သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်ရေ လျော့နည်းမှု အဆိုးဆုံးဖြစ်နေ


မိုးခေါင်ရေရှားမှုကြောင့် မဲခေါင်မြစ်ရေ လျော့နည်းစဉ် (ဧပြီ ၃၊ ၂၀၁၀)
မိုးခေါင်ရေရှားမှုကြောင့် မဲခေါင်မြစ်ရေ လျော့နည်းစဉ် (ဧပြီ ၃၊ ၂၀၁၀)

မိုးခေါင်ရေရှားမှုကြောင့် မဲခေါင်မြစ်ရေဟာ နှစ်ပေါင်း ၉၀ အတွင်း အနိမ့်ဆုံး အဆင့်ကို ရောက်ရှိနေပြီး မြစ်ကြောင်းတလျှောက် နေထိုင်ကြသူတွေ အတွက် ခြိမ်းခြောက်မှု တခု ဖြစ်လာနေပါတယ်။

မြစ်ကြောင်းတလျှောက်မှာ တနှစ်ကို ၂ သီးစား စိုက်ပျိုးကြတဲ့ လာအို နိုင်ငံက လယ်သမားတွေ အခုတော့ တရာသီ သီးနှံစိုက်ဖို့ မိုးမျှော်နေရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာလည်း မိုးခေါင်ရေရှားမှုကို ခံစားနေရပြီး ထိုင်းအစိုးရက ပြီးခဲ့တဲ့ သတင်းပတ်က စလို့ အရေးပေါ် အစီအစဉ် အဖြစ် မဲခေါင်မြစ်ရေးကို စုပ်ယူပြီး တခြား ထိုင်းနိုင်ငံ အတွင်းက မြစ်တွေထဲကို ရေဖြည့်နေပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် ဗီယက်နမ် နိုင်ငံမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော် တန်ဖိုးရှိမယ့် စပါးခင်း ဟက်တာ ၁ သိန်း ၆ သောင်း ပျက်ဆီးမယ့် အရေးနဲ့ ကြုံတွေ့နေရပြီး သစ်သီး စိုက်ခင်း ဟက်တာ ၂ သိန်း ၉ သောင်းတို့လည်း မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရတယ်လု့ိ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

မဲခေါင်မြစ်ကြောင်း တလျှောက် နိုင်ငံတွေမှာ မိုးခေါင်ရေးရှားမှု ဆိုးရွားသထက် ဆိုးရွာလာနေတဲ့ အခြေအနေမှာ တရုတ်နိုင်ငံဘက်က မဲခေါင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ Jinghong ရေအားလျှပ်စစ် စီမံကိန်းက ရေလွှဲပေါက်တွေကို ဖွင့်လှစ်ပြီး မဲခေါင်မြစ်အတွင်း ရေလွှတ်ဖို့ ဆုံးဖြတ်ထားတဲ့ အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ Lu Kang က ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောဆိုခဲ့တာပါ။

မဲခေါင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ Jinghong ဆည် ကနေ မဲခေါင်မြစ် အတွင်း ရေလွှတ်မယ့် အကြောင်း မဲခေါင်မြစ်ကြောင်းတလျှောက် နိုင်ငံတွေ ဖြစ်တဲ့ ထိုင်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတွေကို တရုတ်ဘက်က အကြောင်းကြားထားပြီးလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မဲခေါင်မြစ် အတွင်း ရေလွှတ်မယ့် အစီအစဉ်က မိုးခေါင်ရေရှားမှုကို ရေတို ဖြေရှင်းနိုင်မယ့် အခြေအနေ ရှိပေမယ့် မဲခေါင်မြစ်ကြောင်း တလျှောက် နေထိုင်ကြတဲ့ လယ်သမားတွေကတော့ မိုးခေါင်ရေရှားမှုကြောင့် ရေရှည် သက်ရောက်မှုတွေ အပေါ် စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG