီမေတ္တာရပ်ခံချက်အရ ကျနော်တို့ အားလုံး ပါတဲ့ရှေ့နေအားလုံး ဝင်ပြီး ပူးပေါင်းဆောင်ရွက်ကြတာပါ။ အမှန်တရား ဖော်ထုတ်ဖို့အတွက်ပေါ့နော်။ တရားခံအစစ်က ဘယ်သူလဲ။ ဥပဒေနဲ့အညီ ကျနော်တို့ တိုင်းပြည်မှာ ဒါမျိုးဖြစ်တဲ့အခါ တရားစီရင် ဆောင်ရွက်တာဟာ တရားမျှတမှု ရှိသင့်တယ်လို့ ကျနော်တို့ ယူဆတဲ့အတွက် ကျနော်တို့ ဝမ်းသာတာပါ။ ဒါပေမဲ့ တရားရုံးကတော့ ကျနော်တို့ မျှော်လင့်ထားတာထက်ကို ကောင်းနေပါသေးတယ်။”

ပြီးခဲ့တဲ့ဧပြီလ ပထမအပတ်ထဲမှာပဲ မိတ္ထီလာ အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့ရာ နေရာအဖြစ် စွပ်စွဲခံရတဲ့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦးနဲ့ အလုပ်သမား ၁ ဦးကိုတော့ မိတ္ထီလာမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ကြပါတယ်။ ဒီအတွက် တရားခံအဖြစ် စွပ်စွဲခံရသူတွေဘက်ကတော့ ခရိုင်တရားရုံးအထိ အယူခံ ဆက်တက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အယူခံဆက်တက်မယ်ပြောပါတယ်။ မိတ္ထီလာခရိုင်ကို ပြန်ပြီးတော့ အယူခံ တက်ရမှာပေါ့နော်။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတမှု ရှိ - မရှိရယ်၊ နောက်တခုက ဥပဒေနဲ့ ကိုက်ညီမှု ရှိ - မရှိရယ် သူတို့က အယူခံ ဆက်တက်ပါမယ်။ ၁၄ နှစ်ကတော့ နည်းနည်း များတယ်ပေါ့နော် ပြစ်ဒဏ်က။ ပုဒ်မ ၃၈၂ ဆိုရင် ဒါ အငြင်းပွားဖွယ် ဖြစ်တာပေါ့ဗျာ။ တရားရုံးကတော့ သူ့ရဲ့ စီရင်ပိုင်ခွင့်အရ ချတာ။ ကျနော်တို့က ဥပဒေလမ်းကြောင်း အရပဲ အယူခံ ဝင်ရောက်ဖို့ ရှိပါတယ်။ ကာယကံရှင်တွေကတော့ မိတ္ထီလာခရိုင်ကို အယူခံ ဆက်ဝင်မယ်လို့လည်း ကြားပါတယ်။”

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာများ ရရှိခဲ့ကြသလို သောင်းနဲ့ချီရှိတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်း ၆ ခုမှာ ခိုလှုံနေထိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မိတ္ထီလာအကျဉ်းထောင်ထဲမှာ မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ လူ ၇၀ ကျော်ကို ထိန်းသိမ်းထားပြီး သူတို့ကိုတော့ ပုဒ်မ ၃၀၂ လူသတ်မှု အပါအဝင် ပုဒ်မ ၈ခုနဲ့ စွပ်စွဲထားပြီး မကြာခင်မှာ ရုံးတင်စစ်ဆေးဖို့တွေ ရှိနေပါတယ်။
XS
SM
MD
LG