သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးဒုက္ခသည်အရေး ထိုင်းအစည်းအဝေး မြန်မာတက်မည်


ထိုင်းနိုင်ငံက ကမကထလုပ်ကျင်းပမယ့် ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ စည်းဝေးပွဲကို တက်ရောက်မယ့်အကြောင်း မြန်မာအစိုးရက အတည်ပြုပါတယ်။ လှေစီးပြေး ဒုက္ခသည်တွေအရေး ဖြေရှင်းနိုင်ဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ဒေသတွင်းအစိုးရတွေနဲ့ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မယ့် တချိန်တည်းမှာပဲ မြန်မာ့ရေပြင်ပိုင်နက်အတွင်း လူကုန်ကူမှုမရှိရေးနဲ့ ပင်လယ်ပြင်အတွင်း လှေတွေနဲ့ မျောပါနေကြတဲ့ လူကုန်ကူးခံရသူတွေ အကူအညီ လိုအပ်ရင်လည်း မြန်မာ့တပ်မတော်က ကူညီပေးဖို့ အဆင့်သင့် ရှိနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့က နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် တွေ့လိုက်ရပြီးတဲ့နောက် ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်က စီစဉ်ခဲ့တာပါ။ ဒီလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးမှာ ရိုဟင်ဂျာအရေး ဆွေးနွေးမယ်ဆိုရင် မြန်မာဘက်က မတက်ဘူးလို့ မြန်မာအစိုးရဘက်က ယတိပြတ် ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံဘက်က Irregular Migrant (ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်မှု) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲလို့ ထိုင်းအစိုးရက သုံးနှုန်းပြီး အစည်းအဝေး ဖိတ်ခဲ့တာမို့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်စေလွှတ်မယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစည်းအဝေးတက်မယ့်အကြောင်း အခုလို ပြောပါတယ်။

“ညီလာခံမဟုတ်ဘူး။ အစည်းအဝေးပေါ့နော် Irregular Migrant လို့ သူတို့က သုံးတယ်။ အဲဒီမှာ ကျနော်တို့က ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်ဆိုတာကို ပြောထားပြီးသားပါ လူမှောင်ခိုနဲ့ ပတ်သက်ပြီးတော့။ ဟို လောလောဆယ်တော့ အကြောင်းပြန်မှာပါ။ ဟုတ်။ ဟိုဘက်ကို အကြောင်းပြန်သွားမယ်။”

ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်သူတွေရော၊ လတ်တလော ကပ္ပလီ ပင်လယ်ပြင်နဲ့ မလက္ကာရေလက်ကြားမှာ ကမ်းကပ်မရဘဲ ဒုက္ခရောက်နေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ သုံးနှုန်းပြောဆိုကြတာတွေကို မြန်မာအစိုးရဘက်က ပယ်ချထားတာပါ။ ဒီလူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် အချိန်မရွေး ပြန်ခေါ်မယ်လို့လည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောထားပါတယ်။ ဒါပေမဲ့လည်း ပင်လယ်ပြင်မှာ လှေတွေနဲ့ မျောပါနေကြတဲ့ ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးဖို့ မြန်မာ့ရေတပ်နဲ့ လေတပ်က အဆင့်သင့် ရှိတယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောဆိုပါတယ်။

“ကျနော်တို့ ရေပြင်နဲ့ ဝေဟင်မှာ စောင့်နေပါတယ်။ အဲဒီကနေ စောင့်နေတာ တခုခုဖြစ်တယ်ဆိုရင် ကျနော်တို့က ဆောင်ရွက်ပေးဖို့ ရယ်ဒီရှိတယ်ဆိုတာကို ဖော်ပြထားတာ။ ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှု ရှုထောင့်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြောထားပြီးပါပြီ။”

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲမှာ လူကုန်ကူးသူတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်သွားမယ်လို့ မြန်မာအစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို သွားရောက်မယ့် ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၁ ဦးတို့လည်း မြန်မာ့ရခိုင်ကမ်းရိုးတန်းမှာ သောင်တင်ခဲ့တာမို့ အကူအညီပေးပြီး နေရပ်ရင်း ပြန်ပို့ခဲ့ရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ဥဒေါင်းရွာ၊ ကံပူးချောင်းကန်၊ အဲဒီမှာ လှေစီးပြေးဒုက္ခသည်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းပေးချက်အရ သွားပြီးတော့ စစ်တဲ့အချိန်မှာ ၁၁ ယောက်တွေ့တယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဆိပ်ကမ်းကနေ မလေးရှားနိုင်ငံကို သွားမယ့် စက်လှေပေါ်ကို တဦးချင်းသွားတယ်။ အဲဒီမှာ မလေးရှားကိုသွားဖို့ သင်္ဘောပေါ်မှာ စောင့်နေတဲ့အချိန်မှာ မလေးရှားကိုပို့ဖို့ အဆင်မပြေတော့တဲ့အတွက် သူတို့နေရပ်ကို ပြန်ပို့မယ်ဆိုပြီးတော့ မေလ ၁၅ ရက်နေ့က မနက် ၈ နာရီမှာ စက်လှေနဲ့ပြန်ပို့တယ်။ အဲဒီစက်လှေက ကျနော်တို့ ဘင်္ဂလား-မြန်မာနယ်စပ် အလယ်တန်းရွာ ချောင်းဝအနီးမှာရှိတဲ့ ပင်လယ်ရေထဲ ခုန်ဆင်းခိုင်းတဲ့အချိန်မှာ သူတို့ ရေမျောကမ်းတင်နဲ့ ကျနော်တို့ မြန်မာနိုင်ငံ မောင်တောဘက်ကို ရောက်လာတယ်လို့ သိရတယ်။ မဲဒီတော့ အဲဒီ ၁၁ ယောက်ကို မောင်တောခရိုင် လဝကကို ပြန်ပြီးတော့ လွှဲပြောင်းပေးလိုက်ပါတယ်။”

ဒီလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံစုံ အစည်းအဝေးမှာတော့ ထိုင်း၊ မြန်မာ၊ မလေးရှားတို့ တက်ရောက်ကြမှာ ဖြစ်သလို လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အမေရိကန် ပြည်ထောင်စုဘက်ကလည်း တက်ရောက်မယ်လို့ ပြောဆိုထားပါတယ်။ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ အရင်းအမြစ်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက ပြဿနာတွေ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး မလေးရှား ဒုတိယ ပြည်ထဲရေးဝန်ကြီးကတော့ မြန်မာအစိုးရအနေနဲ့ ပြည်သူတွေကို ဖိနှိပ်အုပ်ချုပ်မှု မရှိစေဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဘက်က ပြတ်ပြတ်သားသား ပြောကြားဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့တာပါ။ မြန်မာဘက်ကတော့ ဒေသတွင်း လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာရတဲ့ နယ်စပ်ဖြတ်ကျော်ကြသူတွေအရေးကို မြန်မာနိုင်ငံတွင်း ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဖြစ်တယ်လို့ မြန်မာဘက်ကို အပြစ်ပုံချမယ်ဆိုရင်တော့ လုံး၀ လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG