သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်ကြေညာပြီး မိတ္ထီလာငြိမ်သက်


မိတ္ထီလာမြို့တွင်း မီးလောင်မှု၊ အကြမ်းဖက်မှုတွေ ဖြစ်ရာနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားကြသော တပ်ဖွဲ့ဝင်များ။ (မတ်လ ၂၂၊ ၂၀၁၃)
မိတ္ထီလာမြို့တွင်း မီးလောင်မှု၊ အကြမ်းဖက်မှုတွေ ဖြစ်ရာနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားကြသော တပ်ဖွဲ့ဝင်များ။ (မတ်လ ၂၂၊ ၂၀၁၃)
အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက် ဆူပူမှုတွေကို မတွေ့ရတော့ဘူးလို့ ဒေသခံ NLD ပါတီဝင် ဒေါက်တာသိန်းလွင်က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေကိုတော့ ဗွီအိုအေ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းချိန်မှာ ဒေါက်တာ သိန်းလွင်က အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ လမ်းတွေအားလုံးကို စစ်တပ်က တာဝန်ယူလိုက်ပါပြီ။ စစ်ဥပဒေကြေညာပြီးတော့ ပြဌာန်းလိုက်ပြီ။ စစ်တပ်က အကုန်တာဝန်ယူလိုက်ပြီ။ ညနေ ၆ နာရီကနေ မနက် ၆ နာရီထင်ပါတယ်။ မာရှယ်လော-က။ အဲဒီကာလမှာ ကိုယ့်အိမ်ထဲမှာကိုယ် နေကြပေတော့-ပဲ။”

မေး။ ။ အခု ဘယ်နှစ်နာရီ ရှိပြီလဲ ဆရာ။

“အခု ကျနော်တို့ဆီမှာ ၈ နာရီ ရှိပါပြီ။”

မေး။ ။ --ဆိုတော့ လမ်းပေါ်မှာ လူမရှိတော့ဘူးပေါ့။

“မရှိတော့ဘူး။ အသွားအလာတွေ အကုန်လုံး ရပ်ဆိုင်းသွားတယ်။”

မေး။ ။…ဆိုတော့ ဆူဆူ ပူပူ ဖြစ်တဲ့ ကိစ္စတွေလည်း ရပ်စဲသွားပြီလို့ ဆိုနိုင်တာပေါ့။

“ဆူဆူပူပူဖြစ်တဲ့ ကိစ္စတွေလည်း ငြိမ်သက်သွားပါပြီ။ ဒီနေ့ဆိုရင် တော်တော်လေး ရှင်းသလောက် ဖြစ်သွားပြီ။ ၃ ရက်လောက် နေပြီးမှာ မာရှယ်လောက ထွက်တယ်။ မာရှယ်လော စောစောစီးစီးက ထုတ်ထားလည်း ပြီးတာပဲ။ အခုတော့ နောက်ကျတယ်။”

မေး။ ။ မီးလောင်တာတွေရော ငြိမ်သက်သွားပြီလား ခင်ဗျ။

“မီးလောင်တာတွေတော့ ငြိမ်သက်သွားပါပြီ။ ပြီးတော့ နောက်ဆက်တွဲ ပြဿနာတစ်ခုက မွတ်ဆလင်တွေပိုင်တဲ့ စတိုးဆိုင်တွေကို ဖျက်ဆီးပြီးတော့ ပစ္စည်းတွေ ယူတဲ့ ကိစ္စတွေပေါ့။ ဒီနေ့ဆိုလို့ရှိရင် အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တို့- ရေခဲသေတ္တာတို့-အဲလိုပစ္စည်းတွေကို သယ်ထုတ်နေတယ်။ ဆိုင်ကယ်တွေနဲ့သယ်ကြ၊ ကားတွေနဲ့သယ်ကြ၊ သုံးဘီးငှားပြီး လာသယ်တဲ့သူတောင် ရှိသေးတယ်။ အဲဒါမျိုးတွေက မဖြစ်သင့်ဘူးပေါ့။”

မေး။ ။ အရေးပေါ် ဖြစ်ပြီးတဲ့နောက်မှာ အဲဒီလို ဆိုင်တွေကို ဖောက်ထွင်းယူတာတွေလည်းပဲ ငြိမ်သက်သွားပြီပေါ့။-

“အတော် ငြိမ်သက်သွားပါပြီ။ အခုတော့ အတော်များများ ငြိမ်သက်သွားပါပြီ။ ကျနော်တို့ အမှတ် (၁) စခန်းမှာ ရှိတဲ့ ဒုက္ခသည်စခန်းကို ကျနော်တို့ သွားကြည့်ပါတယ်။ ဦးဝင်းထိန်နဲ့ ကျနော်နဲ့ပေါ့။ လိုအပ်တဲ့အကူအညီတွေ ကျနော်တို့ လုပ်ပေးပါတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင်လည်း ကလေးတွေက အစာမစားရ-မပြုရဆိုတော့ ကျန်းမာရေး ချို့တဲ့မှုတွေရော- ဘာတွေရော-ကျနော်တို့ ရှိနေတော့ လွတ်လွတ်လပ်လပ်တော့ သွားပြီး အကူအညီပေးလို့ မရသေးဘူးပေါ့။ မာရှယ်လောက ၄ နာရီမှာ စပြီးတော့ ထုတ်တာ။ ကျနော်တို့ ခရိုင်ရုံးရောက်တဲ့အချိန်မှာမှ ဝန်ကြီးချုပ်က ဖတ်ပြတယ်။ အဲဒီတော့မှ ကျနော်တို့ မာရှယ်လော ထုတ်ထားတယ်ဆိုတာ သိတယ်။ အဲဒီတော့ တုတ်၊ ဓား၊ လက်နက်တွေကိုတော့ သိမ်းချင်သိမ်းပါ။ ဒါပေမဲ့ လူတွေကိုထိန်းတဲ့ ကိစ္စကတော့ လက်ရှိအခြေအနေမှာ လူတိုင်းက တုတ်၊ ဓား၊ လက်နက် ကိုင်ကြမှာပဲ။ ကိုင်တယ်ဆိုတာက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ကိုင်တာပါ။ အဲဒါလေးကိုတော့ ဝန်ကြီးချုပ်အနေနဲ့ စဉ်းစားပြီးတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အဲဒါကိုတော့ ကျနော် တောင်းဆိုပေးလိုက်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ နောက်တခုက နောက်ဆုံး ဆရာတို့ သိရတဲ့အထိ အသတ်ခံရတဲ့သူ၊ သေတဲ့သူ ဘယ်နှစ်ယောက်ရှိတယ်လို့ အကြမ်းဖျင်းသိရပါသလဲ ခင်ဗျ။

“အကြမ်းဖျင်းတော့ ကျနော်ထင်ပါတယ်- ထုတ်ပြန်ကြေညာချက်ကတော့ နည်းတယ်ပေါ့လေ။ သူတို့က ၅ ယောက်ပဲ ကြေညာထားတာ။ ဒဏ်ရာရတာ ၃၄ ယောက်ပေါ့။ တကယ်တန်းဆိုရင် အဲလောက် မကပါဘူး။ ကျနော်တို့မြင်တာကို ၇ ယောက်လောက် ရှိတယ်။ ဒါတောင် ကျနော်တို့ မျက်မြင်ပဲ ရှိသေးတယ် နော်။ ဟိုနားဖြစ်လိုက်၊ ဒီနားဖြစ်လိုက်ဆိုတဲ့ ပြဿနာ၊ မီးရှို့ထားတဲ့ အလောင်းတွေနဲ့ဆိုရင် လမ်းပေါ်မှာ အခုထိ မသိမ်းသေးဘူး။”
ဒေါက်တာသိန်းလွင်ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG