သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကိုနိုင် ပြင်သစ် National Order of Merit ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ


ပြင်သစ်နိုင်ငံက ပေးအပ်တဲ့ အမြင့်ဆုံး ဆုတံဆိပ်တခုဖြစ်တဲ့ National Order of Merit စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမင်းကိုနိုင်ကို ချီးမြှင့် အပ်နှင်းလိုက်ပါတယ်။

၂၀၁၅ ခုနှစ်အတွက် National Order of Merit စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကိုတော့ ပြင်သစ်သမ္မတ Francois Hollande ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Thierry Mathou က ရန်ကုန်မြို့မှာရှိတဲ့ ပြင်သစ်သံရုံးမှာ ဇွန်လ ၃၀ ရက်နေ့ ချီးမြှင့် အပ်နှင်းလိုက်တာပါ။

ကိုမင်းကိုနိုင်ကို ဒီဆုတံဆိပ် ချီးမြှင့်ရတာကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှု၊ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ တော်လှန်သော အနုပညာရှင် စိတ်ဓာတ်တွေကြောင့် ဖြစ်တယ်လို့ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ပြင်သစ်သံအမတ်ကြီးက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး သူ့ကို အမေရိကန်နိုင်ငံက နိုင်ငံသားအခွင့်အရေး ဦးဆောင်လှုပ်ရှားသူ Martin Luther King, Jr. နဲ့ နှိုင်းယှဉ် ဂုဏ်ပြုသွားပါတယ်။

ကိုမင်းကိုနိုင်ရဲ့ ဆန္ဒအရ ဒီဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ ပြင်သစ်သံရုံးမှာပဲ အကျဉ်းရုံးပြီး အသိမိတ်ဆွေ တချို့ကိုသာ ဖိတ်ကြားပြီး ကျင်းပခဲ့တာလို့ ဆိုပါတယ်။

National Order of Merit စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုဟာ ပြင်သစ်နိုင်ငံသားတွေအတွက် ပေးတဲ့ Legion of Honour လို့ခေါ်တဲ့ ဂုဏ်ထူးဆောင် ဆုတံဆိပ်နဲ့ အလားသဏ္ဍာန်တူတဲ့ ပြင်သစ်နိုင်ငံသား မဟုတ်သူတွေကို ပေးအပ်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုတံဆိပ်လည်း ဖြစ်ပါတယ်။ ဒီဆုတံဆိပ်ကိုတော့ ပြင်သစ် သမ္မတဟောင်း Charles de Gaulle က ၁၉၆၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

XS
SM
MD
LG