သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအကြမ်းဖက်မှုနဲ့ ဆက်နွယ်သူတချို့ တရားရုံးတင်စစ်ဆေး


မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်နေတဲ့ နေအိမ်တွေကို မီးငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ်ဝန်ထမ်းများ (၂၂ မတ် ၂၀၁၃)
မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်နေတဲ့ နေအိမ်တွေကို မီးငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ်ဝန်ထမ်းများ (၂၂ မတ် ၂၀၁၃)
သိပ်မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာအကြမ်းဖက်မှု အဓိကရုဏ်းမှာတော့ တရားခံအဖြစ် စွပ်စွဲခံထားရသူ ၁၁ ဦးထဲက ဖမ်းမိထားသူ ၇ ဦးကို ပုဒ်မ ၃၀၂ လူသတ်မှု အပါအဝင် တခြားပုဒ်မတွေနဲ့ စွဲချက်တင်ထားပြီး အာဏာပိုင်တွေက မြို့ခံလူထုကို ကြည့်ရှု နားထောင်ခွင့် မပေးဘဲ လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ရုံးထုတ်ပြီး တရားလိုများကို စတင် စစ်ဆေးခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက လူ ၄၀ ကျော် သေဆုံးခဲ့ရတဲ့ မိတ္ထီလာ အဓိကရုဏ်းအတွင်း ဆရာတော် ဦးသောဘိတအား သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားခံလို့ စွပ်စွဲခံရသူ ၇ ဦးကို တနင်္လာနေ့မှာ လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ တရားရုံးမှာ သွားရောက် နားထောင်ခွင့်ရခဲ့တဲ့ မိတ္ထီလာမြို့က သတင်းစာဆရာ၊ စာရေးဆရာ ဦးတင်လှိုင်ကတော့ အခုလို ပြောပြပါတယ်။

“မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှ တရားလိုစခန်းမှူး မြင့်သန်းက ဧပြီလ ၂၀ ရက်နေ့က အမှတ် ၂ ရဲစခန်း ပ ၇၆၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂၊ ၄၃၆/၃၂၆ ဖြင့် အမှုဖွင့်ထားသော လူသတ်တရားခံများဖြစ်ကြသည့် မျိုးထွန်းညွန့်၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မျိုးဝင်း (ခေါ်) ဆယ်သန်း၊ ဇော်ထက်နိုင်၊ မြတ်ကိုကို (ခေါ်) အဏ္ဏဝါ၊ ညီညီနိုင်နဲ့ ဟာဂျီမျိုးဝင်း (ခေါ်) မျိုးညွန့်၊ မြတ်ကျော်နိုင်၊ ကိုကိုဝင်း (ခေါ်) ကျော်သူဝင်းနဲ့ စည်သူတို့အား မိတ္ထီလာခရိုင် တရားသူကြီးရုံးတွင် တရားစွဲဆိုကာ ခရိုင်တရားသူကြီးရုံးက ရာဇသတ်ကြီးအမှတ် ၁၆/၂၀၁၃ အမှုကို လက်ခံပြီး အမှုကို ဧပြီလ ၂၂ ရက်နေ့တွင် တရားခံများအား လုံထိန်း အစောင့်အရှောက်များနှင့် ရုံးထုတ်ကြတယ်။ တရားခံများ စစ်ဆေးခြင်းအား တရားလိုပြ သက်သေများဖြစ်ကြတဲ့ စခန်းမှူး ရဲအုပ်မြင့်သန်း၊ ဆရာတော် ဦးနန္ဒိယ၊ ကျော်မင်းထွန်း၊ အောင်ခိုင်၊ ကျော်ထိုက်နှင့် ထွန်းဝင်းတို့အား စစ်ဆေးခဲ့တယ်။ တရားခံများဘက်က အကျိုးဆောင် ၆ ဦး ငှားရမ်းထားတယ်လို့ သိရပါတယ်။”

ဆရာတော် ဦးသောဘိတ ကို သတ်ဖြတ်ခဲ့မှုနဲ့ စွဲချက်တင် ခံရသူတွေကို ရုံးထုတ် စစ်ဆေးမယ်ဆိုတာကြောင့် တရားရုံးကို မြို့ခံတွေက မနက်စောစောကတည်းက သွားဖို့ ပြင်ဆင်ထားကြပေမဲ့ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတာကြောင့် မြို့ခံတွေအနေနဲ့ သွားရောက်ကြည့်ရှု နားထောင်ခွင့် မရခဲ့ဘူးလ့ို မြို့ခံတဦးက ပြောပါတယ်။

