သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် နိုင်ငံသားတွေအင်အား နိုင်ငံ့ပြုပြင်ရေးမှာ အရေးပါ


၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်။ (ဝဲ ဒုတိယ)
၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်။ (ဝဲ ဒုတိယ)
၈၈ မျိုးဆက် ခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ အမျိုးသမီးစွမ်းရည်မြှင့်ရေး ဆောင်ရွက်နေသူ မခင်လေး၊ New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာတို့ဟာ ထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ မြန်မာဒီမိုကရက်တစ်အင်အားစုအဖွဲ့က ကိုစိုးအောင်နဲ့အတူ အာရှဒီမိုကရေစီကွန်ယက်နဲ့ Soul Democracy Fourm စတာတွေကို တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဖူချွန်းမြို့မှာ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ ၃ နာရီကြာ တွေ့ဆုံခဲ့ရာမှာ ကိုမင်းကိုနိုင်က ပြည်ပမှာရောက်နေတဲ့ မြန်မာအင်အားစုတွေအပေါ် နားလည် တန်ဖိုးထားကြဖို့အရေး ပြောကြားခဲ့ပါတယ်။

“ပြည်ပမှာရောက်နေတဲ့ အင်အားစုတွေအပေါ်မှာ သူတို့ရဲ့တန်ဖိုးကို ကျနော်တို့ မမေ့လျော့ကြဖို့ပဲဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့အခန်းကဏ္ဍပြီးသွားပြီဆိုပြီးတော့ ကျနော်တို့ ဘယ်လိုမှ ပြောလို့မရဘူး။ ဒါပေမဲ့ ပြည်တွင်းမှာ အပြောင်းအလဲက တာစူတဲ့လက္ခဏာမျိုးပြထားတယ်အခါကျတော့ ပြည်ပရောက်တွေရဲ့ အရေးပါမှု အခန်းကဏ္ဍကို ကျနော်တို့က ထည့်မစဉ်းစားကြဘူးဆိုလို့ရှိရင် ပြည့်စုံမှာမဟုတ်ဘူး။ သူတို့မှာ လုပ်နိုင်စွမ်းတွေ ရှိသေးတယ်။ နောက်တစ်ခုက သူတို့တန်ဖိုးနဲ့သူတို့ရှိတယ်။ ကျနော်တို့က ဟန်ချက်ညီဖို့ပါပဲ။”

အခုလတ်တလော ပြည်တွင်းမှာ ကျယ်ကျယ်လောင်လောင်ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အသစ် ပြန်လည်ရေးဆွဲရေး စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း မေးမြန်းမှုတွေရှိခဲ့ရာမှာ သူဘယ်လို ရှင်းပြခဲ့တာပါလဲ။

“ပြင်မလား၊ အသစ်ဆွဲမလားဆိုတဲ့ ကိစ္စမျိုး အဲဒါမျိုးကျတော့ ကျနော်တို့က လိုချင်တဲ့ အနှစ်သာရကိုပဲ ကျနော်တို့ ပြောတယ်။ ဖိနှိပ်တာတွေရှိမယ်၊ အခွင့်ထူးခံတာတွေ ရှိမယ်။ အဲဒါတွေ ပယ်ဖျက်ပေးနိုင်မယ်ဆိုရင် ပြင်ပြင်- အသစ်ဆွဲဆွဲ ရတယ်။ တူဖို့ပဲလိုတယ်။ တူဖို့ဆိုတာက အဓိကအင်အားစုကြီးတွေ ဦးဆောင်နေတဲ့ Decision Maker ဆိုတဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေကသာ တူလိုက်၊ အထဲက အနှစ်သာရတွေ ပြောင်းတယ်ဆိုလို့ရှိရင် ကျနော်တို့အားလုံး ညီညီညာညာလိုက်လို့ရတယ်။ အဲဒါ ကွဲပြားနေလို့မရဘူးဆိုတာ ကျနော်တို့အားလုံး သဘောတူကြပါတယ်။”

ပြည်ပနိုင်ငံတွေမှာ ရောက်နေကြသူတွေဟ မြန်မာပြည်ရဲ့ အနာဂတ်ကို ကောင်းမွန်အောင် ဆောင်ကျဉ်းလိုတဲ့ စိတ်ဓာတ်ကောင်းတွေရှိနေသူတွေ ဖြစ်ကြသလို ဒါတွေကို စုစည်းပြီး ဟန်ချက် ညီညီ လုပ်ကိုင်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမြန်ဆုံးတိုးတက်သာယာ ဖွံ့ဖြိုးလာမှာဖြစ်တယ်လို့လည်း ကိုမင်းကိုနိုင်က ဗွီအိုအေကိုပြောပြခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်က အခုလိုပြောပါတယ်။

