သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့


အောက်လွှတ်တော်ကြားနားပွဲမှာ အမေရိကန် သံတမန် Gregory Hicks ပြောကြားနေစဉ် (၈ မေ ၂၀၁၃)
အောက်လွှတ်တော်ကြားနားပွဲမှာ အမေရိကန် သံတမန် Gregory Hicks ပြောကြားနေစဉ် (၈ မေ ၂၀၁၃)
ပြီးခဲ့တဲ့နှစ်တုန်းက လစ်ဗျားနိုင်ငံ Benghazi မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်အတွင်း သူ့အနေနဲ့ စစ်ရေး အထောက်အကူရဖို့ ကြိုးစားခဲ့တယ်လို့ အဲ့ဒီအချိန်က ကောင်စစ်ဝန်ရုံးမှာ ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူက ပြောလိုက်ပါတယ်။

အဲ့ဒီအချိန် အနီးစပ်ဆုံး စစ်စခန်းကတော့ အီတလီမှာရှိတဲ့ အမေရိကန် လေတပ်စခန်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း အကူအညီရဖို့ အတော်လေး အလှမ်းဝေး ခဲ့တယ်လို့လည်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အပါအဝင် ဝါရှင်တန်မှာရှိတဲ့ အမေရိကန် အရာရှိတွေကိုရော လစ်ဗျား တာဝန်ရှိသူတွေကိုပါ သူ အကြိမ်ကြိမ် ဆက်သွယ်ခဲ့တယ်လို့ ကောင်စစ်ဝန်ရုံးရဲ့ ဒုတိယ အကြီးအကဲ လုပ်ခဲ့သူ အမေရိကန် သံတမန် ဂရစ်ဂိုရီ ဟစ် (Gregory Hicks) က ပြောတာပါ။

Benghazi ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုမှာ စစ်ဘက်အကူအညီ ရနိုင်မလားဆိုတာကိုလည်း သူ အမေရိကန် ကာကွယ်ရေး အရာရှိတွေကို မေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း အီတလီမှာရှိတဲ့ လေတပ်စခန်းကနေ အမေရိကန် စစ်လေယာဉ်တွေ လစ်ဗျားကို လာဖို့ဆိုရင် နှစ်နာရီ သုံးနာရီလောက် အချိန်ယူရလိမ့်မယ်လို့ သူကို ပြန်တုံ့ပြန်တဲ့အကြောင်း ဟစ် (Hicks) က ပြောပါတယ်။ ဒါ့အပြင် စစ်လေယာဉ်တွေကို ဝေဟင်ထဲ ဆီဖြည့်ပေးမယ့် ဆီဖြည့်လေယာဉ်လည်း မရှိဘူးလို့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဟစ် (Hicks) နဲ့ အခြား နိုင်ငံခြားရေးဌာန အရာရှိနှစ်ဦးဟာ မနေ့တုန်းက အောက်လွှတ်တော် ကြားနာပွဲမှာ အစစ်ဆေးခံခဲ့ကြတာပါ။

လစ်ဗျားဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ်စတိုဖာ စတီဗန်စ် (Christopher Stevens) နဲ့ အခြား အမေရိကန် သံတမန်သုံးဦး သေဆုံးခဲ့ရတဲ့ အဲ့ဒီ တိုက်ခိုက်ခံရမှု ကိစ္စကို အောက်လွှတ်တော် ကြားနာပွဲလုပ်ခဲ့တာပါ။ အစ္စလာမ်ဘာသာကို ဆန့်ကျင်ထားတဲ့ ဗွီဒီယိုကြောင့် ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး၊ အဲ့ဒီ ဆန္ဒပြမှုတွေကနေ တိုက်ခိုက်မှုဖြစ်လာတာလို့ အမေရိကန်ရုပ်သံကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) က ပြောခဲ့တာကြားရတော့ သူတုံ့လှုပ် အံ့အားသင့်မိတယ်လို့ ဟစ် (Hicks) က ပြောပါတယ်။

တကယ်တော့ ဒီတိုက်ခိုက်မှုဟာ ဆန္ဒပြမှုတွေနဲ့ မဆက်စပ်ဘူးလို့ ဟစ် (Hicks) က ပြောခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ရဲ့ မှတ်ချက်တွေကြောင့်မို့လို့၊ သမ္မတ အိုဘားမားအစိုးရဟာ ဒီတိုက်ခိုက်မှုဖြစ်စဉ် အသေးစိတ်နဲ့ပတ်သက်လို့ အများပြည်သူကို လိမ်လည်လှည့်ဖျားခဲ့တယ်လို့ ရီပတ်ပလစ်ကန် အောက်လွှတ်တော်အမတ်တွေက စွပ်စွဲကြပါတယ်။

ဝေဖန်မှုတွေမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ကို ရည်ရွယ်ပြီး အဓိကထား ဝေဖန်ကြတာ ဖြစ်ပါတယ်။ ဒီမိုကရက် လွှတ်တော်အမတ်တွေကတော့ မစ္စစ်ကလင်တန်ကို တမင်တကာ နာမည်ပျက်အောင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေကို ဝေဖန်ပါတယ်။

မစ္စစ်ကလင်တန်ဟာ အခုလာမယ့် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ရည်မှန်းထားတဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ်တဦး ဖြစ်တယ်ဆိုပြီးတော့လည်း ဒီမိုကရက်အမတ်တွေက ပြောခဲ့ကြပါတယ်။
XS
SM
MD
LG