သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာ အရေးပေါ် အခြေအနေကြေညာ


မီးငြိမ်းသတ်ပေးနေကြသော မိတ္ထီလာ မီးသတ်တပ်ဖွဲ့ဝင်များ။ (၂၂၊၀၃၊၂၀၁၃)
မီးငြိမ်းသတ်ပေးနေကြသော မိတ္ထီလာ မီးသတ်တပ်ဖွဲ့ဝင်များ။ (၂၂၊၀၃၊၂၀၁၃)
မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှာ ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေ ကြီးထွားလာရာက အခုနောက်ဆုံး အစိုးရက အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ ဒီကနေ့အထိ တိုက်ခိုက်မှုတွေ၊ လုယက်ဖျက်ဆီးမှုတွေ ကြုံနေရတဲ့အတွက် အစိုးရက စစ်တပ်အကူအညီနဲ့ လုံခြုံရေးကို ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့လည်း သမ္မတရုံးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေစတင်ဖြစ်ပွားချိန်ကစလို့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထားခဲ့တာ ၃ ရက် ကြာလာတဲ့ အချိန် အထိ အခြေအနေတွေ တည်ငြိမ်မှု မရှိသေး တဲ့အတွက် အရေးပေါ် အခြေအနေအဖြစ် သမ္မတက လက်မှတ်ရေးထိုး ကြေညာလိုက်တာ ဖြစ်ပါ တယ်။ ပြဿနာတွေ ကြီးထွားလာနေတဲ့အတွက် အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး အခြေအနေတွေကိုပါ ထိခိုက်လာတာကြောင့် မန္တလေးတိုင်းထဲက ပြဿနာဖြစ်ပွားနေ တဲ့ မြို့တွေမှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ရတာလို့ သမ္မတရုံးပြောခွင့်ရသူ ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကပြောပါတယ်။

“အရေးပေါ်အခြေအနေ ကြေညာပါတယ်။ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နဲ့သာစည်-လေးမြို့နယ်မှာ ဒီနေ့ကစပြီး အရေးပေါ် အခြေအနေ ကြေညာပါတယ်။”

၃ ရက်ဆက်တိုက် ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ဆယ်ဂဏန်းအထိ ရှိနေပြီလို့ ဒေသခံတွေနဲ့ မျက်မြင်တွေက ပြော ဆိုနေကြပေမဲ့ သေဆုံးမှုတွေနဲ့ ထိခိုက်ဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ကပြောပါတယ်။ ဒါပေမဲ့လည်း ဆူပူအကြမ်းဖက်သူ၊ လုယက်သူတွေ အပါအဝင် မသင်္ကာသူတချို့ကို အာဏာပိုင်တွေက ဖမ်းဆီးထားတာတွေ ရှိနေပြီလို့ ပြောပါတယ်။

“ကျနော်တို့ ထိခိုက်ဒဏ်ရာရတဲ့ အသေးစိတ်ကိုတော့ မရဘူး။ မနက် တစ်နာရီလောက်မှာတော့ မီးလောင်မှု ၂ ခု ထပ်ဖြစ်တာ ရှိတယ်။ ညနေပိုင်းမှာတော့ ထိန်းထားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ပစ္စည်းလုယက်တဲ့သူတွေကိုလည်း ဖမ်းဆီးထားတာ ရှိတယ်ဗျ။”

အခုထုတ်ပြန်လိုက်တဲ့ အမိန့်ကိုတော့ နောက်ဆက်တွဲ အမိန့်တစုံတရာ မထုတ်ပြန်မခြင်း ကျင့်သုံး သွားမှာ ဖြစ်သလို စစ်တပ်အကူအညီနဲ့ပါ လုံခြုံရေးကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ သမ္မတရဲ့ကြေညာချက်က ဖော်ပြထားတာပါ။ လုံခြုံရေး အာဏာပိုင်တွေက ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်မယ့် အစီအစဉ်တွေအပေါ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Ojae Quintana တို့လို နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ စိုးရိမ်နေကြတာပါ။ မြန်မာသမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ် ကတော့ ပကတိ ရင်ဆိုင်နေရတဲ့ အခြေအနေအပေါ် ဥပဒေဘောင်တွင်းက ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“အခြေအနေကလည်း တကယ်ပဲ- အပြင်ကနေ ပြောနေကြတာပေါ့။ တချို့ကကျတော့လည်း လုံခြုံရေး တာဝန်ရှိသူတွေက လုပ်သင့်သလောက် မလုပ်ဘူး-လို့ ပြောတယ်။ ကင်တားနားလို လူမျိုးကကျတော့လည်း အလွန်အကျွံ လုပ်မှာ စိုးရိမ်တယ်လို့ ပြောတယ်၊ ကျနော်တို့ကတော့ ဘယ်သူ ပြောတာကိုမှ သိပ်ပြီးတော့ မစဉ်းစားနိုင်ပါဘူး။ လက်ရှိအခြေအနေအရ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် ဥပဒေက ပေးထားတဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်သွားပါမယ်။ ဒါပဲ ကျနော်တို့ စဉ်းစားပါတယ်။ သူတို့ အပြင်ကနေပြီးတော့မှ ဝေဖန်ချက် အမျိုးမျိုးပေးတဲ့ကိစ္စကို ကျနော်တို့ ဘာမှ ထည့် မစဉ်းစားပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲ ဥပဒေကနေ ပေးအပ်ထားတဲ့အထဲက နေပြီးတော့မှ အခြေအနေ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ ထိန်းသိမ်းပြီးတော့မှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

မိတ္ထီလာမြို့မှာ ဈေးဝယ်သူနဲ့ ဈေးရောင်းသူကြား စကားများရာက စလိုက်တဲ့ ပဋိပက္ခ ကြီးထွား လာရာက သေကျေပျက်စီးမှုတွေ အပေါ်မှာတော့ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ (EU) စတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့ကြတာပါ။ ရန်ကုန်မြို့ကို မနေ့က ရောက်လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကတော့ နောက်ထပ် အသက် အိုးအိမ်တွေ မဆုံးရှုံးရလေအောင် အာဏာပိုင်တွေက တိတိကျကျ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ တချိန်တည်းမှာပဲ လူမှုအသိုင်းအဝိုင်းတွေကြား သဟဇာတဖြစ်ဖို့နဲ့ တည်ငြိမ်အေးချမ်းရေးဟာလည်း အရေးတကြီး ဦးစားပေးလုပ်ဖို့ လိုအပ်တဲ့အကြောင်း ခရီးရောက်မဆိုက် ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုသွားပါတယ်။
XS
SM
MD
LG