သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဖိတ်ကြားမှု တပ်မတော် အမတ်တွေ လက်မခံ


လွှတ်တော် တက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များ။
လွှတ်တော် တက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ဖိတ်ကြားတာကို အချိန်နီးကပ်ပြီး စီစဉ်ဖို့ အခက်အခဲရှိ တာကြောင့် နောက်တကြိမ် လွှတ်တော် အစည်းအဝေး ကျမှ တွေ့ဆုံဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေဖက်က ဒီကနေ့ ပြန်ကြား ပါတယ်။ ဒီတွေ့ဆုံပွဲဟာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကို NLD ပါတီက ပထမဆုံးအကြိမ် ဖိတ်ကြားတာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဒီကနေ့ညနေမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံညစာစားဖို့အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၇၀) ဦးကို မနေ့ နေ့ခင်းပိုင်းက ဖိတ်စာပေး ဖိတ်ကြားခဲ့ တာဖြစ်ပါတယ်။ ဒီဖိတ်ကြားချက်အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေဖက်က အကြောင်းပြန်ကြားတာကိုတော့ NLD ပါတီ နေပြည်တော် ကိစ္စဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးအောင်က အခုလို ပြောပါတယ်။

"ကျနော်တို့ ဖိတ်တာ ရက်ကပ်သွားတဲ့အတွက် နက်ဖြန်ဆိုလည်း လွှတ်တော်ကပြီးပြီ။ ဒီနေ့တစ်ရက်တည်း ကျနော်တို့က ကပ်ပြီး ဖိတ်တဲ့အတွက် သူတို့မှာစီစဉ်ရတာ အတော့်ကိုခက်ခဲပါတယ်တဲ့။ နဂိုကလည်း Program တွေရှိတော့ အဲတော့ နောက် ၁၂ ကြိမ်မြောက်ကျမှပဲ ကျနော်တို့ ဒီ ထမင်းစားပွဲအတွက် စီစဉ်ကြရအောင်ပါ အဲဒီလိုပြန်ပါတယ်။ စာနဲ့လည်း အကြောင်းပြန်ပါတယ်။ နှုတ်ကလည်း ရှင်းပြပါတယ်။"

ဒီလိုတွ့ဆုံဖို့ ဖိတ်ကြားတာဟာ သီးခြားဆွေးနွေးဖို့ ရှိတာကြောင့်လားဆိုတဲ့ အမေးကိုတော့ ဒေါက်တာမျိုးအောင်က အခုလို ဖြေကြားပါတယ်။

"မရှိပါဘူး။ အလွတ်သဘောပါပဲ။ ပထမဦးဆုံးအကြိမ်တွေ့တဲ့ ညစာစားပွဲ သဘောမျိုးပါပဲ ထားပါတော့"

ဗုဒ္ဓဟူးနေ့ ဖိတ်ကြားစဉ်ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ဆိုတာကို အထက်ကို တင်ပြရမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြန်ကြားခဲ့တာလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အမျိုးသမီးကိုယ်စားလှယ်တွေနဲ့ သီးခြားစီတွေ့ဆုံတာမျိုး ရှိခဲ့ဖူးပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို အခုလို ဖိတ်ကြားချိန် ဟာ ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ)ကို NLD ပါတီက ပြင်ဆင်ဖို့ တောင်းဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ဒါကို မပြင်ဆင်ဖို့ ဆွေးနွေးခဲ့တာတွေ ရှိနေချိန်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ဥပဒေမူကြမ်းကို နောက်တကြိမ်ကျင်းပမယ့် (၁၂) ကြိမ်မြောက် လွှတ်တော်မှာ တင်သွင်းဖို့ ရှိနေပါတယ်။

မကြာမီရက်တွေ အတွင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၂ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပါဝင်တဲ့ (၆) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG