သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာဈေး မီးလောင်


ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိတဲ့ မင်္ဂလာဈေးကြီးမှာ မီးအကြီးအကျယ် လောင်နေပါတယ်။ ဗွီအိုအေရဲ့ စနေမနက်ခင်း အသံလွှင့်ချိန် မတိုင်ခင် မီးလောင်ကျွမ်းနေတဲ့ နောက်ဆုံး အခြေအနေကို ဆက်သွယ်မေးမြန်းတဲ့ အခါ တာမွေမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

"ဟုတ်ကဲ့။ နောက်ဆုံး အခြေအနေကတော့ အခုထက်ထိ မငြိမ်းသေးပါဘူးခင်ဗျာ။ ဆုံးရှုံးမှု တန်ဖိုးက ကျနော်တို့ မသိရသေးပါဘူးခင်ဗျ။ ကျနော်တို့ မီးငြိမ်းတော့မှ တန်ဖိုးတွက်ချက်မှ ရမှာပါ။"

နန္ဒာချမ်း။ ။ ဟုတ်ကဲ့။ လူထိခိုက်တာတွေရှိလား ဆရာ။

တာမွေမီးသတ်ဦးစီးဌာန တာဝန်ရှိသူ ။ ။ "လူထိခိုက်တာ မရှိဘူးခင်ဗျ။

နန္ဒာချမ်း။ ။ မီးသတ်က အားလုံး ဘယ်နှစ်စင်းလောက် သွားလဲ။ ဘယ်မြို့နယ်တွေက သွားလဲ။

တာမွေမီးသတ်ဦးစီးဌာန တာဝန်ရှိသူ။ ။ မြို့နယ်ကတော့ မြို့နယ် အသီးသီးက ထွက်ပါတယ်။ ပဲခူးက အထိ ထွက်ပါတယ်ခင်ဗျ။

နန္ဒာချမ်း။ ဟုတ်ကဲ့ မီးက ဘယ်အချိန်က စလောင်တာလဲဆရာ။ ဘယ်ကစလောင်တာလဲ။

တာမွေမီးသတ်ဦးစီးဌာန တာဝန်ရှိသူ။ ။ မီးလောင်ချိန်က ၂နာရီလောက်က စလောင်တာပါခင်ဗျ။

နန္ဒာချမ်း။ ။ အခုအချိန်မှာ မနက် ငါးနာရီခွဲနေပြီ နော် အခုအချိန်အထိ လုံးဝ မငြိမ်းသေးဘူး။

တာမွေမီးသတ်ဦးစီးဌာန တာဝန်ရှိသူ။ ။ ဟုတ်ကဲ့။ ငြိမ်းတော့ စငြိမ်းနေပါပြီ။ မနက်ပိုင်းလောက်ဆိုရင်တော့ ငြိမ်းလောက်ပါပြီ။

မနက် ၂နာရီလောက်အထိ လောင်နေတဲ့ မီးဟာ အခုထက်ထိလည်း လောင်နေတဲ့ တာမွေမီးသတ်ဦးစီးဌာနက ဗွီအိုအေ မြန်မာပိုင်းကို ပြောသွားခဲ့တာပါ။

ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့ မနက်အစောပိုင်းကစလို့ မီး စတင်လောင်ကျွမ်းခဲ့ပြီး၊ ဗွီအိုအေ-မြန်မာပိုင်းက ဆက်သွယ်မေးမြန်းချိန်အထိ မီးက လောင်ကျွမ်းနေဆဲဖြစ် ပါတယ်။ ဈေးရဲ့ အထပ် ၅ လွှာနဲ့ ၄ လွှာမှာ လောင်ကျွမ်းပြီးသွားပြီဖြစ်ပြီး အခုထက်ထိ ၃ လွှာထပ်ထိ ကူးစက်လာတဲ့မီးကို မီးသတ်တွေက ကြိုးစား ငြိမ်းသတ်နေကြတယ်လို့ မနန္ဒာချမ်းက မင်္ဂလာဈေးအနီး နေထိုင်သူ ပန်းချီဆရာ ဦးကျော်လင်း ကို အစောပိုင်းအခြေအနေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းချိန်မှာ အခုလို စတင် ဖြေကြားခဲ့ပါတယ်။

" နည်းနည်းတော့ များပါတယ် အမ။ မီးကလေ။ နည်းနည်းလေး များတယ်။ ငြိမ်းနေတာတော့ မငြိမ်းသေးဘူး။ လောင်နေတုန်း ရှိသေးတယ်။ အခုက သုံးလွှာကို လောင်နေတာ။ နှစ်လွှာတို့ ဘာတို့ကတော့ ရေတအားဖြန်းထားတယ်။ မီးဆက်မကူးအောင် အောက်ကိုတော့ ရေတွေဖြန်းနေတာပေါ့။ ကျန်တဲ့အောက်ထပ်တွေကို မီးမကူးအောင် ရေဖြန်းထားတယ်။ "

နန္ဒာချမ်း။ ။ ဘယ်အချိန်လောက်ဆို ဒီမီးက ငြိမ်းနိုင်တဲ့ အနေအထား ရှိမလဲဆရာ။

ဦးကျော်လင်း။ ။ မပြောတတ်သေးဘူး။ လောင်နေတုန်းပဲ။ ဈေးကလည်း ကြီးတော့ လောင်စာလည်း များတယ် ထင်ပါတယ်။

နန္ဒာချမ်း။ ။ အခုက လေးထပ်၊ ငါးထပ်က လောင်ပြီးသွားပြီဆိုတော့ အဲ့ဒီ့အထပ်တွေက ဘယ်လိုပစ္စည်းမျိုးတွေ ရောင်းတာလဲ။

ဦးကျော်လင်း။ ။ ဆေးဝါးတွေ အိမ်သုံးဆေးဝါးတွေ ရောင်းတယ်။

နန္ဒာချမ်း။ မီးက ဘယ်လိုကနေ ဘယ်လိုစလောင်တာလဲ။

ဦးကျော်လင်း။ ။ အဲ့တာတော့ မသိရသေးဘူး။ သူတို့တွေလည်း မသိရသေးဘူးခင်ဗျ။ သိတော့ သိကြဦးမယ် မထင်ဘူး။ ဘယ်ကစလို့ စဖြစ်တယ်ဆိုတာတော့ မသိကြသေးဘူး။

နန္ဒာချမ်း။ ။ တန်ဖိုးအားဖြင့်ဆိုရင် ဘယ်လောက်လောက်အထိ ဆုံးရှုံးနိုင်မလဲ။ တွက်ဖို့တော့ ခက်လိုက်မယ်နော်။

ဦးကျော်လင်း။ ။ အဲ့တာတော့ သေချာတော့ တွက်တော့ မတွက်တတ်ဘူး။ များတော့များမှာပေါ့။ အပေါ်ထပ်ကတော့ စားသောက်ဆိုင်၊ လေးလွှာကတော့ ဘာအခန်းတွေလည်း မသိဘူး။ အခုက သုံးလွှာ ဆိုတော့ အခုက နှစ်ထပ် သုံးထပ်လောက် ရှိပြီပေါ့ အမရယ် လောင်နေတာက။ တန်ဖိုးကတော့ ရှိမှာပေါ့နော်။ ဒီကတော့ ဈေးအကြီးဆိုတော့။ တန်ဖိုးကတော့ မခန့်မှန်းတတ်ဘူးရယ်ပေါ့ ကျနော်တို့ကတော့။

နန္ဒာချမ်း။ ။ ဆရာ စကြည့်နေကတည်းကဆိုတော့ မီးသတ်ကားတွေ သွားတာ ကြက်ခြေနီကားတွေ သွားတာတို့ ဆရာမြင်ရသလောက်ပေါ့ ခန့်မှန်းခြေ ဘယ်လောက်လောက် ရှိနိုင်မလဲဆရာ။ တော်တော်များလား။

ဦးကျော်လင်း။ ။ များတယ်။ တော်တော်လေးကို များတယ်။ ကားတွေကတော့ အများကြီးပဲ တော်တော်ကို သွားတယ်။ လေးငါးဆယ်စီးတင် မကဘူး။ ဈေးအကြီးလောင်တာ ဆိုတော့ ရှိမှာပေါ့။ ဆယ်ဂဏန်းတောင် မက ဘူးထင်တယ်။

နန္ဒာချမ်း။ ။ ဟုတ်ကဲ့ အခုလိုမျိုး မီးတွေ ဘာတွေ လောင်ပြီ။ အခုက ဈေးဖြစ်နေတော့ အလစ်သုတ်တာမျိုးတွေရော ရှိနိုင်လား။

ဦးကျော်လင်း။ ။ အဲ့တာတော့ မတွေ့ရဘူးခင်ဗျ။ ရပ်ကွက်တွေကလည်း ကျနော်တို့ လမ်းထဲဝင်တာတောင် လမ်းတွေက သေချာပိတ်ထားတယ်။ ကိုယ့်လမ်းထဲကို မဝင်အောင် ကိုယ့်ရပ်ကွက်ကို ဂရုစိုက်တဲ့အနေနဲ့ အဲ့လို လုပ်ထားတာ တွေ့တယ်။ လမ်းထိပ်ကနေ တားထားပြီး ပစ္စည်း သယ်တာပြုတာ မဖြစ်အောင် အဲ့လို လုပ်ထားတာတွေ့တယ်။ ကိုယ့်လမ်းတွေ ကိုယ့်လမ်းတွေနဲ့ အဝင်အထွက်ကို နည်းနည်းတော့ ကြည့်နေတာပေါ့။ တအားကြီး ပေးမဝင်ဘူးပေါ့။

နန္ဒာချမ်း။ ။ ဆိုတော့ မင်္ဂလာတောင်ညွှန့်က ဈေးတဝိုက်မှာပေါ့ အိမ်တွေနဲ့ ကပ်နေတာမျိုး တွေရှိလား။

ဦးကျော်လင်း။ ။ ဈေးနဲ့တော့ ကပ်နေပါတယ်။ ဒါပေမဲ့ ဒီဘက်ကိုတော့ ကူးလာမယ်တော့ မထင်ပါဘူးဗျ။ သူတို့ကိုမေးကြည့်တော့ မကူးလောက်ဘူးတော့ ပြောပါတယ်။ ကျနော် အခုတွေ့တာတော့ ဈေးမှာပဲ လောင်နေတာခင်ဗျ။ အောက်ကို ဆင်းလာတာတော့ မတွေ့ဘူး။

မနန္ဒာချမ်းက မင်္ဂလာဈေးအနီး နေထိုင်သူ ပန်းချီဆရာ ဦးကျော်လင်း ကို အစောပိုင်းအခြေအနေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

အသံဖိုင်မှာလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG