သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကာကွယ်ရေးဦးစီးချုပ် တရုတ်သမ္မတနဲ့တွေ့ဆုံ


မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်စဉ်။ (ဓာတ်ပုံ - http://www.mod.gov.mm/news)
မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်စဉ်။ (ဓာတ်ပုံ - http://www.mod.gov.mm/news)
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဟာ တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့ ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းအဖြစ် ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်တဲ့ သမ္မတ ရှီကျင့်ဖျင် က ပြောဆို မှတ်ချက်ပြုခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhua သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ပြည်သူတွေရဲ့ အခြေခံ အကျိုးစီးပွားအတွက်တင်မဟုတ်ဘဲ၊ ရှုတ်ထွေးလာတဲ့ ကမ္ဘာ့အခြေအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးအတွက်ပါ အကျိုးဖြစ်ဖို့ နှစ်နိုင်ငံအကြား ခြုံငုံပြည့်စုံတဲ့ မဟာဗျူဟာ လက်တွဲဖက် ဆက်ဆံရေး ထားရှိသွားရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောဆိုတဲ့အကြောင်းလည်း Xinhua သတင်းမှာ ရေးသားဖော်ပြပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ်ဒေသ တည်ငြိမ်ရေးကို အလျှင်အမြန် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပြီး၊ ဒီအတွက် တရုတ်အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင် အကူအညီ ပေးလိုတယ်လို့လည်း တရုတ်သမ္မတက ပြောဆိုတဲ့အကြောင်း Xinhua သတင်းမှာ ဖော်ပြပါတယ်။

နှစ်ဘက် စစ်ရေးဆက်ဆံမှု တိုးမြှင့်ရေးကိစ္စကိုလည်း မှတ်ချက်ပြု ပြောခဲ့ပါတယ်။ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခု သီတင်းပတ် အစပိုင်းကတည်းက တရုတ်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်ဗဟိုစစ်ကော်မရှင်နဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်အတွင်းကလည်း တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ဖူးပြီး၊ အဲဒီအချိန်ကတည်းက သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ သူဟာ ဒုသမ္မတတာဝန်ယူထားပြီး၊ သမ္မတဖြစ်လာဖို့ အားလုံးက ထင်ကြေးပေးခံခဲ့ရသူပါ။

မြန်မာကာကွယ်ရေးဦးစီးချုပ်ဟာ ဘေဂျင်းမြို့တော်အပြင် တရုတ်နိုင်ငံ အခြားမြို့တွေကိုလည်း သွားရောက် လည်ပတ်ဖို့ ရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီ့မတိုင်ခင် စက်တင်ဘာလအတွင်းကလည်း ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်နဲ့ တွေ့ခဲ့ပါတယ်။ စက်တင်ဘာလ အကုန်ပိုင်းမှာ မလေးရှားနိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။
XS
SM
MD
LG