သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး နောက်ဆက်တွဲ အဆို စစ်တပ်က ပယ်ချ


လွှတ်တော် အစည်းအဝေး တက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်များ။
လွှတ်တော် အစည်းအဝေး တက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်များ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်းမဲခွဲမှုမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြင်ဆင်ချက် အားလုံးနီးပါးကို ပယ်ချခဲ့ တာကြောင့် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်မယ့် အနေအထား မရှိတော့ဘူးလို့ လွှတ်တော် အမတ်တွေက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့မှာလည်း အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ (ခ) ကို ဒုတိယနေ့ ဆွေးနွေး မဲခွဲတာမှာလည်း မဲအလုံအလောက် မရလို့ မပြင်နိုင် ဖြစ်ရပြန်ပါတယ်။ စစ်တပ် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဝန်လေးနေမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်း တည်ငြိမ်ရေးမှာပါ အခက်တွေ့စေနိုင်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ လွှတ်တော်အမတ်တွေကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ (ခ) ဖွဲ့စည်းပုံ ပြဌာန်းချက်တွေကို လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ နဲ့ ပြင်ဆင်ရမယ် ဆိုပြီး ပြဌာန်း ထားချက်ကို ၇၀ ရာခိုင်နှုန်းအောက် မလျော့သော အရေအတွက်လို့ ပြင်ဆင်နိုင်ရေး ကြာသပတေးနေ့ မှာ ဒုတိယ အကြိမ် ဆွေးနွေးပြီး လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်တာမှာတော့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် အမတ်တွေက ကန့်ကွက်ခဲ့ကြပြန်ပါတယ်။ နောက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက် ခန့်အပ်မယ့် အစား သက်ဆိုင်ရာ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ် ရွေးချယ်ဖို့ ဆိုတာကိုလည်း တပ်မတော် ကိုယ်စားလှယ်တွေက သဘောမတူခဲ့ဘူးလို့ လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။

" ၄၃၆ မှာ များ ရမလားဆိုပြီး ဒါကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေရော NLD ရော ပြည်ခိုင်ဖြိုး ရော ပြင်ဆင်ချက် ဇယားပေါ်မှာ ထောက်ခံပြီး ဆွေးနွေးပါတယ်။ ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ဒီ ၄၃၆ အပိုင်း(ခ)ကိုလည်းပဲ ဒီနေ့ထက်ထိ တချက်မှကို ပြင်ဆင်ဖို့ မပြောသေးပဲနဲ့ ကန့်ကွက်ဖို့ မူလ အတိုင်း ထားသင့်ပါတယ်ဆိုတဲ့ ပုံစံမျိုးပဲ ဆွေးနွေးသွားတော့ ဒါဟာ ၄၃၆ (က) အပိုင်းမှာလည်း သူတို့ အဲ့လိုပဲ ဆွေးနွေးတဲ့အတွက် မဲခွဲတဲ့အခါမှာလည်း သူတို့ရဲ့ ဆွေးနွေးချက်အတိုင်းပဲ ရပ်တည်ပါတယ်ခင်ဗျာ။"

ပြီးခဲ့တဲ့ သတင်းပတ်တုန်းကလည်း သမ္မတ အရည်အချင်း သတ်မှတ်ချက်အပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပြဌာန်းချက် တချို့ကို ပြင်ဆင်လိုရင် လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပတဲ့ အခါမှာလည်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံရမယ်လို့ ပြဌာန်းထားတဲ့ ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်နိုင်ရေး ဆွေးနွေးချက်ဟာလည်း တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က တင်သွင်းတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချက်ထဲက သမ္မတ အရည်အချင်း သတ်မှတ်ချက်၊ လွှတ်တော် ကိုယ်စားလှယ်များထဲကသာ ဒုတိယ သမ္မတရွေးကောက် တင်မြှောက်ခွင့်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် မဲအရေအတွက် သတ်မှတ်ချက် အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်တယ်လို့ လွှတ်တော် အမတ် ဦးလှဆွေ ကပြောပါတယ်။

" အော် ထုံးစံအတိုင်းပေါ့ တပ်မတော်က မပြင်ချင်ဘူးပေါ့။ ကျန်တဲ့သူတွေ က ပြင်ချင်တယ်။ ပါတီပေါင်းစုံကပြင်ချင်တယ်။ ဟုတ်၊ ဒီလိုပြောပါတယ်။ ဆိုလိုတာက တပ်မတော်က ကန့်ကွက်နေတယ်ဆိုတာ တပ်မတော်ဆိုတာက ကာကွယ်ရေးဦးစီးချုပ်ဆိုတာက သမ္မတ လက်အောက်ကဖြစ်တယ်။ အဲ့တော့ သမ္မတက မပြင်ချင်လို့ ဖြစ်မယ်။"

တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်ချက်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထားသာ ဖြစ်တယ်လို့ လွှတ်တော် အမတ် ဦးလှဆွေက ရှုမြင်ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ လွှွတ်တော် အမတ် ဦးဖေသန်းကတော့ တပ်မတော်အနေနဲ့ လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရေး တုန့်နှေးနေမယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုတွေမှာပါ သက်ရောက်မှု ရှိသွားနိုင်တယ်လို့ ပြောဆိုပါတယ်။

"သူတို့ဘက်ကလည်း တသက်လုံး သူတို့ ဒီလိုချုပ်ကိုင်ထားလို့ရမလား။ သူတို့ဘက်ကလည်း ဖိအားတွေ တွန်းအားတွေ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဥပမာ ကျနော်တို့ လက်နက်ကိုင်အဖွဲ့တွေ ဒီလိုပုံစံမျိုးနဲ့သာဆိုရင် လက်နက်စွန့်ဖို့ ညှိနှိုင်းဖို့ ဆိုတာ တော့်တော့်ကို ခက်သွားပါလိမ့်မယ်။ အဲ့တာဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး လည်း ဝေးသွားပါလိမ့်မယ်။

ထို့အတူ အရပ်ဖက်လှုပ်ရှားမှု ကျောင်းသားလှုပ်ရှားမှု ဒီမိုကရေစီလှုပ်ရှားမှုဆိုတဲ့ လိုင်းသဘောတွေလည်း ပေါ်လာနိုင်ပါတယ်။"

အရင် စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောတူညီချက် မရဘဲ ပြဌာန်းချက်တွေကို ပြင်ဆင်လို့ မရတဲ့ အနေအထားမှာ ရှိနေတာပါ။ အခြေခံ ဥပဒေကို လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရင် စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လွှွတ်တော်ထဲ ဝင်ရောက်ခဲ့ကြသူတွေ ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ လက်ရှိ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒအရ လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်မယ့် အလားအလာ မရှိတော့ဘူးလို့လည်း ပြောဆိုကြပါတယ်။

XS
SM
MD
LG