သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးတွေအတွက် ဘန်ကောက်စာသင်ကျောင်း


စမွတ်စခွန် ဒေသမှာဖွင့်ထားတဲ့ မြန်မာကလေးများအတွက် စာသင်ကျောင်း
စမွတ်စခွန် ဒေသမှာဖွင့်ထားတဲ့ မြန်မာကလေးများအတွက် စာသင်ကျောင်း
မြန်မာနိုင်ငံထဲက လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိုးအိမ်ရွှေ့ပြောင်း နေထိုင်နေကြရတဲ့ ဒုက္ခသည်ကလေးငယ်တွေထဲက အများအပြားဟာ အရွယ်မရောက်ဘဲ အတင်းအဓမ္မလုပ်အား ခိုင်းစေတာကို ခံကြရတာရှိပေမဲ့လို့၊ ကံကောင်းတဲ့ ကလေးငယ်တချို့ကတော့ ကျောင်းတက်ခွင့် ပညာသင်ခွင့်တွေ ရကြပါတယ်။ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာသူတွေထဲက တချို့ကလေးငယ်တွေ မြန်မာစာပေကို သင်ကြားခွင့် ရနေတဲ့အကြောင်း အေပီသတင်းတပုဒ်ကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကို ရှောင်ရှားရင်း ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအပြင် နိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းကြောင့် ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းလာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတချို့ဟာ ထိုင်းနိုင်ငံထဲမှာ ပညာသင်ကြားခွင့် ရကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ကနေ ၃၇ မိုင်လောက် အကွာမှာရှိတဲ့ စမွတ်စခွန် ဒေသမှာဖွင့်ထားတဲ့ ကျောင်းကလေးတကျောင်း ကတော့ Migrant Children’s Development School လို့ခေါ်တဲ့ ရွှေ့ပြောင်း အလုပ်သမား ရင်သွေးငယ်များ အရည်အချင်းမြင့်တင်ရေး ကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းမှာ သင်ခန်းစာ အားလုံးကို မြန်မာလို သင်ပေးပါတယ်။

မြန်မာနိုင်ငံတွင်း နှစ်ပေါင်း ၆၀ လောက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခတွေရောက်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်လာသူတွေရဲ့ သားသမီးလေးတွေ အတွက် ပညာသင်ကြားပေးဖို့ အဓိက ဦးတည်ချက်နဲ့ ဖွင့်ထားပေးတဲ့ ကျောင်းဖြစ်ပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရင်သွေးငယ်များ အရည်အချင်းမြင့်တင်ရေးကျောင်းက ကျောင်းအုပ်ကြီး ဒေါ်တင်ဌေးရီ က သူတို့ကျောင်းရဲ့ ကျောင်းကို ပြည်တွင်းက ပုံစံအတိုင်း ချထားတယ်လို့ ပြောပါတယ်။

“ကျမတို့က မြန်မာပြည်ကအတိုင်း မြန်မာပြည်က ဖတ်စာအုပ်နဲ့၊ ဆရာတွေကိုလည်း မြန်မာပြည်အစိုးရက ပညာရေးဌာနက ညွှန်ကြားထားတဲ့ သင်ရိုးအတိုင်း သင်ပေးပါတယ်။”

ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာကလေးပေါင်းက ၂ သိန်းကျော်လောက် ရှိနေပါတယ်။ ဒါပေမဲ့ ကလေး ငါးယောက်မှာ တယောက်လောက်ပဲ ပုံမှန်ကျောင်းတက်နိုင်ပြီး ပညာသင်ယူနိုင်တာ ဖြစ်ပါတယ်။ စမွတ်စခွန် ဒေသမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ကြတာမို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး အကာအကွယ်ပေးရေး အဖွဲ့အစည်းနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက NGO အဖွဲ့တွေနဲ့ အတူပူးတွဲပြီး ဒီနေရာမှာ အခုလို ကလေးငယ်တွေအတွက် စာသင်ကျောင်းလေးဖွင့်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက တာဝန်ခံ ဒေါ်အေးမာ က ဒီလိုကျောင်းမျိုးတွေ ဖွင့်လှစ်နိုင်ဖို့အတွက် သိပ်ကို အရေးကြီးတယ်လို့ ပြောပါတယ်။

“တကယ်လို့ ခုလိုသာ ကျောင်းတွေကို ဖွင့်ပေးမထားဘူးဆိုရင် ဒီထဲက ကလေးတချို့ဟာ ငါးဖမ်းလှေပေါ်ကို ရောက်ချင်ရောက်ကုန်မှာ။ ဒီလိုမဟုတ်ရင်လည်း သူတို့မိဘတွေ အလုပ်သွားတဲ့အချိန် အိမ်ထဲမှာ သော့ခတ်ပြီး တံခါးပိတ်ထားတဲ့ အဖြစ်မျိုးကို ကြုံကြရမှာပါ။”

အခု ကလေးငယ်တွေထဲက အများစုဟာ ခုမှ စာသင်ခန်းထဲမှာ ပထမဆုံး ထိုင်ဖူးကြသူတွေ ဖြစ်သလို၊ အခုမှ ကျောင်းစပြီး တတ်ဖူးကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီကလေးငယ်တွေထဲက တချို့ဟာ တချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးလုပ်သားတွေ ဖြစ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အရွယ်မရောက်သေးဘဲ ဝင်ပြီး အလုပ်လုပ်ကြရမယ့်သူတွေလည်း ဖြစ်လာနိုင်ချေ ရှိနေတာပါ။
XS
SM
MD
LG