“ဒီအလုပ်တွေအားလုံးဟာ အစိုးရတစ်ခုတည်းကလည်း လုပ်လို့မရဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေကပဲလည်း လုပ်လို့မရဘူး။ လွှတ်တော်ချည်းကလည်းပဲ မတတ်နိုင်ဘူး။ ဒီမိုကရေစီအဖွဲ့အစည်း ခေါင်းဆောင်တွေချည့်ပဲလည်း မရဘူး။ ဘာလဲဆိုတော့ အကုန်လုံးကသာ တကယ် ငြိမ်းချမ်းရေးလိုချင်ကြမယ်၊ တကယ်ပြည်တွင်းစစ်ရပ်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ နံပါတ် တစ် - လုံးဝ ယုံကြည်ရမယ်၊ ယုံကြည်ချင်ယောင် ဆောင်တာမဟုတ်ဘူး၊ အခြေအနေအရ အသံကောင်း ဟစ်ရတာမျိုး မဟုတ်ဘူး။ ဟုတ်ပြီ၊ ယုံကြည်တဲ့နောက်မှာ အလုပ် အကောင်အထည်ဖော်တဲ့နေရာမှာ ဘာလဲဆိုတော့ ဒီ အဖွဲ့အစည်းတိုင်းဟာ အစိုးရလည်း အစိုးရအလျှောက်၊ လွှတ်တော်လည်း လွှတ်တော် အလျှောက်၊ တိုင်းရင်းသားအဖွဲ့တွေကလည်း တိုင်းရင်းသား အဖွဲ့တွေအလျှောက် ဘာလဲဆိုတော့ အဲဒီအလုပ်ကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်လိုတယ်။ အဲဒါဟာ တဘက်သတ် တစု တဖွဲ့တည်းက ရေးဆွဲပြီးတော့-
‘ဟေ့- ဒီတိုင်းလုပ်ရမယ်၊ လိုက်ချင်လိုက်၊ မလိုက်ချင်နေ၊ ဒီအတိုင်းသွားမယ်’-ဆိုလို့ကတော့ မရဘူး။
ဦးမင်းကိုနိုင်။
ဦးမင်းကိုနိုင်။

"ကျနော်တို့မှာ သိပ်ခါးသည်းတဲ့၊ သိပ်ဆိုးရွားနစ်နာတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးပြီ။ အဲဒါမျိုး မဖြစ်အောင်လို့ အားလုံးသဘောတူတဲ့ လုပ်ငန်းစဉ်တခုကိုတော့ ကျနော်တို့ ချရလိမ့်မယ်။ အဲဒါဟာ တစုတဖွဲ့တည်းသဘောနဲ့ မရပါ။ အများစုကြေညက်အောင် လုပ်နိုင်ရမယ်။ အဲဒီအထဲမှာမှ အားလုံးသဘောတူပြီးတော့ -

"ကဲ- ဒီလုပ်ငန်းစဉ်အတိုင်း သွားမယ်ဆိုရင်တော့ ကျန်တဲ့ တောင်းဆိုတာတွေ၊ လိုက်လျောတာတွေက ဒုတိယ အဲဒီအထဲမှာ ဝင်ပါလို့ရမယ်၊ ဒါကိုလည်း ကျနော်တို့ ဆွေးနွေးကြတဲ့အခါမှာ နောက်ဆုံး သဘောတူကြပါတယ်။ ကျနော် အားရပါတယ်။ ဒီက ပြည်ပရောက်နေတဲ့အဖွဲ့တွေနဲ့ ကျနော်တို့ တကယ့်တကယ် ဆွေးနွေးတဲ့အခါမှာ အမြင်တွေ မကွာဘဲနဲ့ စိတ်အားထက်သန်မှုတွေ တူနေတယ်ဆိုတာ အင်မတန် အားရဖို့ ကောင်းပါတယ်။”

ဒီကနေ့ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေနဲ့ တောင်ကိုရီးယာ နိုင်ငံရောက် မြန်မာမိသားစုတွေ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားမှာ မြန်မာ့အရေးလှုပ်ရှားသူ ကိုရန်နိုင်ထွန်းကတော့-

“အားရကျေနပ်ကြတာပေါ့ဗျာ။ ကျောင်းသားခေါင်းဆောင်တွေလည်း ပါလာသလို အမျိုးသမီး အသိုင်းအဝိုင်းကလည်း အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ ဒေါ်ခင်လေးကလည်းပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၂၀၁၅ အတွက် ဗဟုသုတလိုချင်တဲ့ ပုဂ္ဂိုလ်တွေအတွက်ကလည်း ဒေါ်မြနန္ဒာကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခြေအနေတွေ၊ အဖွဲ့အစည်းအသီးသီးက သုံးသပ်ချက်တွေကိုလည်းတင်ပြသွားတယ်ပေါ့။ အဲဒီတော့ အဖက်ဖက်ကနေပြီးတော့ ဗဟုသုတလည်းရတယ်၊ မှတ်သားစရာလည်းရတယ်ပေါ့။ အားလုံးကတော့ ဝမ်းသာကြည်နူးမိပါတယ်ပေါ့ဗျာ။”

၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဒေါ်ခင်လေး၊ ဒေါ်မြနန္ဒာနဲ့ ကိုစိုးအောင်တို့ဟာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ဆိုလ်းမြို့မှာကျင်းပမယ့် အာရှဒီမိုကရေစီကွန်ယက်နဲ့ ဆိုလ်းဒီမိုကရေညီလာခံမှာ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။
XS
SM
MD
LG