“သူတို့ကို ရုံးထုတ်တဲ့အချိန်က မြို့ခံလူထုက သွားမရဘူး။ လုံခြုံရေးတွေက ရုံးရဲ့ အပြင်ဘက်မှာ ချထားတဲ့အတွက် ရုံးထဲကို သွားပြီးတော့မှ ဦးသောဘိတ ကိုသတ်တဲ့ ၁၁ ဦးကို စစ်ဆေးမှုမှာ မြို့ခံလူထုက သွားပြီးတော့ ရုံးရှေ့မှာ စုရုံး စုရုံးနဲ့ ရုန်းရင်းဆန်ခတ်တွေ လုပ်လို့မရဘူးခင်ဗျ။ အပြင်မှာ လုံခြုံရေး အပြည့်အ၀ ချထားတယ်။ လူတွေက သွားချင်ကြတယ်။ တော်တော်များများ က ဒီကိစ္စကို စိတ်ဝင်စားနေတဲ့အတွက် အကုန်လုံးကတော့ မနက်အစောပိုင်းကတည်းကနေပြီး သွားဖု့ိ စီစဉ်တာ၊ ဒါပေမဲ့ ရုံးထုတ်တဲ့အချိန်မှာကျတော့ သွားလို့မရဘူးပေါ့နော်။ လုံခြုံရေးတွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေက အပြင်မှာ တင်းတင်းကျပ်ကျပ်ကို လုံခြုံရေး ချထားတယ်။”

မိတ္ထီလာ ပဋိပက္ခကြောင့် ဒုက္ခသည်စခန်း ၆ ခုမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာလည်း နေခင်းဘက်တွေမှာ သူတို့ အိမ်ယာတွေကို ပြန်ကြတာတွေရှိပြီး ညဘက်တွေမှာတော့ ဒုက္ခသည်စခန်းမှာ ပြန်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ မိတ္ထီလာမြို့ လုံခြုံရေးကတော့ စိတ်မချရသေးတာကြောင့် ကိုယ့်လမ်းတွေမှာ ကင်းစောင့်နေရတုန်းပဲလို့ မြို့ခံတွေက ဆိုပါတယ်။

“ရပ်ကွက်ထဲတွေမှာရှိတဲ့ လူနည်းစု အိမ်ခြေလေးတွေကနေပြီးတော့ ပျောက်ကြားပျောက်ကြား ရှိတဲ့ အိမ်လေးတွေက နေ့လည်ပိုင်းမှာ သူတို့အိမ်တွေဆီ ပြန်လာပြီးတော့ ညနေပိုင်းဆိုရင်တော့ ဒုက္ခသည်စခန်းကို ပြန်သွားတယ် အဲ့ဒါမျိုးတွေ ရှိပါတယ်။ ရပ်ကွက်တွေမှာတော့ အခု လုံခြုံရေးတွေ ထွက်တာကလည်း ထွက်တာပေါ့ နော်။ အာဏာပိုင် အဖွဲ့အစည်းက လုံခြုံရေးပေးတာ ပေးတာပဲ။ ဒါပေမဲ့ ကိုယ့်ရပ်ကွက်တွေ ကိုယ့်လမ်းတွေမှာတော့ အရင်လိုပဲ ကျနော်တို့က စဖြစ်တဲ့နေ့ကတည်းက အခုထိ ကင်းကတော့ စောင့်နေရသေးတယ်။”

ဒုက္ခသည် စခန်းတွင်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကတော့ စခန်းတွင်းမှာ နေထိုင်လိုခြင်း မရှိတော့ပေမဲ့ အပြင်ဘက်မှာ နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတာတွေ လုံခြုံရေး စိတ်မချရသေးတာရယ်ကြောင့် ဒုက္ခသည်စခန်းမှာပဲ နေထိုင်နေကြရသူတွေရှိသလို တချို့ကလည်း အိမ်ယာတွေ ရှိနေသေးတဲ့အတွက် အိမ်ကို ပြန်လိုသူတွေလည်း အများအပြား ရှိနေပါတယ်။

အစ္စလာမ်ဘာသာဝင်တချို့ကတော့ ဆိုင်တချို့ ပြန်ဖွင့်တာတွေရှိပေမဲ့ အများစုကတော့ ဆိုင်တွေ မဖွင့်ရဲကြသေးဘူးလို့ ဆိုပါတယ်။ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အာဏာပိုင်တွေက လူ ၇၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး ဧပြီလထဲမှာပဲ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ပိုင်ရှင်တွေအပါအဝင် လူ ၃ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။
XS
SM
MD
LG