သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားငြိမ်းချမ်းရေးဆုပေးပွဲ မင်းကိုနိုင်တက်ရောက်


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ ဟာ နော်ဝေးနိုင်ငံ ထရွန်ဟိုင်း (Trondheim) မြိ့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျောင်းသားများ ငြိမ်းချမ်းရေးဆုပေးပွဲကို တက်ရောက်နေကြပါတယ်။ ဒီဆုဟာ ကမ္ဘာ့တလွှား အာဏာရှင်နိုင်ငံတွေ လက်အောက်မှာ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ ဘဝက လွှတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး တို့ကို ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားတွေကို ရွေးချယ်ပေးတဲ့ ဆုလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

၂ နှစ်မှာတခါ ကျင်းပတဲ့ ဒီ နိုင်ငံတကာ ကျောင်းသားများအဖွဲ့ ငြိမ်းချမ်းရေး ဆုပေးပွဲကို မြန်မာနိုင်ငံက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်က လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းရေးတို့ အတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ရင်း ဖမ်းဆီး ထောင်ချခံခဲ့ရတဲ့ မြန်မာနိုင်ငံက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတကာ ကျောင်းသား များ ငြိမ်းချမ်းရေးအဖွဲ့က ၂၀၀၁ ခုနှစ်မှာ ဒီဆုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

သူ့ကို ဆုပေးအပ်ခံရတဲ့နှစ်မှာ ကိုယ်တိုင် ဆုတက်မယူနိုင်ခဲ့ဘဲ အကျဉ်းကျခံနေရတဲ့အတွက် အခုမှ လူကိုယ်တိုင် ဆုလက်ခံရယူနိုင်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

“ကျနော်ဟာ ၂၀၀၁ ခုနှစ်ပေါ့၊ ကျနော် ထောင်ထဲမှာ ၁၃ နှစ်လောက် ကြာတဲ့အချိန်မှာ ရတဲ့ဆုကို ကျနော် လက်ခံ ယူပါတယ်။ တချိန်တုန်းကတော့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်မှာပေါ့၊ အခုတော့ လက်တွေ့ အကောင်အထည် ပေါ်လာပြီ။ ကျနော်တို့ရဲ့ စိတ်ကူး၊ ကျနော်တို့ရဲ့ အိပ်မက်တွေဟာ တကယ် ဖြစ်ခဲ့တယ်ဆိုတာကို ကျနော်တို့ သက်သေ ပြနိုင်တယ်။ အကျဉ်းထောင်ထဲမှာ နှစ်တွေ အကြာကြီး ဖြစ်နေတဲ့အချိန်၊ လှဲပြိုလုလုနီးနီး ဖြစ်နေတဲ့အချိန်မှာ ဒီ ကျောင်းသား ငြိမ်းချမ်းရေးဆုဟာ ကျနော်တို့အတွက် အကောင်းဆုံး ကူနိုင်ခဲ့တဲ့၊ ဖေးမနိုင်ခဲ့တဲ့ လက်ဖြစ်နေတယ်။ အဲဒါကို ကျနော် ပြောနိုင်တယ်။ ပြီေးတာ့ ဒီစိတ်တွေ၊ ဒီလို အပြန်အလှန် သွေးစည်း ညီညွှတ်တဲ့ စိတ်တွေနဲ့သွားမယ်ဆိုရင် ကျနော်တို့ရဲ့ လှုပ်ရှားမှုဟာ ကျနော်တို့ သံပြိုင်ဆိုရမယ့် တေးဖြစ်လိမ့်မယ်။ ကျနော်တို့ ပန်းတိုင်ကို အတူတူ ချီတက်ကြတဲ့အခါမှာ ဒီ ကျောင်းသား ငြိမ်းချမ်ရေးဆု၊ ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုဆိုတဲ့ သီချင်းကို သံပြိုင်ဆိုပြီးတော့ ချီတက်သွားကြမယ်လို့ ကျနော် ပြောခဲ့တယ်။”

သောကြာနေ့ညမှာ ကျင်းပတဲ့ ဆုရွေးချယ်ပွဲမှာပဲ သူ့ကို ၂၀၀၁ ခုနှစ်က ချီးမြင့်ခဲ့တဲ့ ဒီဆုကို ကိုမင်းကိုနိုင်က လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုပေးဖို့ ရွေးချယ်ခံရတဲ့ အီရန်နိုင်ငံက ကျောင်းသားခေါင်းဆောင် မာဂျစ် စာဗာကိုလီ ဟာလည်း အရင် ကိုမင်းကိုနိုင် ဆုပေးအပ်ခံရတုန်းက အခြေအနေလိုပဲ လက်ရှိမှာ အီရန်နိုင်ငံမှာ အကျဉ်းကျ ခံနေရတာကြောင့် သူ့ကိုယ်စား အခမ်းအနားမှာ စကား ပြောပေးခဲ့တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒီဆုကိုတော့ အာဏာရှင်နိုင်ငံတွေ လက်အောက်မှာ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ဘဝက လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးတို့ကို ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားတွေ ကို ရွေးချယ်ပေးတဲ့ ဆုလည်း ဖြစ်ပါတယ်။

