သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ဒုက္ခ္ခသည်စခန်း အပြီးသတ်ပိတ်


လှေစီးပြေးဒုက္ခသည်တွေကိုလွှဲပြောင်းပေးစဉ်။
လှေစီးပြေးဒုက္ခသည်တွေကိုလွှဲပြောင်းပေးစဉ်။

ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့က ဘင်္ဂလားဒေရှ့်နိုင်ငံသား လှေစီးပြေးဒုက္ခသည်တွေကို ကူညီရေးစခန်းတွေကို အပြီး ပိတ်သိမ်းလိုက်ပြီလို့ လဝက ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံကို လွှဲပြောင်းပေးဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၈ ဦးဟာ စခန်းကနေ ထွက်ပြေးသွားခဲ့တဲ့နောက် အခုလို ပိတ်သိမ်းလိုက်တာလို့ ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့မှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေကို ဒီနှစ် ဇွန်လကုန်ပိုင်းလောက်က စတင်ပြီး မိခင်နိုင်ငံရင်းကို လွဲှပြောင်းပေးခဲ့ရာက ဒီဇင်ဘာလ ၂ ရက်နေ့က နောက်ဆုံးအကြိမ်အဖြစ် လှေစီးပြေးဒုက္ခသည် ၄၈ ယောက်ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် လွဲှပြောင်းပြီးတဲ့နောက် ဒုက္ခသည် ၂၈ ဦးကျန်ရှိကြောင်း စာရင်း ထုတ်ပြန်ခဲ့ပေမယ့် အခုအခါမှာတော့ စခန်းမှာ လူမရှိတော့တာကြောင့် ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်းမောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောပါတယ်။

“အခုကတော့ Boat people တွေက တယောက်မှ မရှိတော့ဘူးခင်ဗျ။ လွှဲပြောင်းစရာတော့ ကုန်သွားပြီခင်ဗျ။ အခုကျနော်တို့ သန့်ရှင်းရေးတွေ ဘာတွေ IOM က လာပြီးလုပ်ပေးတာတွေရှိပါတယ်။ နောက် UNHCR က ရှင်းလင်းရေးတွေ အကုန် လာလုပ်တာရှိပါတယ်။”

နောက်ဆုံး လွဲှပြောင်းဖို့ ကျန်ရှိနေသူ ၂၈ ဦးဟာ ကူညီရေးစခန်းကနေ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ဦးစောနိုင်က အခုလို ပြောပါတယ်။

“လက်ခံမယ်။ လက်မခံဘူးပေါ့။ အဲလိုမျိုးတွေတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် သူတို့ကလည်း မစောင့်နိုင်တော့ဘူးလေ။ ၂၈ ယောက် ကလည်း ကြာလှပြီ နောက်ပြီး ၆ လကျော် လာပြီမို့လို့လေ။ ဒီ Camp ထဲမှာ သူတို့မစောင့်နိုင်တဲ့အခါတော့ သူတို့က ပြေးမှာပဲ။ စောင့်ဆိုင်းနေတဲ့ ကာလပေါ့ အဲဒီ စောင့်ဆိုင်းနေတဲ့ကာလမှာပဲ သူတို့ပြေးသွားကြတာလေ။”

မောင်တောခရိုင်အတွင်းက ဒေသခံတွေအနေနဲ့လည်း ဒီ လှေစီးပြေးဒုက္ခသည်တွေ ထွက်ပြေးသွားတဲ့ အပေါ် လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးလို့လည်း ဦးစောနိုင်က ဆက်ပြောပါတယ်။

“လုံခြုံရေးကတော့ ဘာမှ စိတ်ပူစရာမရှိဘူးခင်ဗျ။ သူတို့ပြေးတာကလည်း သူတို့ဘာသူတို့ ဟိုဘက်ကို လည်းပြေးသွားပြီ။ နောက် ဟိုဘက်ကိုလည်း ရောက်တယ် ဆိုတာ ကျနော်တို့ သတင်းအရကော သိရှိရတယ်ပေါ့နော်။ ကျနော်တို့ဘက်မှတော့ ဘာမှမရှိတော့ဘူး။ မရှိတော့ လုံခြုံရေးက ဘာမှစိတ်ပူစရာတော့ မရှိပါဘူး။”

လှေစီးပြေး ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေကို ရခိုင်ပြည်နယ် မောင်တောဒေသ အနီးမှာ ၂၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အနီးမှာ ၇၀၀ ကျော်နဲ့ တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ပင်လယ်ပြင်မှာ ၁၀၀ ကျော်ကို မြန်မာရေတပ်က တွေ့ရှိခဲ့ရာက စစ်ဆေးပြီးတဲ့နောက် မောင်တောခရိုင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးရမိတဲ့အထဲမှာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တချို့လည်း ပါဝင်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ တောင်ပြိုလက်ဝဲမြို့မှာ ကူညီရေးစခန်းတွေ ဖွင့်လှစ်ပြီး ထိန်းသိမ်းထားတဲ့ လှေစီးပြေးဒုက္ခသည်တွေထဲက ဘင်္ဂလားဒေရှ့်နိုင်ငံသားလို့ အတည်ပြုလို့ရတဲ့ ဒုက္ခသည် ပေါင်း ၇၇၇ ယောက်ကို ဇွန်လကနေ ဒီဇင်ဘာလအထိ ၇ ကြိမ်ခွဲပြီး ပြန်လည် ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG