မြန်မာ့တပ်မတော်က ဒုဗိုလ်ချုပ်ကြီးတွေ အပါအဝင် ထိပ်ပိုင်း တပ်မတော် အရာရှိကြီးတွေ ဒီရက်ပိုင်းအတွင်း အငြိမ်းစားယူပြီး ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာတာဟာ တပ်မတော်က လိုလားတဲ့ အစိုးရတရပ်၊ ပေါ်ပေါက်လာနိုင်ဖို့အတွက် စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်နေတာ ဖြစ်တယ်လို့ နိုင်ငံရေး စစ်ရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။
အခုလို စစ်တပ်အရာရှိကြီးတွေ ပြည်ခိုင်ဖြိုးပါတီက တဆင့် ရွေးကောက်ပွဲဝင်မယ် ဆိုတာကြောင့် ပြည်ခိုင်ဖြိုးပါတီအတွင်း အင်အားပြိုင်ဆိုင်မှုတွေ ပိုကြီးထွားလာမယ်လို့ သုံးသပ်နေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ်ကနေ အငြိမ်းစားယူလိုက်ကြတဲ့ တပ်မတော် အဆင်မြင့် အရာရှိကြီးတွေထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်ထိပ်ပိုင်းခေါင်းဆောင် အနည်းဆုံး ၃ ဦးလောက် ကျန်နေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ ဝါရှင်တန်ဒီစီ မြန်မာသံမှူးဟောင်းလည်းဖြစ်တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က သူ့အမြင်ကို ပြောပါတယ်။
“ကျနော်သိရသလောက် ပြောရရင်တော့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရှိမယ်ဗျာ။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းရှိမယ်။ နောက်ကျနော် မြင်တာကတော့ ကာကွယ်ရေးဦးစီးချုပ် (လေ) ပေါ့လေ။ ဗိုလ်ချူပ်ကြီး ခင်အောင်မြင့် ဒီ ၃ ယောက်ကျန်မယ်လို့တော့ ကျနော်မြင်ပါတယ်။”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီနှစ်ကုန်အထိ စစ်တပ်ရဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်သလို၊ ပြည်သူတွေက လိုလားလာရင် သူ့အနေနဲ့ သမ္မတတာဝန်ကို ထားဆောင်ဖို့အဆင်သင့်ရှိတယ်လို့ ပြီးခဲ့တဲ့လပိုင်းအတွင်း သတင်းမီဒီယာတွေကို ပြောခဲ့ဖူးပါ တယ်။ စစ်အရာရှိကြီးတွေ အငြိမ်းစားယူပြီး အခုလို ရွေးကောက်ပွဲဝင်လာတာဟာ စစ်တပ်ကလိုလားတဲ့ အစိုးရတရပ်ပေါ်လာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ဆောင်ချက်အဖြစ် သူမြင်ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က အခုလို သုံးသပ်ပါတယ်။
“ကျနော်ရတဲ့ သတင်းအခြေအမြစ်တွေအရပြောရမယ်ဆိုရင်တော့ ဒါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲထက် တပ်မတော်လိုလားတဲ့အစိုးရ ဖွဲ့စည်းနိုင်ရေးကိုပဲ ရည်ရွယ်ထားတဲ့ အနေအထားရှိပါတယ်။ ဥပမာ- ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ဆိုရင် လောက်ကိုင်မဲဆန္ဒနယ်ကို လျာထားတဲ့သဘော ကျနော်တို့ တွေ့ရပါတယ်။ ရေတပ်ဗိုလ်ချုပ်ကြီး တွေဆိုရင် ကိုကိုးကျွန်းကို လျာထားတဲ့ အနေအထားတွေ့ရပါတယ်။ ဒီနေရာတွေမှာတော့ သူတို့ကျိန်းသေနိုင်လိမ့်မယ် လို့သူတို့တွက်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ နိုင်လာတဲ့အခါမှာ တပ်မတော်ရဲ့ အမတ်အနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှာ ပါ ပါလိမ့်မယ်။ စစ်တပ်ကို ထောက်ခံမယ့် ကြံခိုင်ဖွံ့ဖြိုးရေးအမတ်တွေလည်း အများအပျားရှိပါလိမ့်မယ်။ ဒီအတွက်ကိုသူတို့ ရည်ရွယ်ပြီးတော့မှ တပ်က တော်တော်များများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ ထည့်လိုက်တဲ့ အနေအထားမျိုးဖြစ်ပါတယ် ခင်ဗျာ။ သူတို့ ရည်ရွယ်ချက်ပေါ့လေ ကျနော်သိသလောက်ကတော့ တပ်မတော်က ၂၅ ရာခိုင်နှုန်းက အပြည့်အဝရပြီးသားပါ။ ရွေးကောက်ခံထဲက ၂၆ ရာခိုင်နှုန်း အဲဒါဆိုရင် ၅၁ ရာခိုင်နှုန်းဖြစ်သွားပါပြီ။ ဒီလွှတ်တော်ထဲမှာ ၅၁ ရာခိုင်နှုန်းဖြစ်တဲ့အခါမှာ ဒါဟာ အစိုးရ ဖွဲ့ပိုင်ခွင့် ရှိပါတယ်။”
အငြိမ်းစားယူလိုက်တဲ့ထဲ ပါတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ ရန်ကုန်တိုင်း ကိုးကိုးကျွန်းကနေ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ နေပြည်တော် အသိုင်းအဝိုင်းကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ အခုလို ရွေးကောက်ပွဲဝင်ဖို့ ပြည်ခိုင်ဖြိုးပါတီထဲဝင်လာကြတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီအတွင်း အားပြိုင်မှုတွေ ပိုကြီးထွားလာမယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က အခုလို သုံးသပ်ပါတယ်။
“အားလုံးကိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လက်ခံတဲ့ အနေအထားတော့ မရှိပါဘူး။ သူတို့စစ်တပ်ကလွှတ်တာ ရာကျော်လောက်လွှတ်တယ်လို့ ကျနော်တို့ သိရပါတယ်။ အခုလက်ရှိထဲမှာ စာရင်းပေါက်တာကတော့ လူ ၅၀၊ ၆၀ လောက်ပဲ ရှိတဲ့အနေအထားမျိုး ရှိတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ကလည်း ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ အားပြိုင်မှုလည်း ရှိတယ်။ အဲတော့ အဓိကတော့ ဒီစစ်တပ်ကထောင်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို စစ်တပ်လိုလားတဲ့ ပါတီဖြစ်အောင်လို့ တည်ထောင်ချင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်ခင်ဗျ။ အဲတော့ အားလုံးလည်းသိတဲ့အတိုင်းပဲ ဗိုလ်ချုပ်ကြီးရွှေမန်းကိုလည်း စစ်တပ်ကို သစ္စာဖောက်တဲ့လူ ဆိုပြီးတော့မှ တရားဝင်ပဲ ပေါ်ပေါ်ထင်ထင် စွပ်စွဲထားတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ကျနော်သိသလောက်ကတော့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ညီလာခံလုပ်ပါလိမ့်မယ်။ ဒီညီလာခံမှာ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့အခြေအနေဟာ အဆုံးအဖြတ်ပေးကောင်းပေးလာမှာပါ ခင်ဗျာ။”
ပြည်ခိုင်ဖြိုးပါတီရဲ့ စုံညီ အရေးပေါ်စည်းဝေးပွဲ တရပ်ကို သြဂုတ် ၁၂ ရက် ဒီကနေ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်တဲ့ရက်ကို သြဂုတ်လ ၁၄ ရက်နေ့ထိ ရက်တိုးပေးထားပြီး ကိုယ်စားလှယ်အမည်စာရင်း ပြန်လည် ရုပ်သိမ်းချင်သူတွေကတော့ သြဂုတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ကြေညာချက်မှာ တွေ့ ရပါတယ်ခင်ဗျာ။