“အဓိကကတော့ ကျောင်းသားကို အများစု ပေးပါတယ်။ အဲဒီကျောင်းသားတွေစာ လက်ရှိ အာဏာရှင်စနစ် အောက်တွေမှာ ရုန်းကန် လှုပ်ရှား တိုက်ပွဲဝင်နေရတဲ့ သူတွေကို ပေးအပ် ချီးမြင့်တာ များပါတယ်။ ညက ပွဲမှာတော့ နိုင်ငံပေါင်း ၁၁၆ နိုင်ငံက ကျောင်းသား ကိုယ်စားလှယ်တွေ တက်လာကြတာပါ။ အဲဒီပွဲ မတိုင်ခင်မှာလည်း ကျနော်တို့ မီးတုတ်တွေနဲ့ မြို့တမြို့လုံးကို လှည့်ပြီးတော့ ညဘက်မှာ ကျောင်းသား ငြိမ်းချမ်းရေး မီးတုတ်ကိုင်ပြီး ချီတက်ပွဲ ကျင်းပါတယ်။ မီးတုတ်ဟာ ငြိမ်းချမ်းရေကို ကိုယ်စားပြုပါတယ် ခင်ဗျ။”

သူတို့အနေနဲ့ အခုလို နိုင်ငံတကာက ကျောင်းသားတွေ လွှတ်လပ်စွာ လှုပ်ရှားနိုင်ကြတဲ့ အခြေအနေတွေကို တွေ့မြင်ရတာကြောင့် ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာ ပြန်လည် မျှဝေနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ဒီခရီးစဉ်မှာ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါလာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။

“ဒီဖက်နိုင်ငံတွေရဲ့ သူတို့ လူမှုနေထိုင်ရေး ဘဝတွေနဲ့ သူတို့ Activities (လှုပ်ရှားမှု) တွေဟာ ဆိုလို့ရှိရင် တော်တော်လေးကို လုပ်ပိုင်ခွင့် ရှိနေတဲ့ အနေအထားမှာ တွေ့ရတဲ့ အပြင်ကို ကျောင်းသား အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကလည်း တော်တော် ခရီးရောက်နေပြီး အားရစရာ ရှိတယ်။ လွှတ်လပ်မှုတွေ အပြည့်အ၀ ရှိနေတာကို တွေ့ရတယ်။ အဲဒီအပြင်ကို ဒီနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေကနေပြီးတော့ နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းပြီးတော့ နည်းလမ်းတွေ ရှာကြံကြတာ၊ ပူးပေါင်း ဆောင်ရွက်ကြတာ၊ နောက်ပြီးတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျောင်းသားတွေကို ဖိတ်ခေါ်ပြီးတော့ သူတို့ရဲ့ အင်မတန် ကြီးမား ကျယ်ပြန့်တဲ့ ကွန်ယက်ကြီးတခု ဖော်ဆောင်ပြီးတဲ့အခါမှာ ရေရှည်မှာ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် နည်းလမ်းတွေ ရှာနေကြတယ်။ အဲဒီတော့ ကျနော်တို့ ဒီရောက်လာတဲ့အခါကျတော့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ ကျနော်တို့ မျှဝေနိုင်မယ်။ အဲဒီ အတွေ့အကြုံထဲကနေ ကောင်းတဲ့ လုပ်ဆောင်မှုတွေ ကျနော်တို့ ဆောင်ရွက်နိုင်အောင် နည်းလမ်းတွေ ရှာဖွေနိုင်တယ်။ အဝန်း အဝိုင်းအရကတော့ ကြိုးပမ်း ဆောင်ရွက်မှုတွေအရ၊ နောက်ပြီးတော့ သူတို့ ဓန ပိုင်ဆိုင်မှုတွေရော၊ ဖွံ့ဖြိုးတိုးတက်မှုတွေကတော့ ကွာခြားမှုရှိတယ် ဆိုပေမယ့် ကျနော်တို့ရဲ့ ရေရှည် ပူးပေါင်း ဆောင်ရွက်မယ့် စိတ်ဓာတ်တွေ ကတော့ အတူတူပဲဆိုတာ ဒီမှာ သွားတွေ့ရတယ်။”


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ စနေနေ့ညမှာ ထရွန်ဟိုင်းမြို့မှာ ရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီး တနင်္ဂနွေနေ့မှာ အော်စလိုမြို့ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့ အပြင် မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး အဲဒီကနေမှ ဒိန်းမတ်နိုင်ငံကို ဆက်သွားကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ခရီးစဉ်အတွင်း ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတွေ က နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
XS
SM
MD
LG